အရှင်ယေရှုဘုရားက ဘယ်သူလဲနမူနာ
မိတ်ဆွေ၊ သမ္မာကျမ်းစာရှိ ထွက်မြောက်ရာ ဇာတ်တော်ကို ဖတ်ဖူးပါသလား။
ဓမ္မဟောင်းရှိ ထွက်မြောက်ရာကျမ်းတွင်၊ ဘုရားသခင်သည် သူ၏လူမျိုးတော်များကို အဲဂုတ္တုပြည်၌ ကျွန်ဘဝမှ ကယ်နုတ်ရန် မောရှေကို အသုံးပြုတော်မူခဲ့သည်။ ထိုနောက်၊ ဣသရေလလူတို့သည် မောပန်းနွမ်းနယ်လျက်၊ ညစ်ပတ်လျက်၊ ဆာလောင်မွတ်သိပ်လျက် တောကန္တာရတစ်လျှောက် လှည့်လည်သွားလာကြသည်ကို တွေ့ရှိရသည်။ ဣသရေလလူတို့သည် အစားအစာမရှိပါတကားဟု အပြစ်တင်၍ မြည်တမ်းလျက် ဆိုကြသည်။ ထို့ကြောင့်၊ ဘုရားသခင်သည် သူတို့အဖို့ မိုးကောင်းကင်က မုန့်မိုးတည်းဟူသော မန္နကို ရွာစေခဲ့သည်။ မန္နဟူသော ဝေါဟာရသည် ဟေဗြဲဘာသာစကားဖြစ်ပြီး အနက်ကား ဤအရာသည် အဘယ်အရာနည်းဟု ဖြစ်သည်။
ဤဇာတ်တော်သည် ဘုရားသခင်၏ မဟာဇာတ်တော်ကြီးတွင် မရှိမဖြစ်လိုအပ်သော ဇာတ်တော်တစ်ခု ဖြစ်သည်။
သို့ရာတွင်၊ မိတ်ဆွေက ထွက်မြောက်ရာလမ်းသည် မနေ့က ဖတ်ရှုလေ့လာခဲ့သော ခရစ်ဝင်ကျမ်းရှိ ဇာတ်တော်များနှင့် ဘယ်လိုစပ်ဆိုင်သလဲဟု တွေးကောင်းတွေးနိုင်သည်။
အဖြေက ပေါင်းမုန့်နှင့် စပ်ဆိုင်ပါသည်။
(ယော၊ ၆) တွင်၊ လူအစုအဝေးအပေါင်းတို့သည် တော၌ သက်ရောက်လျက် အစားအစာမရှိဘဲ နေကြသည်။ အရှင်ယေရှုဘုရားသည် မုန့်ကို ယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်ခဲ့သည်။
ဤအကြောင်းအရာသည် ဘာနှင့်တူပါသလဲ။
ဤအချိန်မှာလည်း ဘုရားသခင်သည် တော၌ရှိ လူအစုအဝေးအပေါင်းတို့အဖို့ သဘာဝအလွန်နည်းလမ်းဖြင့် အစားအစာကို ကျွေးမွေးတော်မူခဲ့သည်။
ဤဇာတ်တော်သည် အရှင်ယေရှုဘုရား၏ ဇာတိတော်မြတ်ကို ဘယ်လိုဖော်ပြသလဲ။
မောရှေသည် အနာဂတ်တွင်လာမည့် မိမိထက်သာ၍ကြီးမြတ်ပြီး၊ အံ့သြဖွယ်ခေါင်းဆောင်ဖြစ်လျက် ဘုရားသခင်အတွက်ကိုယ်စား အမိန့်တော်ပေးတော်မူသော ပရောဖက်တစ်ပါးအကြောင်းကို ရေးသားခဲ့သည်။ အရှင်ယေရှုဘုရားသည် ၎င်းအနာဂတ္တိစကားကို ပြည့်စုံစေပြီး သာ၍ကြီးမြတ်သော ကယ်နုတ်ခြင်းကျေးဇူးတော်ကို ပြုတော်မူပြီ။ မောရှေသည် ဘုရားသခင်၏ လူမျိုးတော်ကို လွတ်မြောက်ရာလမ်းသို့ ဦးဆောင်လျက် ပို့ဆောင်ခဲ့သလို၊ အရှင်ယေရှုဘုရားသည် ဘုရားသခင်၏ လူမျိုးတော်ကို အပြစ်တရားမှ ကျွတ်လွတ်စေ၍ လွတ်မြောက်ရာလမ်းသို့ ဦးဆောင်လျက် ပို့ဆောင်ပေးတော်မူသည်။ ထို့အပြင်၊ ဘုရားသခင်၏ ကတိပြုထားသော ကယ်တင်ရှင်အဖြစ်၊ အရှင်ယေရှုဘုရားသည် မိမိ၏လူမျိုးတော်ကို အန္တိမကတိထားရာပြည်တည်းဟူသော ဘုရားသခင်၏ ကောင်းကင်သစ်နှင့် မြေကြီးသစ်ထံသို့ ပို့ဆောင်မည်ဖြစ်ပြီး ထိုနေ့အထိ သူ၏လူမျိုးတော်ကို ခိုင်ခံ့မြဲမြံစေရန် ဝိညာဉ်ရေးအာဟာရများ ကျွေးမွေးတော်မူမည်ဖြစ်သည်။
ယနေ့ဖတ်ရှုရမည့် ဇာတ်တော်တွင်၊ ဘုရားသခင်သည် မိမိမဟာအလိုတော်ကို ပိုမိုပြည့်စုံစေခြင်းငှာ လူသားတို့ကို ခေါ်တော်မူခြင်းအကြောင်းကို ဖော်ပြစေသည်။
ဤအမည်မသိသည့် လူငယ်သည် သူ့အစားအစာများကို သူ့ကိုယ်သူ သိုလှောင်ထားနိုင်သည်။ ၎င်းပြုခဲ့လျှင် သူ၏အကျိုးကို ရသော်လည်း ဘုရားသခင်၏ မဟာနိမိတ်လက္ခဏာကို မမြင်ဘဲ နေခဲ့သည်။ သို့သော်၊ သူသည် ဖြူစင်စေတနာစိတ်အားဖြင့် ပေးကမ်းခဲ့သောကြောင့် သာ၍မြင့်မြတ်သောအမှုတော်၌ ပါဝင်နိုင်သောအခွင့်ကို ရရှိခဲ့သည်။ မိမိလောဘ၊ ဒေါသ၊ မောဟတည်းဟူသော ကိလေသာမီးအားဖြင့် ဘုရားသခင်၏ အံံ့ဩဖွယ်လှသော အမှုတော်များကို လွန်မသွားပါနှင့်။ အစားအစာအဖို့ ဘုရားသခင်၏ အံ့ဖွယ်အမှုတော်တစ်ခုထက် (သို့) လောကီလုံခြုံမှုအဖို့ ဘုရားသခင်၏ နိုင်ငံတော်တွင် ရေရှည်အကျိုးသက်ရောက်မှုကို မလဲလှယ်ပါနှင့်။ မိမိလက်ထဲမှာ ဘာရှိလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်လိုက်ပါ။ ဘုရားသခင်သည် မိတ်ဆွေအား မည်သည့်အရည်အချင်းများ၊ ဆုကျေးဇူးများ၊ အစွမ်းသတ္တိများနှင့် အရင်းအမြစ်များကို ပေးတော်မူခဲ့သလဲ။
ကိုယ်တော်သည် မိတ်ဆွေ၏ လက်ရှိသောအရာများကို အသုံးပြုနိုင်တော်မူသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် ခရစ်ယာန်ဘာသာ၏ အဓိကပုဂ္ဂိုလ်တော်မြတ် ဖြစ်ပါသည်။ ဤ (၅) ရက်တာ အစီစဉ်တွင်၊ အပြစ်လွှတ်ပိုင်သောသူ၊ အပြစ်သားများ၏ အဆွေဖြစ်သောသူ၊ ဓမ္မအလင်း ဖြစ်သောသူ၊ အံ့ဩဖွယ်နိမိတ်လက္ခဏာပြုသောသူနှင့် သေခြင်းမှ ထမြောက်သောသူတည်းဟူသော အရှင်ယေရှုဘုရားကို စေ့စေ့ကြည့်ရှုကြရမည်။
More