YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဟန် 20

20
ရှင်ပြန်​ထမြောက်တော်မူခြင်း
1တနင်္ဂနွေနေ့​နံနက်​စောစော#20:1 မူရင်း​ဂရိကျမ်း​တွင် “ရက်သတ္တပတ်​၏ ပထမ​နေ့” ဟု ဖော်ပြထားသည်။ မှောင်​လျက် ရှိနေသေးချိန်​တွင် မာဂဒလမာရိ​သည် သင်္ချိုင်းဂူ​သို့ ရောက်လာရာ ဂူဝ​၌ ပိတ်ထားသော​ကျောက်တုံးကြီး​မှာ ဘေးဘက်​သို့ လှိမ့်ဖယ်ထားပြီး​ဖြစ်သည်​ကို မြင်လေ၏။ 2ထို့ကြောင့် သူ​သည် ရှိမုန်​ပေတရု​နှင့် ယေရှု​ချစ်တော်မူသည့် အခြားသော​တပည့်တော်​ထံသို့ ပြေး​၍ “သူတို့​သည် သခင့်​အလောင်းတော်​ကို သင်္ချိုင်းဂူ​မှ သယ်ယူသွားကြ၏။ မည်သည့်​နေရာ​၌ ထားကြသည်​ကို မသိပါ” ဟု ဆိုလေ၏။
3ထိုအခါ ပေတရု​နှင့် ထို​တပည့်တော်​သည် သင်္ချိုင်းဂူ​ရှိရာ​သို့ ပြေးသွားကြ၏။ 4ထိုသို့​သူတို့​နှစ်ဦး အတူ​ပြေးကြ​ရာ ထို​တပည့်တော်​သည် ပေတရု​ကို ကျော်​၍ သင်္ချိုင်းဂူ​သို့ ဦးစွာ​ရောက်လေ၏။ 5ထိုအခါ သူ​သည် ငုံ့​၍​ကြည့်​သော် ပိတ်ချောထည်များ ရှိနေသည်​ကို မြင်လေ၏။ သို့သော် သူ​သည် ဂူ​ထဲသို့ မဝင်ဘဲနေ၏။ 6ထို​အချိန်​တွင် သူ​၏​နောက်​မှ လိုက်လာသော ရှိမုန်​ပေတရု​သည် ရောက်လာ​၍ ဂူ​ထဲသို့ ဝင်​သော် ပိတ်ချောထည်များ ရှိနေသည်​ကိုလည်းကောင်း၊ 7ယေရှု​၏​ခေါင်းတော်​၌ ပတ်စည်းခဲ့သော​ပဝါ​သည် ထို​ပိတ်ချောထည်​နှင့်အတူ​မရှိဘဲ တစ်နေရာ​တွင် သီးခြား​လိပ်လျက်​ရှိနေသည်​ကိုလည်းကောင်း မြင်လေ၏။ 8ထို့နောက် သင်္ချိုင်းဂူ​သို့ ဦးစွာ​ရောက်သည့် အခြား​တပည့်တော်​သည်လည်း ဂူ​ထဲသို့ ဝင်​၍ ထို​အရာ​ကို မြင်​သဖြင့် ယုံကြည်လေ၏။ 9ထို​အချိန်​တိုင်အောင် သူတို့​သည် ယေရှု​သေခြင်း​မှ​ရှင်ပြန်​ထမြောက်​ရမည်​ဟူသော ကျမ်းစကား​ကို နားမလည်ကြသေးချေ။ 10ထို့နောက် ထို​တပည့်တော်​နှစ်ဦးတို့​သည် အိမ်​သို့​ပြန်ကြ၏။
မာဂဒလမာရိ​ကို ကိုယ်ထင်ပြတော်မူခြင်း
11မာရိ​သည် သင်္ချိုင်းဂူ​အပြင်​တွင် ရပ်​၍ ငိုကြွေး​လျက်​နေ၏။ ထိုသို့ ငိုကြွေးရာ​မှ ဂူ​ထဲသို့ ငုံ့​၍ ကြည့်​သော် 12အဝတ်ဖြူ​ကို ဝတ်ဆင်ထားသော ကောင်းကင်တမန်​နှစ်ပါး​သည် ယေရှု​အလောင်းတော်​ထားရာ​နေရာ ခေါင်းရင်း​၌ တစ်ပါး၊ ခြေရင်း​၌ တစ်ပါး ထိုင်နေကြသည်​ကို မြင်လေ၏။ 13သူတို့​က “အို နှမငယ်… အဘယ်ကြောင့် ငိုကြွေး​နေသနည်း” ဟု မာရိ​ကို မေးကြ၏။ မာရိ​က “ကျွန်မ​၏ သခင်​ကို သူတို့​သယ်ယူသွားကြပြီ။ မည်သည့်​နေရာ​၌ ထားသည်​ကို ကျွန်မ​မသိပါ” ဟု ဖြေ၏။
