ရဲရင့်စွာရပ်တည်လိုက်ပါ - ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိနမူနာ
ယနေ့၏ လှုံးဆော်ဓမ္မစာကို မဖတ်မီ (ဒံ၊ ၁၀) ကို ဖတ်ပါ။
ဒံယေလအနာဂတ္တိကျမ်း၏ ကျန်အခန်းကြီများတွင်၊ ပရောဖက်ပြုချက်အိပ်မက်အချို့အကြောင်းနှင့် ၎င်းအိပ်မက်များ၏ အနက်ဖော်ပြခြင်းကို ကျွန်တော်တို့တွေ့ရသည်။ ဤအိပ်မက်များသည် ဒံယေလခေတ်ရှိ အဓမ္မမှုများအကြောင်းကို ဖော်ပြခဲ့ပါသည်။ သို့ရာတွင်၊ အိပ်မက်တချို့သည် ယခုရှိသောအရာတို့နှင့် နောင်ဖြစ်လတ္တံ့သောအရာတို့ကို ဖော်ပြခဲ့ပါသည်။
(ဒံ၊ ၁၀) တွင်၊ ဘုရားသခင်သည် ကျွန်တော်တို့၏ ပတ္ထနာအသံကို နာတောင်းပြီး၊ ဝမ်းနည်းနေချိန်တွင် သတိနှင့်ကြည့်ရှုလျက်၊ တိတ်ဆိတ်နေပုံရှိစဉ်တွင်ပင် ကိုယ်တော်သည် ကျွန်တော်တို့အဖို့ စီရင်တော်မူသည်ဟု ဒံယေလ၏ အတွေ့အကြုံမှတစ်ဆင့် တွေ့ရနိုင်ပါသည်။ သို့ရာတွင်၊ ထိုသူ၏စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပျပ်ဝပ်၍ မိန်းမောတွေဝေလျက် နေ၏။ ထိုအခါ လက်တစ်ဖက်သည် ငါ့ကိုကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။ သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှာ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တတ်နေ၏ (ဒံ၊ ၁ဝး၉-၁၁)။ ကျွန်တော်တို့အားလုံးသည် လောကဓံဒုက္ခကို ကြုံဖူးကြပါသည်။ မိတ်ဆွေလည်း အလွန်စိတ်နာပြီး နှလုံးကြေကွဲသောသူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤခဲယဉ်းသောကာလများတွင် ကိုယ်တော်သည် ကျွန်တော်၏ ပတ္ထနာအသံကို တကယ်ကြားနိုင်ပါသလားဟု ခံစားလွယ်ပါသည်။ မိတ်ဆွေသည် အို ထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်းဟု မေးဖူးကောင်းမေးဖူးနိုင်သည်။
မိတ်ဆွေသည် အပြင်းထန်ဆုံးသော လောကဓံမုန်တိုင်းများကို ဖြတ်သန်းရစဉ်တွင်၊ ကိုယ်တော်သည် ကျွန်တော်ကို အလွန်ချစ်ပြီး သတိနှင့်ကြည့်ရှုလျက် ကျွန်တော်၏ ပတ္ထနာအသံကို နားတောင်နေဆဲဖြစ်ပါသည်ဟု သမ္မာသတိရှိရှိ အောက်မေ့သတိရစေပါ။ မိတ်ဆွေသည် ဒံယေလကဲ့သို့ မိမိအသက်တာကို ကိုယ်တော်မြတ်ထံ နှိမ့်ချစွာ အပ်နှံခဲ့ပါက၊ ဘုရားသခင်သည် မိတ်ဆွေကို အလွန်ချစ်အပ်သောသူဟု ခေါ်ဝေါ်သမုတ်တော်မူလိမ့်မည်။ မိတ်ဆွေသည် မိမိဝိညာဉ်ရေးရန်သူတည်းဟူသော စာတန်မာရ်နတ်နှင့် တိုက်ပွဲဝင်နေသောကြောင့် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခရံကြလိမ့်မည်။ သို့ရာတွင်၊ မိတ်ဆွေသည် လဲသော်အခါ ခွန်အားရယူ၍ ရဲရင့်စွာ ပြန်ထလိုက်ပါ။ ဘုရားသခင်သည် မိတ်ဆွေ၏ဘက်၌ ရှိပြီး သူသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ကျွန်တော်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲ နေကြပြီ။
မိတ်ဆွေ၏ ပတ်ဝန်းကျင်ရှိ အဓမ္မမှုများကို ပြ၍ ရင်ဆိုင်စေရန် လိုအပ်နေပါသလား။ မိမိအပြစ်နှင့် အဓမ္မမှုတို့ကို မမြင်စေခြင်းငှာ မာရ်နတ်သည် လောကီသားတို့၏ ဉာဏ်မျက်စိကို ကွယ်စေပြီ။ ဘုရားသခင်သည် လောကီသားတို့ကို ချစ်လျက် သနားသလို၊ ကျွန်တော်ကိုယ်တိုင်းလည်း လောီသားတို့ကို ချစ်လျက် သနားသင့်ပြီ။ ဤသင်္ခရလောကရှိ ပျောက်ဆုံးသောဝိညာဉ်များနှင့် ဧဝံဂေလိတရားကို မရောက်သေးသောနိုင်ငံများအဖို့ အလွန်ဝမ်းနည်းခြင်း ရှိရမည်ဖြစ်သည်။
ဒံယေလသည် လောကီသားများနှင့်မတူဘဲ မိမိဓမ္မစက္ခုဖြင့် အဓမ္မမှုတို့နှင့် ဘုရားသခင်ပေးမည့် အပြစ်စီရင်ခြင်းတို့ကို ထောက်ရှုလျက် စိတ်နှလုံးတော်ပူပန်ခြင်းသို့ ရောက်ခဲ့သည်။ ကျွန်တော်တို့သည် ဒံယေလကဲသို့ ချစ်သနားသောစိတ်ဖြင့် အသက်ရှင်ကြလျှင် ခရစ်တော်၏ ဧဝံဂေလိတရားအဖို့ ပိုမိုရဲရင့်စွာ ရပ်တည်ကြပါလိမ့်မည်။
ယနေ့၊ ဆုတောင်းလျက် သမ္မာကျမ်းစာဖတ်ပြီးမှ ကိုယ့်ကိုကိုယ် မေးမြန်းပါ - ကျွန်တော်/ကျွန်မသည် ဤလောက၌ အဓမ္မမှုမှ အာရုံလွဲနေပါသလား။ ပြန်လည်အာရုံစိုက်နိုင်ဖို့ ဘယ်လိုလိုပ်နိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ကျွန်တော်တို့ဟာ ထွက်ပေါက်မရှိသကဲ့သို့ ချောင်ပိတ်ခံရသော်လည်း၊ ရွေးချယ်စရာ ရှိပါသေးသည်။ အရှုံးပေးလျက် လောကီလမ်းကိုလိုက်မလား (သို့) သမ္မာတရားလမ်းကိုပဲ ရဲရင့်စွာ လိုက်မလား။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဒံယေလအနာဂတ္တိကျမ်းမှ ရဲရင့်သတ္တိအကြောင်းကို လေ့လာပါလိမ့်မည်။
More