တမန်တော် 1
1
သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်မည်ဟူသော ကတိတော်
1-2အို သော်ဖိလု… သခင်ယေရှု၏ အမှုတော်ဆောင်ရွက်ခြင်းနှင့် သွန်သင်ခြင်းတို့ကို အစပြုတော်မူသည့်အချိန်မှစ၍ ရွေးချယ်တော်မူခြင်းခံရသည့်တမန်တော်တို့အား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ညွှန်ကြားတော်မူပြီးနောက် အထက်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံတော်မူသည့်နေ့အထိ ဖြစ်ပျက်သော အကြောင်းအရာများကို ပထမစာစောင်တွင် ကျွန်ုပ်ရေးသားခဲ့ပြီ။ 3အသေခံတော်မူပြီးနောက် ယေရှုသည် မိမိအသက်ရှင်လျက်ရှိကြောင်း ခိုင်မာသောသက်သေအထောက်အထားများဖြင့် ရက်ပေါင်းလေးဆယ်အတွင်း တမန်တော်တို့အား ကိုယ်ထင်ပြ၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။
4ထိုသို့ တမန်တော်တို့နှင့်အတူ ရှိတော်မူစဉ် ယေရှုက “ဂျေရုဆလင်မြို့မှ မထွက်ခွာဘဲ ခမည်းတော်၏ကတိတော်ကို စောင့်မျှော်ကြလော့။ ထိုကတိတော်အကြောင်းကို ယခင်က သင်တို့အား ငါဟောပြောခဲ့၏။ 5ယောဟန်သည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ မကြာမီ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာကို ခံယူကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုကောင်းကင်ဘုံသို့ ကြွမြန်းတော်မူခြင်း
6ထို့နောက် တမန်တော်တို့သည် ယေရှုနှင့်အတူ စုဝေးကြစဉ်တွင် သူတို့က “သခင်ဘုရား… ယခုအချိန်သည် အစ္စရေးလူမျိုးတို့အား နိုင်ငံတော်ကို ပြန်လည်ပေးအပ်တော်မူမည့်အချိန်ဖြစ်ပါသလော” ဟု မေးလျှောက်ကြ၏။
7ယေရှုက “ခမည်းတော်၏ အခွင့်အာဏာတော်နှင့် ချမှတ်ထားတော်မူသော အချိန်ကာလကို သင်တို့သိခွင့်မရကြ။ 8သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
9ထိုသို့ မိန့်တော်မူပြီးနောက် တမန်တော်တို့သည် ကြည့်ရှုနေကြစဉ် သခင်ဘုရားသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့၏မြင်ကွင်းမှ ဖုံးကွယ်လေ၏။ 10ထိုသို့ ကောင်းကင်သို့ ကိုယ်တော်ကြွမြန်းတော်မူသည်ကို တမန်တော်တို့သည် မျှော်ကြည့်နေစဉ် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနီးတွင် ရပ်လေ၏။ 11ထိုသူတို့က “အို ဂါလိလဲပြည်သားတို့… သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသော ထိုယေရှုသည် ကောင်းကင်ဘုံသို့ ကြွမြန်းတော်မူသည်ကို သင်တို့မြင်ကြရသည့်နည်းတူ ပြန်၍ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။
ယုဒ၏နေရာတွင် မဿိကို အစားထိုးခြင်း
