ယောဟန် 19
19
သေဒဏ်စီရင်ခံရတော်မူခြင်း
1ထို့နောက် ပိလတ်မင်းသည် ယေရှုကို ကျာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်စေ၏။ 2စစ်သားများသည် ဆူးခက်ကို သရဖူအဖြစ် ရစ်ခွေပြီး ယေရှု၏ ဦးခေါင်းတော်၌ ဆောင်းစေ၍ ခရမ်းရောင်ဝတ်ရုံကိုလည်း ခြုံစေကြ၏။ 3ထို့နောက် သူတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဂျူးတို့၏ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုလျက် ပါးတော်ကို ရိုက်ကြ၏။
4ပိလတ်မင်းသည် အပြင်သို့ တစ်ဖန်ထွက်လာ၍ “ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိစေရန် သူ့ကို သင်တို့ထံ ခေါ်လာမည်” ဟု ဆို၏။ 5ထိုအခါ ယေရှုသည် ဆူးရစ်သရဖူကို ဆောင်း၍ ခရမ်းရောင်ဝတ်ရုံကို ခြုံလျက် ထွက်ကြွလာ၏။ ပိလတ်မင်းက “သူ့ကို ကြည့်ကြလော့” ဟု ဆို၏။
6ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဗိမာန်တော်အစောင့်များသည် ယေရှုကို မြင်သောအခါ “လက်ဝါးကပ်တိုင်တွင် သတ်ပါ။ လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟူ၍ အော်ဟစ်ပြောဆိုကြ၏။ ပိလတ်မင်းက “သင်တို့ကိုယ်တိုင် သူ့ကို ခေါ်သွား၍ လက်ဝါးကပ်တိုင်တွင် သတ်ကြလော့။ သူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့” ဟု ဆို၏။
7ဂျူးခေါင်းဆောင်များက “သူသည် မိမိကိုယ်ကိုယ် ဘုရားသားတော်ဖြစ်သည်ဟု ပြောဆိုသောကြောင့် အကျွန်ုပ်တို့၏ တရားဥပဒေအရ သေဒဏ်ခံထိုက်ပါ၏” ဟု ပြန်လျှောက်ကြ၏။
8ထိုစကားကို ကြားသော် ပိလတ်မင်းသည် ယခင်ထက် ပို၍ ကြောက်ရွံ့လေ၏။ 9ထို့ကြောင့် ပိလတ်မင်းသည် ယေရှုကို ရုံးတော်သို့ ပြန်၍ ခေါ်ဆောင်ပြီးလျှင် “သင်သည် အဘယ်ကလာသနည်း” ဟု မေး၏။ သို့သော် ယေရှုသည် အဖြေမပေးဘဲ နေတော်မူ၏။ 10ပိလတ်မင်းက “သင်သည် ငါ့ကို အဘယ်ကြောင့် စကားမပြောဘဲ နေသနည်း။ သင့်ကို ငါလွတ်ပေးနိုင်သော အခွင့်အာဏာရှိသည်ကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်တွင် သတ်စေနိုင်သော အခွင့်အာဏာရှိသည်ကိုလည်းကောင်း သင်မသိသလော” ဟု မေး၏။
11ထိုအခါ ယေရှုက “သင့်ကို ဘုရားသခင်#19:11 မူရင်းဂရိကျမ်းတွင် “အထက်အရပ်” ဟု ပါရှိသည်။ အခွင့်မပေးလျှင် သင်သည် ငါ့ကို မည်သို့မျှ မပြုနိုင်။ ထို့ကြောင့် ငါ့ကို သင့်ထံ အပ်နှံသောသူသည် ပို၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။
12ထိုအခါ ပိလတ်မင်းသည် ယေရှုကို လွှတ်ပေးရန် နည်းလမ်းရှာကြံလေ၏။ သို့သော် ဂျူးခေါင်းဆောင်များက “ထိုသူကို လွှတ်ပေးလျှင် မင်းကြီးသည် ဆီဇာဘုရင်၏မိတ်ဆွေ မဟုတ်ပါ။ မိမိကိုယ်ကိုယ် ဘုရင်ဖြစ်သည်ဟူ၍ ကြေညာသောသူသည် ဆီဇာဘုရင်ကို ပုန်ကန်သူဖြစ်ပါ၏” ဟု အော်ဟစ်၍ ပြောဆိုကြ၏။
