ဓမ္မဟောင်းဇာတ်တော်များမှ ဉာဏ်ပညာ နမူနာ
ယောသပ်နှင့် အစ်ကိုများ
ဓမ္မဟောင်းရှိ ပထမဦးဆုံး ကျမ်းစာတည်းဟူသော ကမ္ဘာဦးကျမ်းတွင်၊ ယောသပ်၏ ဇာတ်တော်ကို တွေ့မြင်နိုင်ပါသည်။ သူသည် ယာကုပ်၏ သားဖြစ်ပြီး၊ နောင်၌ ဘုရားသခင်မှ သူ၏ဖခင်ကြီးအား သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်ဟု မိန့်တော်မူခဲ့သည်။ ယောသပ်သည် ပြင်ထန်းလှသော လောကဓံမုန်တိုင်းများကို ဖြတ်သန်းရခဲ့သည်။ ယောသပ်သည် အသက် (၁၇) နှစ်အရွယ်တွင်၊ သူ၏ အစ်ကိုများမှ သူအား ကျွန်အဖြစ် ရောင်းခဲ့ပြီး ပေါတိဖာအိမ်သို့ ရောက်ရှိခဲ့သည်။ သို့သော်၊ နောက်ဆုံးတွင် ယောသပ်သည် အဲဂုတ္တုဘုရင် ဖာရော၏ အိပ်မက်အနက်ကို နားလည်သောဉာဏ်နှင့် အနက်ဖတ်နိုင်သောကြောင့် ဒုတိယဘုရင်ခံအဖြစ် ချီးမြှောက်ခံခဲ့ရသည် (က၊ ၃၉-၃၁)။
ထို့နောက်၊ ယောသပ် ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်လျက်၊ ယောသပ်၏ အစ်ကိုများသည် စပါးကို ဝယ်ခြင်းငှာ အဲဂုတ္တုပြည်သို့ သွားကြခဲ့သည်။ ယောသပ်အစ်ကိုတို့သည် လာ၍ ယောသပ်ရှေ့မှာ ဦးညွှတ်ချကြသည်။ ယောသပ်သည် အစ်ကိုတို့ကို သိသော်လည်း၊ သူတို့သည် ယောသပ်ကို မသိကြပေ။ ထို့နောက်၊ အမှုကိစ္စအမျိုးမျိုးတို့ကို ကြုံပြီးမှ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အား ပြခဲ့သည်။
ဤဇာတ်တော်မှ သင်ယူစရာ အများကြီးရှိပါသည်။ ဤအရာ (၂) ခုကို စေ့စေ့ကြည့်ရှုကြပါစို့။
ယောသပ်သည် သွားလေရာရာ၌ မျက်နှာရ၍ ကျေးဇူးကို ခံရခဲ့သည်
(က၊ ၃၇-၅၀) တွင်ရှိ၊ ယောသပ်၏ ဇာတ်တော်ကို ဖတ်ရှုလျှင်၊ ယောသပ်သည် အရာရာ၌ မျက်နှာရ၍ ကျေးဇူးကို ခံရခဲ့သည်ဟု တွေ့မြင်ရလိမ့်မည်။ သူ့ဘက်၌ ထာဝရဘုရားသည် ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သူ့သခင်ပေါတိဖာလည်း သိမြင်၏။ ထိုနည်းတူစွာ၊ တောင်၌ နေထိုင်သောအခါ၊ ထောင်မှူးသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ်လက်သို့ အပ်၍၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ် စီရင်ရသည်။ ထို့နောက်၊ ဖာရောဘုရင်၏ အိပ်မက်များကို မှန်ကန်စွာ အနက်ဖတ်သောကြောင့် သူသည် ထောင်ထဲမှ လွတ်မြောက်လာ၍၊ ဖာရောဘုရင်၏ လက်အောက်တွင် နိုင်ငံတစ်ခုလုံးကို အုပ်စိုးခွင့် ပေးခဲ့သည်။ ယောသပ်သည် သွားလေအရာရာ၌ အောင်မြင်ခဲ့သည်။ ဒုက္ခရောက်စဉ်တွင်ပင် သူသည် အရာရာ၌ လေးစားဖွယ်ရာပြုမူလျက် ကောင်းစွာ ဦးဆောင်ခဲ့သည်။ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် (၇) နှစ်ရှိစဉ်တွင်၊ သူသည် အစွမ်းသတ္တိနှင့် ဉာဏ်သတ္တိအားဖြင့် အုပ်ချုပ်ခဲ့သည်။ယောသပ်သည် အရာရာ၌ ဘုရားသခင်၏ အထွဋ်အမြတ်အာဏာတော်ကို ယုံကြည်လက်ခံခဲ့သည်
ဘုရားသခင်သည် ဆိုးညစ်သောလူများကို အကြိမ်ကြိမ် အခွင့်တန်ခိုးပေးခြင်းဖြင့် ယောသပ်၏ ခံနိုင်ရည် တိုးပွားစေရန် အခက်အခဲအလုံးစုံကို အသုံးပြုခဲ့သည်။ ယောသပ်သည် ဘုရားသခင်ရှေ့ လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရသော်လည်း မိမိအစ်ကိုများ၏ သစ္စာဖောက်ခံရခြင်းအားဖြင့် နှလုံးကြေကွဲသောသူလည်း ဖြစ်ခဲ့သည်ဟု ယူဆနိုင်သည်။ သို့ရာတွင်၊ သူသည် အရာရာ၌ ဘုရားသခင်၏ လက်တော်မြတ်ကို ကြည့်ရှုနိုင်ခဲ့သည်။ ဘုရားသခင်သည် အငတ်ဘေးကာလအတွင်း လူများအသက်ချမ်းသာစေခြင်းငှာ ကျေးဇူးပြုမည်ကြံတော်မူသည်ဟု ယောသပ် သိကျွမ်းခဲ့သည်။ သူ၏ အစ်ကိုအပေါ်မှာ အပြစ်မတင်ဘဲ ဘုရားသခင်၏ အထွဋ်အမြတ်အာဏာတော်ကို အရာရာ၌ ယုံကြည်လက်ခံခဲ့သည်။ သူသည် ဘုရားသခင်၏ အထွဋ်အမြတ်အာဏာတော်ကို ယုံကြည်စွဲလမ်းခြင်းဖြင့် ဤလောကကြီးကို ပြောင်းလဲစေခဲ့သည်။ကျွန်တော်တို့သည် ဘယ်နေရာရောက်သည်ဖြစ်ပါစေ၊ ဘယ်လိုပြဿနာမျိုးကြုံနေပါစေ၊ အရာရာ၌ ဘုရားသခင်၏ အထွဋ်အမြတ်အာဏာတော်ကို ယုံကြည်လက်ခံကြရအောင်။ ဘုရားသခင်၏ အကြံတော်မြတ်ကို သိပ်နားမလည်သော်လည်း ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ ကျွန်တော်တို့၏ အသက်တာနှင့် လူသားအားလုံးအတွက် ပြင်ဆင်တော်မူသော ဘုရားသခင်၏ အကြံတော်၊ အထွဋ်အမြတ်အာဏာတော်၊ စီရင်ခြင်းများနှင့် လမ်းပြခြင်းများကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံကြပါစို့။
ဤအစီအစဉ်အကြောင်း
ဓမ္မဟောင်းကျမ်းသည် လူတချို့အဖို့ စိတ်ရှုပ်ပြီး နားလည်ဖို့ ခက်ခဲပါသည်။ သို့သော်၊ ဓမ္မဟောင်းဇာတ်တော်များသည် လက်တွေ့ဉာဏ်ပညာနှင့် ပြည့်စုံလှပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ဓမ္မဟောင်းဇာတ်တော်များကို စေ့စေ့လေ့လာလျက် မိမိယုံကြည်ခြင်းကို တိုးပွားစေသော စိန်ခေါ်ဖွယ်ရာနှင့် ခွန်အားရဖွယ်ရာတို့ကို ရှာတွေ့ရပါလိမ့်မည်။
More