14ထိုသို့​ဖြေ​ပြီးမှ နောက်​သို့ လှည့်ကြည့်​ရာ ယေရှု​ရပ်တော်မူ​လျက်​ရှိသည်​ကို မြင်လေ၏။ သို့သော်လည်း ယေရှု​ဖြစ်တော်မူသည်​ကို မာရိ​မသိချေ။ 15ယေရှု​က “အို နှမငယ်… အဘယ်ကြောင့် ငိုကြွေး​သနည်း။ မည်သူ့​ကို ရှာသနည်း” ဟု မာရိ​ကို မေးတော်မူ၏။ မာရိ​သည် ယေရှု​ကို ဥယျာဉ်စောင့်​ဟု ထင်မှတ်​၍ “အရှင်… ကိုယ်တော်​သည် သူ့​ကို သယ်ယူသွားခဲ့​လျှင် မည်သည့်​နေရာ​၌ ထားသည်​ကို ကျွန်မ​ကို ပြောပါ။ ကျွန်မ သွား​၍ ယူပါမည်” ဟု ဆို၏။
16ယေရှု​က “မာရိ” ဟု ခေါ်​လျှင် မာရိ​သည် လှည့်​၍ ဟေဗြဲဘာသာ​ဖြင့် “ရဗ္ဗုနိ” ဟု ထူးလေ၏။ (ရဗ္ဗုနိ​၏ အဓိပ္ပာယ်​သည် ဆရာ​ကို ဆိုလို၏။)
17ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့#20:17 မူရင်း​ဂရိကျမ်း​တွင် “ငါ့​ညီအစ်ကိုတို့” ဟု ဖော်ပြထားသည်။​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
18မာဂဒလမာရိ​သည် သွား​၍ “သခင့်​ကို ငါ​မြင်ခဲ့ရပြီ” ဟု တပည့်တော်တို့​ကို ဆိုပြီးလျှင် ယေရှု​မှာကြားတော်မူသော​အရာများ​ကို ပြောပြလေ၏။
တပည့်တော်တို့​ကို ကိုယ်ထင်ပြတော်မူခြင်း
19တနင်္ဂနွေနေ့​ညနေ​တွင်#20:19 မူရင်း​ဂရိကျမ်း​တွင် “ရက်သတ္တပတ် ပထမနေ့​၏​ညနေ” ဟု ဖော်ပြထားသည်။ တပည့်တော်တို့​သည် ဂျူးခေါင်းဆောင်များ​ကို ကြောက်ရွံ့​သဖြင့် အခန်း​တံခါးများ​ကို ပိတ်​၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှု​သည် ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။ 20ထိုသို့​နှုတ်ဆက်တော်မူ​ပြီးနောက် မိမိ​လက်တော်​နှင့် နံဘေးတော်​တွင် ရရှိခဲ့သော ဒဏ်ရာများ​ကို ပြတော်မူ၏။ တပည့်တော်တို့​သည် သခင်ဘုရား​ကို တွေ့မြင်​သောအခါ ဝမ်းမြောက်ကြ၏။ 21တစ်ဖန်​ယေရှု​က “ငြိမ်းချမ်းပါစေ။ ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို စေလွှတ်၏” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။ 22ထို့နောက် ယေရှု​သည် တပည့်တော်တို့​အပေါ် လေ​ကို မှုတ်တော်မူ​လျက် “သန့်ရှင်းသော​ဝိညာဉ်တော်​ကို ခံယူကြလော့။ 23တစ်စုံတစ်ဦး​၏ အပြစ်​ကို သင်တို့​ခွင့်လွှတ်​လျှင် ထို​သူ​သည် အပြစ်လွှတ်ခြင်း​ကို ခံရ၏။ သင်တို့​ခွင့်မလွှတ်​လျှင် ထို​သူ​သည် အပြစ်လွှတ်ခြင်း​ကို မခံရ” ဟု မိန့်တော်မူ၏။
