ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ
ခရစ်ယာန်မိတ်ဖွဲ့ခြင်းနှင့် အိမ်ထောင်ရေးများ
ဂျပန်နိုင်ငံတွင်၊ ရင်းနှီးသော မိတ်သဟာယဖွဲ့ခြင်းသည် အထူးသဖြင့် ခက်ခဲလှပါသည်။ သက်လတ်ပိုင်း ဂျပန်အမျိုးသားများ (၄၀) ရာခိုင်နုန်းကျော်သည် ရင်းနှီးသော မိတ်သဟာယဖွဲ့ခြင်းကို မရှိကြပေ။ အိမ်ထောင်များစွာတွင်လည်း ချစ်ခြင်းမေတ္တာ ခေါင်းပါးသွားကြပါသည်။ ဂျပန်ယုံကြည်သူများသည် လေးနက်လှသော မိတ်သဟာယဖွဲ့လျက် ခရစ်ယာန်အိမ်ထောင်များလည်း ချစ်ခြင်းမေတ္တာ လျှံလျက်ရှိစေဖို့ ဆုတောင်းကြပါစို့။
ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ထာဝရဘုရားကို ချီးမွမ်း၍ နာမတော်သည် ဘုန်းကြီးတော်မူကြောင်း ဝန်ခံလျက်၊ ထာဝရဘုရားကို ကိုးကွယ်ကြပါစို့။
အို ဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့ (ဆာ၊ ၂၉း၁-၂)။
ဘုန်းအသရေနှင့် အစွမ်းသတ္တိသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံ၍ ရှိခိုးကြပါ၏။
နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ကိုယ်တော်ဘုရားသည် ဂျပန်ယုံကြည်သူများကို မိမိထာဝရဝမ်းမြောက်ခြင်းထံသို့ ခေါ်တော်မူပါသည်။
သင်သည် ထာဝရဘုရား၏ လက်တော်၌ တင့်တယ်သော ဦးရစ်၊ သင်၏ ဘုရားသခင် ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။ သင့်ကို၊ စွန့်ပစ်သောသူဟူ၍လည်းကောင်း၊ သင်၏ မြေကို၊ လူဆိတ်ညံသောမြေဟူ၍လည်းကောင်း နောက်တစ်ဖန် မခေါ်ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏ မြေသည် လက်ထပ်သောမြေဟူသောအမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက်တော်မူ၏။ သင်၏ မြေကိုလည်း လက်ထပ်ရလိမ့်မည်။ လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့၊ သင်၏ သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့၊ သင်၏ ဘုရားသခင်သည် သင်၌ ဝမ်းမြောက်တော်မူလိမ့်မည် (ဟေရှာ၊ ၆၂း၂-၅)။
ဂျပန်ယုံကြည်သူများသည် ထာဝရဘုရား၏ လက်တော်၌ တင့်တယ်သော ဦးရစ်၊ ဘုရားသခင် ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။ ဂျပန်ယုံကြည်သူများကို၊ စွန့်ပစ်သောသူဟူ၍လည်းကောင်း၊ သူတို့၏ မြေများကို၊ လူဆိတ်ညံသောမြေဟူ၍လည်းကောင်း နောက်တစ်ဖန် မခေါ်ရ။ ဂျပန်နိုင်ငံကိုလည်း လက်ထပ်ရလိမ့်မည်။ ဘုရားသခင်သည် ဂျပန်နိုင်ငံ၌ ဝမ်းမြောက်တော်မူလိမ့်မည်ဟု ယုံကြည်ဝန်ခံကြပါ၏။
ဆုတောင်းကြကုန်အံ့ - ခရစ်ယာန်အိမ်ထောင်ရှိသူများသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်ကြနိုင်မည့်အကြောင်း ကောင်းကြီးပေးတော်မူပါ။
ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တစ်ယောက်အောက် တစ်ယောက် ကိုယ်ကို နှိမ့်ချလျက် နေကြလော့ (ဧ၊ ၅း၂၁)။
ခမည်းတော်မြတ်၊ ခရစ်ယာန်လင်မယားများသည် အချင်းချင်း တစ်ယောက်အောက် တစ်ယောက် ကိုယ်ကို နှိမ့်ချလျက် နေနိုင်မည့်အကြောင်း မစတော်မူပါ။ ထိုသူတို့သည် ခရစ်တော်၏ တန်ခိုးတော်အားဖြင့် အရာရာ၌ ချစ်ကြပြီး၊ အချင်းချင်း လေးစားလျက်၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အိမ်ထောင်အသက်တာ ရရှိခံစားနိုင်မည်အကြောင်း ကောင်းချီးပေးတာ်မူပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။
More