YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဟန် 21

21
ဂါလိလဲအိုင်​၌ တပည့်တော်​ခုနစ်ပါး​ကို ကိုယ်ထင်ပြတော်မူခြင်း
1ထို့နောက် ယေရှု​သည် ဂါလိလဲအိုင်#21:1 မူရင်း​ဂရိကျမ်း​တွင် “တိဗေရိအိုင်” ဟု ဖော်ပြထားသည်။ “တိဗေရိအိုင်” ဟူသော အမည်​သည် ဂါလိလဲအိုင်​၏ အခြား​အမည်​တစ်ခု ဖြစ်သည်။​အနီး​တွင် တပည့်တော်တို့​ရှေ့​၌ ထပ်မံ​၍ ကိုယ်ထင်​ပြတော်မူ၏။ ကိုယ်ထင်​ပြတော်မူပုံ​မှာ ဤသို့​ဖြစ်၏။ 2ရှိမုန်​ပေတရု၊ အမြွှာပူး#21:2 မူရင်း​ဂရိကျမ်း​တွင် “ဒိဒုမု” ဖြစ်သည်။​ဟု အမည်တွင်သော သောမ၊ ဂါလိလဲပြည်၊ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ​၏​သားတို့​နှင့် အခြား​တပည့်တော်​နှစ်ပါးတို့​သည် အတူ​ရှိနေကြ၏။
3ရှိမုန်​ပေတရု​က “ငါးဖမ်း​သွားမည်” ဟု ဆို​လျှင် သူတို့​က “ငါတို့​လည်း လိုက်မည်” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့​အားလုံး​သည် လှေ​ဖြင့် ငါးဖမ်း​ထွက်ကြ၏။ သို့သော် တစ်ညလုံး ငါး​တစ်ကောင်​မျှ မမိကြ။
4မိုးလင်း​သောအခါ ယေရှု​သည် ကမ်းစပ်​တွင် ရပ်​လျက်​နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့​သည် ယေရှု​ဖြစ်တော်မူကြောင်း​ကို မသိကြ။ 5ထိုအခါ ယေရှု​က “မိတ်ဆွေတို့… ငါး​ရကြသလော” ဟု မေးတော်မူ​လျှင် တပည့်တော်တို့​က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။
6ယေရှု​က “သင်တို့​၏ ပိုက်ကွန်​ကို လှေ​၏ လက်ယာ​ဘက်သို့ ပစ်ချလော့။ ငါး​များစွာ မိ​လိမ့်မည်” ဟု မိန့်တော်မူ၏။ သူတို့​သည် ယေရှု​မိန့်တော်မူသည့်​အတိုင်း ပိုက်ကွန်​ကို ပစ်ကြ​ရာ ငါး​များစွာ ဖမ်းမိ​သောကြောင့် ပိုက်ကွန်​ကိုပင် မဆွဲတင်နိုင်ကြချေ။
7ထိုအခါ ယေရှု​ချစ်တော်မူသော​တပည့်တော်​က “ငါတို့​၏ သခင်​ပင်​ဖြစ်သည်” ဟု ပေတရု​အား ဆို၏။ ထို​စကား​ကို ကြား​သောအခါ ပေတရု​သည် မိမိ​ချွတ်ထားသော​အဝတ်​ကို ခါး​၌ ပတ်​၍ ရေ​ထဲသို့ ခုန်ဆင်းပြီး​လျှင် ကမ်းစပ်​သို့ ကူးလေ၏။ 8အခြား​တပည့်တော်တို့​သည် ကမ်း​နှင့် မလှမ်းမကမ်း ကိုက်​တစ်ရာ​ခန့်သာ#21:8 မူရင်း​ဂရိကျမ်း​တွင် အတောင်​၂၀၀​ဟု ပါရှိသည်။ ကွာဝေးသော​နေရာ​တွင် ရှိ​သဖြင့် ငါး​အပြည့်​ရှိသော​ပိုက်ကွန်​ကို ဆွဲတင်​လျက် လှေစီး​၍ လာကြ၏။ 9သူတို့​သည် ကုန်းပေါ်​သို့ ရောက်ကြ​သောအခါ မုန့်​ကိုလည်းကောင်း၊ မီးခဲ​ပေါ်တွင် ကင်ထားသော​ငါး​ကိုလည်းကောင်း တွေ့ကြ၏။
