ယောဟန် 21
21
ဂါလိလဲအိုင်၌ တပည့်တော်ခုနစ်ပါးကို ကိုယ်ထင်ပြတော်မူခြင်း
1ထို့နောက် ယေရှုသည် ဂါလိလဲအိုင်#21:1 မူရင်းဂရိကျမ်းတွင် “တိဗေရိအိုင်” ဟု ဖော်ပြထားသည်။ “တိဗေရိအိုင်” ဟူသော အမည်သည် ဂါလိလဲအိုင်၏ အခြားအမည်တစ်ခု ဖြစ်သည်။အနီးတွင် တပည့်တော်တို့ရှေ့၌ ထပ်မံ၍ ကိုယ်ထင်ပြတော်မူ၏။ ကိုယ်ထင်ပြတော်မူပုံမှာ ဤသို့ဖြစ်၏။ 2ရှိမုန်ပေတရု၊ အမြွှာပူး#21:2 မူရင်းဂရိကျမ်းတွင် “ဒိဒုမု” ဖြစ်သည်။ဟု အမည်တွင်သော သောမ၊ ဂါလိလဲပြည်၊ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြ၏။
3ရှိမုန်ပေတရုက “ငါးဖမ်းသွားမည်” ဟု ဆိုလျှင် သူတို့က “ငါတို့လည်း လိုက်မည်” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အားလုံးသည် လှေဖြင့် ငါးဖမ်းထွက်ကြ၏။ သို့သော် တစ်ညလုံး ငါးတစ်ကောင်မျှ မမိကြ။
4မိုးလင်းသောအခါ ယေရှုသည် ကမ်းစပ်တွင် ရပ်လျက်နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ယေရှုဖြစ်တော်မူကြောင်းကို မသိကြ။ 5ထိုအခါ ယေရှုက “မိတ်ဆွေတို့… ငါးရကြသလော” ဟု မေးတော်မူလျှင် တပည့်တော်တို့က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။
6ယေရှုက “သင်တို့၏ ပိုက်ကွန်ကို လှေ၏ လက်ယာဘက်သို့ ပစ်ချလော့။ ငါးများစွာ မိလိမ့်မည်” ဟု မိန့်တော်မူ၏။ သူတို့သည် ယေရှုမိန့်တော်မူသည့်အတိုင်း ပိုက်ကွန်ကို ပစ်ကြရာ ငါးများစွာ ဖမ်းမိသောကြောင့် ပိုက်ကွန်ကိုပင် မဆွဲတင်နိုင်ကြချေ။
7ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က “ငါတို့၏ သခင်ပင်ဖြစ်သည်” ဟု ပေတရုအား ဆို၏။ ထိုစကားကို ကြားသောအခါ ပေတရုသည် မိမိချွတ်ထားသောအဝတ်ကို ခါး၌ ပတ်၍ ရေထဲသို့ ခုန်ဆင်းပြီးလျှင် ကမ်းစပ်သို့ ကူးလေ၏။ 8အခြားတပည့်တော်တို့သည် ကမ်းနှင့် မလှမ်းမကမ်း ကိုက်တစ်ရာခန့်သာ#21:8 မူရင်းဂရိကျမ်းတွင် အတောင်၂၀၀ဟု ပါရှိသည်။ ကွာဝေးသောနေရာတွင် ရှိသဖြင့် ငါးအပြည့်ရှိသောပိုက်ကွန်ကို ဆွဲတင်လျက် လှေစီး၍ လာကြ၏။ 9သူတို့သည် ကုန်းပေါ်သို့ ရောက်ကြသောအခါ မုန့်ကိုလည်းကောင်း၊ မီးခဲပေါ်တွင် ကင်ထားသောငါးကိုလည်းကောင်း တွေ့ကြ၏။
10ယေရှုက “သင်တို့ယခုဖမ်းမိသောငါးတချို့ကို ယူခဲ့ကြလော့” ဟု မိန့်တော်မူ၏။ 11ထို့ကြောင့် ရှိမုန်ပေတရုသည် လှေပေါ်သို့ တက်၍ ငါးကြီး တစ်ရာငါးဆယ့်သုံးကောင်နှင့် ပြည့်နေသောပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက်များသောငါးတို့ကို ဖမ်းမိသော်လည်း ပိုက်ကွန်သည် မစုတ်ပြဲပေ။
12ယေရှုက “လာ၍ နံနက်စာကို စားကြလော့” ဟု တပည့်တော်တို့ကို မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်တော်မူကြောင်းကို သိကြသဖြင့် မည်သူကမျှ “အရှင်သည် မည်သူနည်း” ဟု မမေးလျှောက်ဝံ့ကြ။ 13ထို့နောက် ယေရှုသည် မုန့်နှင့် ငါးကို တပည့်တော်တို့အား ဝေပေးတော်မူ၏။ 14သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ယေရှုသည် တပည့်တော်တို့ကို ဤသို့ကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်မြောက်ဖြစ်၏။ 15နံနက်စာစားသောက်ကြပြီးနောက် ယေရှုက “ယောဟန်၏သားရှိမုန်… အခြားတပည့်တော်များ ငါ့ကို ချစ်သည်ထက် သင်သည် ငါ့ကို ပို၍ ချစ်သလော” ဟု ရှိမုန်ပေတရုကို မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
16ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟူ၍ ဒုတိယအကြိမ် ပြန်၍မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ထိန်းကျောင်းလော့” ဟု မိန့်တော်မူ၏။
17ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
18သင့်အား ငါအမှန်ဆို၏။ သင်သည် ငယ်ရွယ်စဉ် အချိန်တွင် သင်အလိုရှိသည့်အတိုင်း လုပ်နိုင်၏။ ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်၍ သင်သွားလိုရာ အရပ်သို့ သွားတတ်၏။ သို့သော် သင်သည် အိုမင်းလာချိန်တွင် သင်၏လက်တို့ကို ဆန့်၍ အခြားသူက သင့်ကို ဝတ်ဆင်ပေးကာ သင်မသွားလိုသည့် အရပ်သို့ သင့်ကို ခေါ်ဆောင်သွားမည်” ဟု မိန့်တော်မူ၏။ 19ဤသို့ ယေရှုမိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သော သေခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အရိပ်အမြွက်ကို ဖော်ပြတော်မူခြင်းဖြစ်၏။ ထိုသို့မိန့်တော်မူပြီးနောက် ယေရှုက “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
20ပေတရုသည် လှည့်၍ ကြည့်သောအခါ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှ လိုက်လာသည်ကို မြင်၏။ ထိုတပည့်တော်မှာ ညစာစားသောက်ခဲ့ကြစဉ်က ယေရှုပေါ်သို့ မှီ၍ “သခင်… သခင့်ကို သစ္စာဖောက်မည့်သူသည် မည်သူနည်း” ဟု မေးခဲ့သောသူဖြစ်၏။ 21ပေတရုက “သခင်… သူသည်ရော မည်သို့ဖြစ်မည်နည်း” ဟု မေးလျှောက်၏။
22ယေရှုက “ငါပြန်လာသည့်အချိန်တိုင်အောင် သူ့ကို ငါအသက်ရှင်စေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း။ သင်ကမူ ငါ့နောက်သို့သာ လိုက်လော့” ဟု မိန့်တော်မူ၏။ 23သို့ဖြစ်၍ “ထိုတပည့်တော် သေမည်မဟုတ်” ဟူသော ကောလာဟလသတင်းသည် တပည့်တော်တို့အထဲတွင် ပျံ့နှံ့သွား၏။ သို့ရာတွင် ယေရှုက “ထိုတပည့်တော် သေမည်မဟုတ်” ဟု မိန့်တော်မူသည်မဟုတ်ဘဲ “ငါပြန်လာသည့်အချိန်တိုင်အောင် သူ့ကို ငါအသက်ရှင်စေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း” ဟူ၍သာ မိန့်တော်မူ၏။
24ထိုတပည့်တော်မှာ ဤအဖြစ်အပျက်များကို သက်သေခံ၍ မှတ်တမ်းတင်ရေးသားသူပင် ဖြစ်၏။ သူ၏ရေးသားချက်များမှန်ကန်ကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။
25ယေရှုပြုတော်မူသော အခြားအမှုများစွာရှိသေး၏။ ထိုအမှုရှိသမျှတို့ကို တစ်ခုချင်း ရေးသားပြုစုရလျှင် ထိုရေးသားပြုစုထားသော ကျမ်းဂန်များသည် ကမ္ဘာမဆံ့သည့်တိုင်အောင် များပြားမည်ဟု ကျွန်ုပ်ထင်မြင်မိပါ၏။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ပြီးပါပြီ။
လက်ရှိရွေးချယ်ထားမှု
ယောဟန် 21: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.