သောမ​ကို ကိုယ်ထင်ပြတော်မူခြင်း
24ယေရှု​ကြွလာတော်မူ​သောအခါ တပည့်တော်​ဆယ့်နှစ်ပါး​ထဲမှ တစ်ပါး​ဖြစ်သူ အမြွှာပူး#20:24 မူရင်း​ဂရိကျမ်း​တွင် “ဒိဒုမု” ဖြစ်သည်။​ဟု အမည်တွင်သော သောမ​သည် တပည့်တော်တို့​နှင့်အတူ မရှိပေ။ 25ထို့ကြောင့် တပည့်တော်တို့​က “ငါတို့​သည် သခင့်​ကို မြင်ကြရပြီ” ဟု သောမ​အား ပြောပြကြ၏။ သို့သော် သောမ​က “အရှင့်​လက်တော်တို့​၌ သံရိုက်ရာ​ကို မမြင်ရ၊ ထို​သံရိုက်ရာ​ကို လက်ညှိုး​ဖြင့်​မတို့ရ၊ နံဘေးတော်​ကို လက်​ဖြင့် မစမ်းရ​လျှင် ငါ​မယုံ” ဟု ဆို၏။
26ရှစ်ရက်​ကြာ​သော် တပည့်တော်တို့​သည် တစ်ဖန်​စုဝေးကြ၏။ သောမ​သည်လည်း ထို​သူတို့​နှင့်အတူ ရှိ၏။ သူတို့​သည် တံခါးများ​ကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှု​သည် ယခင်​ကဲ့သို့ ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
27ထို့နောက် ယေရှု​သည် သောမ​အား “သင့်​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို စမ်း​၍ ငါ့​လက်တို့​ကို ကြည့်လော့။ သင့်​လက်​ဖြင့် ငါ့​နံဘေး​ရှိ ဒဏ်ရာ​ကိုလည်း စမ်းကြည့်လော့။ သံသယ​မဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။
28သောမ​က “အကျွန်ုပ်​၏​သခင်… အကျွန်ုပ်​၏​ဘုရား​ပင် ဖြစ်ပေ၏” ဟု ပြန်၍​လျှောက်၏။
29ထိုအခါ ယေရှု​က “သင်​သည် ငါ့​ကို မြင်ရ​၍ ယုံကြည်၏။ ငါ့​ကို မမြင်ဘဲ ယုံကြည်သော​သူတို့​သည် မင်္ဂလာရှိ၏” ဟု သောမ​အား မိန့်တော်မူ၏။
ဤ​ကျမ်းစာ​ကို ရေးသားရခြင်း​၏​ရည်ရွယ်ချက်
30ဤ​ကျမ်းစာ​တွင် မရေးထားသော​အခြား​နိမိတ်​လက္ခဏာ​များစွာ​ကိုလည်း ယေရှု​သည် တပည့်တော်တို့​ရှေ့​တွင် ပြုတော်မူ၏။ 31သို့သော် ယေရှု​သည် ဘုရားသခင်​၏ သားတော် ခရစ်တော်#20:31 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်ကြောင်း သင်တို့​ယုံကြည်ကြ​စေရန်​နှင့် ထိုသို့ ယုံကြည်​၍ နာမတော်​၏​တန်ခိုး​အားဖြင့်#20:31 မူရင်း​ဂရိကျမ်း​တွင် “ကိုယ်တော်​၏​နာမတော်​၌” ဟု ဖော်ပြထားသည်။ အသက်​ကို ရရှိကြ​စေရန် ဤ​ကျမ်းစာ​ကို ရေးသားရခြင်း​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

ယောဟန် 20: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ယောဟန် 20 အကြောင်း ဗီဒီယိုများ