12ထို့နောက် တမန်တော်တို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခရီး#1:12 ဂျူးလူမျိုးများသည် ဥပုသ်နေ့တွင် ခရီးမသွားရပါ။ သွားပါက မိုင်ဝက်ခန့်သာ သွားရသည်။ ၎င်းအား “မိုင်ဝက်ခရီး သို့မဟုတ် ဥပုသ်နေ့ခရီး” ဟု ခေါ်သည်။ခန့် ကွာဝေး၏။ 13ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။ 14ထိုသူတို့အားလုံးသည် မယ်တော်မာရိအပါအဝင် အမျိုးသမီးတစ်စု၊ ယေရှု၏ညီတော်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အဆက်မပြတ်ဆုတောင်းလျက် နေကြ၏။
15အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသော ယုံကြည်သူများအလယ်၌ ပေတရုသည် ထ၍ 16“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။ 17ယုဒသည် ငါတို့အဖွဲ့ဝင်ဖြစ်၍ ဤသာသနာလုပ်ငန်းအတွက် ခန့်အပ်ခံရသူလည်း ဖြစ်၏။
18သူသည် မတရားမှုဖြင့် ရရှိသောငွေနှင့် မြေတစ်ကွက်ကို ဝယ်ယူ၏။ ထို့နောက် သူသည် ထိုမြေ၌ ဇောက်ထိုးကျလျက် သေဆုံးလေ၏။ သူ၏ ဝမ်းဗိုက်သည် ပေါက်၍ အူများထွက်ကျလာ၏။ 19ထိုသတင်းကို ဂျေရုဆလင်မြို့၏ဒေသခံများအားလုံး သိကြ၏။ ထိုမြေကွက်ကိုလည်း သူတို့၏ဘာသာစကားအားဖြင့် အကေလဒမဟု ခေါ်ဆိုကြ၏။ အဓိပ္ပာယ်မှာ သွေးမြေဟု ဆိုလို၏။
20ထိုအကြောင်းကို ဆာလံကျမ်းတွင် ရေးထားသည်မှာ ‘သူ၏နေထိုင်သောအရပ်သည် လူသူကင်းမဲ့၍ ထိုနေရာတွင် မည်သူမျှ မနေပါစေနှင့်။ သူ၏တာဝန်ကိုလည်း အခြားသူတစ်ဦး ယူပါစေ’#1:20 ဆာ ၆၉:၂၅၊ ၁၀၉:၈။ ဟူ၍ ဖြစ်၏။
21-22ထို့ကြောင့် သခင်ယေရှု၏ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ကျွန်ုပ်တို့နှင့်အတူ သက်သေခံမည့်သူအား ယုဒ၏နေရာ၌ အစားထိုးရန် ရွေးချယ်ကြရမည်။ ထိုသူမှာ ယေရှုသည် ယောဟန်ပေးသောနှစ်ခြင်းမင်္ဂလာကို ခံယူတော်မူသည့်အချိန်မှစ၍ ကျွန်ုပ်တို့ထံမှ ကောင်းကင်ဘုံသို့ ဆောင်ယူတော်မူခြင်းခံရသည့်နေ့တိုင်အောင် ကျွန်ုပ်တို့နှင့်ပေါင်းဖော်သောသူဖြစ်ရမည်” ဟု ပြောလေ၏။
23ထို့နောက် ဗာရှဗခေါ် ယုတ္တု အမည်ရှိသောယောသပ်နှင့် မဿိတို့နှစ်ယောက်ကို အဆိုပြုကြ၏။ 24-25ထိုမှတစ်ဖန် သူတို့က “အို သခင်ဘုရား… သခင်သည် လူအပေါင်းတို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ ယုဒသည် မိမိနှင့်ထိုက်သောနေရာသို့ သွားရန် တမန်တော်ရာထူးကို စွန့်လွှတ်သွားလေပြီ။ ထို့ကြောင့် ဤအမှုတော်လုပ်ငန်းနှင့် သူ၏တာဝန်ကို ဆက်ခံရန် သခင်ဘုရားသည် ဤသူနှစ်ဦးထဲမှ မည်သူ့ကို ရွေးချယ်တော်မူကြောင်း ဖော်ပြတော်မူပါ” ဟု ဆုတောင်းကြ၏။ 26ထို့နောက် မဲနှိုက်#1:26 မူရင်းဂရိကျမ်းတွင် “စာရေးတံချသည်” ဟူ၍ ဖော်ပြထားသည်။ဆုံးဖြတ်ကြရာ မဿိကို မဲကျသဖြင့် သူသည် တမန်တော်ဆယ့်တစ်ပါးနှင့်အတူ တမန်တော်စာရင်းဝင်လေ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 1: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.