10ယေရှု​က “သင်တို့​ယခု​ဖမ်းမိသော​ငါး​တချို့​ကို ယူခဲ့ကြလော့” ဟု မိန့်တော်မူ၏။ 11ထို့ကြောင့် ရှိမုန်​ပေတရု​သည် လှေ​ပေါ်သို့ တက်​၍ ငါးကြီး တစ်ရာ​ငါးဆယ့်သုံး​ကောင်​နှင့် ပြည့်နေသော​ပိုက်ကွန်​ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထို​မျှလောက်​များသော​ငါးတို့​ကို ဖမ်းမိ​သော်လည်း ပိုက်ကွန်​သည် မစုတ်ပြဲပေ။
12ယေရှု​က “လာ​၍ နံနက်စာ​ကို စားကြလော့” ဟု တပည့်တော်တို့​ကို မိန့်တော်မူ၏။ တပည့်တော်တို့​သည် သခင်ဘုရား​ဖြစ်တော်မူကြောင်း​ကို သိကြ​သဖြင့် မည်သူ​ကမျှ “အရှင်​သည် မည်သူနည်း” ဟု မမေးလျှောက်ဝံ့ကြ။ 13ထို့နောက် ယေရှု​သည် မုန့်​နှင့် ငါး​ကို တပည့်တော်တို့​အား ဝေပေးတော်မူ၏။ 14သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် ယေရှု​သည် တပည့်တော်တို့​ကို ဤသို့​ကိုယ်ထင်​ပြတော်မူသည်​မှာ တတိယ​အကြိမ်မြောက်​ဖြစ်၏။ 15နံနက်စာ​စားသောက်ကြ​ပြီးနောက် ယေရှု​က “ယောဟန်​၏​သား​ရှိမုန်… အခြား​တပည့်တော်များ ငါ့​ကို ချစ်သည်​ထက် သင်​သည် ငါ့​ကို ပို​၍ ချစ်သလော” ဟု ရှိမုန်​ပေတရု​ကို မေးတော်မူ၏။ ပေတရု​က “ချစ်ပါ၏ သခင်။ အကျွန်ုပ်​သည် သခင့်​ကို ချစ်ကြောင်း သခင်​သိပါ၏” ဟု လျှောက်၏။ ယေရှု​က “သို့ဖြစ်လျှင် ငါ့​သိုးတို့​ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
16ယေရှု​က “ယောဟန်​၏​သား​ရှိမုန်… သင်​သည် ငါ့​ကို ချစ်သလော” ဟူ၍ ဒုတိယ​အကြိမ် ပြန်​၍​မေးတော်မူ၏။ ပေတရု​က “ချစ်ပါ၏ သခင်။ အကျွန်ုပ်​သည် သခင့်​ကို ချစ်ကြောင်း သခင်​သိပါ၏” ဟု လျှောက်၏။ ယေရှု​က “သို့ဖြစ်လျှင် ငါ့​သိုးတို့​ကို ထိန်းကျောင်းလော့” ဟု မိန့်တော်မူ၏။
17ယေရှု​က “ယောဟန်​၏​သား​ရှိမုန်… သင်​သည် ငါ့​ကို ချစ်သလော” ဟု တတိယ​အကြိမ် မေးတော်မူ၏။ ဤသို့ “သင်​သည် ငါ့​ကို ချစ်သလော” ဟု သုံးကြိမ်​တိုင်တိုင် မေးတော်မူ​သဖြင့် ပေတရု​သည် စိတ်ထိခိုက်​၍ “သခင်… သခင်​သည် အရာ​အားလုံး​ကို သိတော်မူ၏။ အကျွန်ုပ်​သခင့်​ကို ချစ်ကြောင်း သခင်​သိပါ၏” ဟု လျှောက်၏။ ယေရှု​က “သို့ဖြစ်လျှင် ငါ့​သိုးတို့​ကို ကျွေးမွေးလော့။