13ထိုစကားကို ကြားသောအခါ ပိလတ်မင်းသည် ယေရှုကို သူတို့ရှေ့၌ ပြန်လည်ခေါ်ထုတ်၍ ကျောက်ပြားခင်းထားသောဝင်းဟု ခေါ်သည့် နေရာ၌ ရှိသောတရားခွင်တွင် ထိုင်လေ၏။ ထိုစင်္ကြံကို ဟေဗြဲဘာသာဖြင့် “ဂဗ္ဗသ” ဟု ခေါ်ဆို၏။ 14ထိုအချိန်သည် ပသခါပွဲတော်ကျင်းပရန်အတွက် ပြင်ဆင်ရာနေ့၏ မွန်းတည့်ချိန်ခန့်#19:14 မူရင်းဂရိကျမ်းမှ တိုက်ရိုက်ပြန်ဆိုလျှင် “ဆဋ္ဌမနာရီ” ဖြစ်သည်။ ဂျူးလူမျိုးများသည် အချိန်နာရီကို နံနက်ခြောက်နာရီမှ စတင်၍ ရေတွက်သောကြောင့် “ဆဋ္ဌမနာရီ” ဟု ဆိုရာတွင် မွန်းတည့် ဆယ့်နှစ်နာရီကို ဆိုလိုခြင်းဖြစ်သည်။ ဖြစ်၏။ ပိလတ်မင်းက “ကြည့်ကြလော့။ ဤသူသည် သင်တို့၏ ရှင်ဘုရင်ပင်ဖြစ်၏” ဟု ဂျူးလူမျိုးတို့ကို ဆို၏။
15လူများက “သူ့ကို သတ်ပါ။ လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု အော်ဟစ်ပြောဆိုကြ၏။ ပိလတ်မင်းကလည်း “သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင် သတ်ရမည်လော” ဟု ပြန်၍ မေး၏။ ယဇ်ပုရောဟိတ်ခေါင်းဆောင်များက “ငါတို့တွင် ဆီဇာဘုရင်မှလွဲ၍ အခြားဘုရင်မရှိပါ” ဟု ပြန်၍ အော်ဟစ်ကြ၏။
16ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်တွင် သတ်ရန် ထိုသူတို့လက်သို့ အပ်လိုက်၏။
လက်ဝါးကပ်တိုင်တွင် သတ်ခြင်း
ဤသို့ဖြင့် သူတို့သည် ကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။ 17ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်း၍ ဦးခေါင်းခွံဟု ခေါ်ဆိုသောအရပ်သို့ ကြွတော်မူ၏။ ထိုအရပ်ကို ဟေဗြဲဘာသာဖြင့် “ဂေါလဂေါသ” ဟု ခေါ်ဆို၏။ 18ထိုနေရာ၌ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြပြီး အခြားသူနှစ်ဦးကိုလည်း လက်ဝါးကပ်တိုင်တစ်ခုစီတွင် ရိုက်ထားကြ၏။ ယေရှုကို အလယ်၌ ထားကာ ထိုသူနှစ်ဦးကို ကိုယ်တော်၏ တစ်ဖက်စီတွင် ထားကြ၏။ 19ပိလတ်မင်းသည် “ဂျူးတို့၏ ရှင်ဘုရင်၊ နာဇရက်မြို့သားယေရှု” ဟု ရေးထိုးထားသောကမ္ပည်းကို လက်ဝါးကပ်တိုင်တွင် တပ်ထားစေ၏။ 20ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသောနေရာသည် မြို့နှင့် နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးသားထားသောကြောင့် ဂျူးလူမျိုးများစွာတို့သည် ထိုစာကို ဖတ်ကြ၏။
21ယဇ်ပုရောဟိတ်ခေါင်းဆောင်များက “ဂျူးတို့၏ရှင်ဘုရင်ဟူ၍ မရေးပါနှင့်။ ‘ဤသူက “ငါသည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သည်” ဟု ဆိုခဲ့သည်’ ဟူ၍ ပြောင်းရေးပေးပါ” ဟု ပိလတ်မင်းအား လျှောက်ကြ၏။
22ပိလတ်မင်းက “ငါရေးပြီးသောအရာသည် အတည်ဖြစ်၏” ဟု ပြန်ပြော၏။
23စစ်သားများသည် ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားပြီးလျှင် ကိုယ်တော်၏ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တစ်ပိုင်းစီ ယူကြ၏။ သူတို့သည် ယေရှု၏အတွင်းအဝတ်တော်ကိုလည်း ယူကြ၏။ ထိုအတွင်းအဝတ်တော်မှာ ချုပ်ရိုးမရှိဘဲ အထက်မှအောက်အထိ ရက်လုပ်ထားသောအင်္ကျီဖြစ်၏။ 24ထို့ကြောင့် သူတို့က “ဤအင်္ကျီကို မဆုတ်ဖြဲဘဲ မည်သူရမည်ကို မဲနှိုက်ကြစို့” ဟု အချင်းချင်းပြောဆိုကြ၏။ ပြောဆိုသည့်အတိုင်းလည်း ပြုကြ၏။ ဤသို့ပြုကြခြင်းသည် “ငါ၏ အဝတ်တို့ကို ခွဲဝေ၍ အတွင်းအင်္ကျီကိုမူ မဲနှိုက်ယူကြ၏”#19:24 ဆာ ၂၂:၁၈။ ဟု ကျမ်းစာ၌ ဖော်ပြထားသောအချက်အတိုင်း ဖြစ်လာခြင်းဖြစ်၏။
25ယေရှု၏ မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမာရိတို့သည် လက်ဝါးကပ်တိုင်အနီးတွင် ရပ်လျက်နေကြ၏။ 26ထိုအခါ ယေရှုသည် မယ်တော်နှင့် မယ်တော်၏အနီးတွင် မိမိချစ်တော်မူသောတပည့်တော်ရပ်နေသည်ကို တွေ့မြင်တော်မူသောအခါ “မယ်တော်… ဤသူသည် သင်၏သားပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
27ထို့နောက် ထိုတပည့်တော်အား “ဤအမျိုးသမီးသည် သင်၏ မိခင်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် ယေရှု၏ မယ်တော်ကို မိမိအိမ်၌ ခေါ်ထားလေ၏။
အသက်ချုပ်တော်မူခြင်း
28ယေရှုသည် အမှုအလုံးစုံ ပြီးစီးကြောင်းကို သိတော်မူသဖြင့် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် “ငါရေငတ်သည်”#19:28 ဆာ ၂၂:၁၅၊ ၆၉:၂၁။ ဟု မိန့်တော်မူ၏။ 29ထိုနေရာ၌ အချဉ်ဖောက်ထားသောစပျစ်ဝိုင်ပုံးရှိ၏။ ထို့ကြောင့် သူတို့သည် ရေမြှုပ်ကို ထိုပုံးတွင် နှစ်၍ ဟုဿုပ်ပင်ကိုင်းဖျားတွင် တပ်လျက် ယေရှု၏နှုတ်ခမ်းတော်နားသို့ ကပ်ပေးကြ၏။ 30ယေရှုသည် ထိုချဉ်သောစပျစ်ဝိုင်ကို မြည်းစမ်းတော်မူပြီးမှ “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်ငိုက်၍ အသက်ချုပ်တော်မူ၏။
31ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်သောကြောင့် ဂျူးခေါင်းဆောင်များက အလောင်းတို့ကို လက်ဝါးကပ်တိုင်တွင် ဥပုသ်နေ့ရောက်သည်အထိ မရှိစေလိုကြ။ ထိုဥပုသ်နေ့သည် ပသခါပွဲတော်ကျင်းပသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်၏။ ထို့ကြောင့် သူတို့သည် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသော သူတို့၏ ခြေကို ချိုး၍ ယူသွားခွင့် ပေးရန် ပိလတ်မင်းထံ၌ ခွင့်တောင်းကြ၏။ 32ထို့နောက် စစ်သားများသည် လာ၍ ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်တွင် အသတ်ခံရသောသူနှစ်ဦး၏ ခြေတို့ကို ချိုးကြ၏။ 33ယေရှုထံတော်သို့ ရောက်သောအခါ အသက်ချုပ်တော်မူပြီဖြစ်ကြောင်းကို မြင်သဖြင့် ခြေကို မချိုးဘဲ ထားကြ၏။ 34သို့သော်လည်း စစ်သားတစ်ဦးသည် ယေရှု၏နံဘေးတော်ကို လှံဖြင့် ထိုးရာ သွေးနှင့်ရေ စီးထွက်လာ၏။ 35သင်တို့သည်လည်း ယုံကြည်စေရန် ဤအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏ သက်သေခံချက်မှာ မှန်ကန်ပြီး သူသည်လည်း မိမိပြောသောစကား မှန်ကန်ကြောင်းကို သိ၏။ 36ဤသို့ဖြစ်ပျက်ရခြင်းမှာ “သူ၏ အရိုးတစ်ချောင်းမျှ မကျိုးစေရ”#19:36 ထွ ၁၂:၄၆၊ တော ၉:၁၂၊ ဆာ ၃၄:၂၀။ ဟူ၍ ကျမ်းစာတွင် ဖော်ပြထားသည့်အရာ ဖြစ်လာရန်ပင်ဖြစ်၏။ 37အခြားကျမ်းပိုဒ်၌လည်း “ထိုသူတို့သည် မိမိတို့ကိုယ်တိုင် လှံဖြင့် ထိုးထားသောသူကို ကြည့်ကြလိမ့်မည်”#19:37 ဇာ ၁၂:၁၀။ ဟု ဖော်ပြထား၏။
ယေရှုကို သင်္ဂြိုဟ်ခြင်း
38ထို့နောက် အရိမဿဲမြို့သားယောသပ်သည် ယေရှု၏အလောင်းတော်ကို လက်ဝါးကပ်တိုင်မှ ယူသွားခွင့်ပြုရန် ပိလတ်မင်းထံ ခွင့်တောင်း၏။ ယောသပ်သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် ယေရှု၏တပည့်အဖြစ် လူသိမခံရဲပေ။ ပိလတ်မင်းသည်လည်း ခွင့်ပြုသဖြင့် ယောသပ်သည် လာ၍ အလောင်းတော်ကို ယူဆောင်သွား၏။ 39ယေရှုထံတော်သို့ ညအချိန်၌ လာရောက်တွေ့ဆုံခဲ့ဖူးသောနိကောဒင်သည်လည်း မုရန်နှင့် ရှားစောင်းလက်ပပ်#19:39 “ရှားစောင်းလက်ပပ်” မူရင်းဂရိစကားလုံးအရ “ရှားစောင်းလက်ပပ်” သို့မဟုတ် “သစ်မွှေး” ဟု ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုရှားစောင်းလက်ပပ်နှင့် သစ်မွှေးတို့၏ ဂရိစကားလုံးမှာ ဆင်တူသောကြောင့်ဖြစ်သည်။ဖြင့် ရောနှောထားသောအမွှေးနံ့သာ အချိန်နှစ်ဆယ်ခန့်#19:39 မူရင်းဂရိကျမ်းတွင် “လီထြာတစ်ရာ” ဟု ပါရှိသည်။ ထိုလီထြာတစ်ရာသည် ၃၂.၇ ကီလိုဂရမ်နှင့် ညီမျှသည်။ ယူဆောင်လျက် ယောသပ်နှင့်အတူ ရောက်လာ၏။ 40ထိုသူတို့နှစ်ဦးသည် ဂျူးတို့၏ သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းနှင့်အညီ ယေရှု၏အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ချောဖြင့် ရစ်ပတ်ကြ၏။ 41ယေရှုကို လက်ဝါးကပ်တိုင်တွင် သတ်သောနေရာ၌ ဥယျာဉ်တစ်ခု ရှိ၏။ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။ 42ထိုနေ့သည် ဂျူးလူမျိုးတို့၏ ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီး၌ ရှိသောကြောင့် သူတို့နှစ်ဦးသည် အလောင်းတော်ကို ထိုဂူ၌ သင်္ဂြိုဟ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ယောဟန် 19: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.