18သင့်​အား ငါ​အမှန်​ဆို၏။ သင်​သည် ငယ်ရွယ်​စဉ် အချိန်​တွင် သင်​အလိုရှိသည့်​အတိုင်း လုပ်နိုင်၏။ ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်​၍ သင်​သွား​လိုရာ အရပ်​သို့ သွားတတ်၏။ သို့သော် သင်​သည် အိုမင်းလာချိန်​တွင် သင်​၏​လက်တို့​ကို ဆန့်​၍ အခြား​သူ​က သင့်​ကို ဝတ်ဆင်ပေး​ကာ သင်​မသွားလိုသည့် အရပ်​သို့ သင့်​ကို ခေါ်ဆောင်သွားမည်” ဟု မိန့်တော်မူ၏။ 19ဤသို့ ယေရှု​မိန့်တော်မူခြင်း​မှာ ပေတရု​သည် မည်သို့သော သေခြင်း​ဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​စေမည့်​အရိပ်အမြွက်​ကို ဖော်ပြတော်မူခြင်း​ဖြစ်၏။ ထိုသို့​မိန့်တော်မူ​ပြီးနောက် ယေရှု​က “ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
20ပေတရု​သည် လှည့်​၍ ကြည့်​သောအခါ ယေရှု​ချစ်တော်မူသော​တပည့်တော်​သည် နောက်​မှ လိုက်လာသည်​ကို မြင်၏။ ထို​တပည့်တော်​မှာ ညစာ​စားသောက်ခဲ့ကြ​စဉ်​က ယေရှု​ပေါ်သို့ မှီ​၍ “သခင်… သခင့်​ကို သစ္စာဖောက်မည့်​သူ​သည် မည်သူနည်း” ဟု မေးခဲ့သော​သူ​ဖြစ်၏။ 21ပေတရု​က “သခင်… သူ​သည်ရော မည်သို့​ဖြစ်မည်နည်း” ဟု မေးလျှောက်၏။
22ယေရှု​က “ငါ​ပြန်လာသည့်​အချိန်​တိုင်အောင် သူ့​ကို ငါ​အသက်ရှင်​စေလို​လျှင် သင်​နှင့် မည်သို့​ဆိုင်သနည်း။ သင်​ကမူ ငါ့​နောက်သို့​သာ လိုက်လော့” ဟု မိန့်တော်မူ၏။ 23သို့ဖြစ်၍ “ထို​တပည့်တော် သေမည်​မဟုတ်” ဟူသော ကောလာဟလ​သတင်း​သည် တပည့်တော်တို့​အထဲ​တွင် ပျံ့နှံ့သွား၏။ သို့ရာတွင် ယေရှု​က “ထို​တပည့်တော် သေမည်​မဟုတ်” ဟု မိန့်တော်မူသည်​မဟုတ်ဘဲ “ငါ​ပြန်လာသည့်​အချိန်​တိုင်အောင် သူ့​ကို ငါ​အသက်ရှင်​စေလို​လျှင် သင်​နှင့် မည်သို့​ဆိုင်သနည်း” ဟူ၍​သာ မိန့်တော်မူ၏။
24ထို​တပည့်တော်​မှာ ဤ​အဖြစ်အပျက်များ​ကို သက်သေခံ​၍ မှတ်တမ်းတင်​ရေးသား​သူ​ပင် ဖြစ်၏။ သူ​၏​ရေးသားချက်များ​မှန်ကန်ကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။
25ယေရှု​ပြုတော်မူသော အခြား​အမှု​များစွာ​ရှိသေး၏။ ထို​အမှု​ရှိသမျှတို့​ကို တစ်ခုချင်း ရေးသားပြုစု​ရ​လျှင် ထို​ရေးသား​ပြုစုထားသော ကျမ်းဂန်များ​သည် ကမ္ဘာ​မဆံ့သည့်​တိုင်အောင် များပြားမည်​ဟု ကျွန်ုပ်​ထင်မြင်မိပါ၏။
ရှင်ယောဟန်​ခရစ်ဝင်ကျမ်း ပြီးပါပြီ။

လက်ရှိရွေးချယ်ထားမှု

ယောဟန် 21: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ယောဟန် 21 အကြောင်း ဗီဒီယိုများ