YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဟန် 18

18
သစ္စာဖောက်​ခံရတော်မူခြင်း​နှင့် ဖမ်းဆီး​ခံရတော်မူခြင်း
1ထိုသို့ ဆုတောင်းတော်မူ​ပြီးနောက် ယေရှု​သည် တပည့်တော်တို့​နှင့်အတူ ကေဒြုန်​ချိုင့်ဝှမ်း​ကို ဖြတ်​၍ တစ်ဖက်​တွင် ရှိသော​ဥယျာဉ်​သို့ ကြွတော်မူ၏။ 2ထို​ဥယျာဉ်​သို့ ယေရှု​သည် တပည့်တော်တို့​နှင့်အတူ မကြာခဏ​သွားလေ့ရှိ​သဖြင့် ယေရှု​ကို သစ္စာဖောက်သော​ယုဒ​သည် ထို​နေရာ​ကို သိ၏။ 3ထို့ကြောင့် ယုဒ​သည် ရောမ​တပ်ဖွဲ့​တစ်ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဖာရိရှဲတို့​လွှတ်လိုက်သော ဗိမာန်တော်​အစောင့်များ​ကို​လည်းကောင်း ခေါ်ဆောင်လာ၏။ သူတို့​သည် မီးတုတ်များ၊ မီးအိမ်များ​နှင့် လက်နက်များ​ကို ကိုင်ဆောင်​၍ ထို​ဥယျာဉ်​သို့ ရောက်လာကြ၏။
4ယေရှု​သည် မိမိ​ကြုံတွေ့ရမည့် အရာ​အားလုံး​ကို သိနှင့်ပြီး​ဖြစ်သောကြောင့် ရှေ့သို့​ကြွလာ​၍ “မည်သူ့​ကို ရှာကြသနည်း” ဟု ထို​သူတို့​ကို မေးတော်မူ၏။
5ထို​သူတို့​က “နာဇရက်မြို့သား​ယေရှု​ကို ရှာကြသည်” ဟု ဆိုကြ၏။ ယေရှု​က “ငါ​သည် ထို​သူ​ပင်​ဖြစ်သည်” ဟု မိန့်တော်မူ၏။ ယေရှု​ကို သစ္စာဖောက်သော​ယုဒ​သည်လည်း ထို​သူတို့​နှင့်အတူ ရပ်နေ၏။ 6“ငါ​သည် ထို​သူ​ဖြစ်သည်” ဟု ယေရှု​မိန့်တော်မူ​သောအခါ သူတို့​အားလုံး​သည် နောက်သို့ဆုတ်​၍ မြေပေါ်​သို့ လဲကြ၏။ 7ယေရှု​က “မည်သူ့​ကို ရှာကြသနည်း” ဟု ထပ်မံ​၍ မေးတော်မူ​လျှင် သူတို့​က “နာဇရက်မြို့သား​ယေရှု​ကို ရှာကြသည်” ဟု ဆိုကြပြန်၏။
8ယေရှု​က “ ‘ငါ​သည် ထို​သူ​ဖြစ်သည်’ ဟု သင်တို့​ကို ငါ​ပြောခဲ့ပြီ။ သင်တို့ ရှာသော​သူမှာ ငါ​ဖြစ်​လျှင် ဤ​သူတို့​သွားပါလေစေ” ဟု မိန့်တော်မူ၏။ 9ဤသို့ မိန့်တော်မူခြင်း​မှာ “ကိုယ်တော် အကျွန်ုပ်​အား ပေးအပ်တော်မူခဲ့သော​သူ တစ်ယောက်​မျှ ပျက်စီးခြင်း​မရှိပါ”#18:9 ယော ၆:၃၉၊ ၁၇:၁၂။ ဟု ယခင်​က မိမိ​မိန့်တော်မူခဲ့သော​စကားတော် ဖြစ်လာ​ရန်​ပင်​ဖြစ်၏။
10ထိုအခါ ရှိမုန်​ပေတရု​သည် ဓား​ကို ဆွဲထုတ်​၍ ယဇ်ပုရောဟိတ်မင်း​၏ အစေခံ​တစ်ဦး​ကို ခုတ်​သဖြင့် ထို​သူ​၏​လက်ယာ​နားရွက် ပြတ်လေ၏။ ထို​အစေခံ​၏ အမည်​မှာ မာလခု​ဖြစ်၏။ 11ယေရှု​က ပေတရု​အား “ဓား​ကို ဓားအိမ်​၌ ပြန်ထည့်လော့။ ခမည်းတော်​ပေးတော်မူသော​ဒုက္ခဝေဒနာ​ခွက်​ကို ငါ​မသောက်ဘဲ နေရမည်လော” ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်မင်း​အိမ်​သို့ ရောက်ရှိတော်မူခြင်း
12ထိုအခါ တပ်မှူး၊ ရောမ​စစ်သားများ​နှင့် ဂျူး​လူမျိုး​ဗိမာန်တော်​အစောင့်တို့​သည် ယေရှု​ကို ဖမ်းဆီး​ချည်နှောင်​ကာ 13အန္နတ်​ထံသို့ ဦးစွာ​ခေါ်ဆောင်သွားကြ၏။ အန္နတ်​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်မင်း​ဖြစ်သော ကယာဖ​၏ ယောက္ခမ​ဖြစ်၏။ 14ထို​ကယာဖ​မှာ “လူထု​ကိုယ်စား လူတစ်ဦး​တစ်ယောက်​အသေခံခြင်း​သည် ပို​၍​ကောင်းသည်” ဟူ၍ အခြား​ဂျူးခေါင်းဆောင်များ​ကို အကြံပေးခဲ့သူ​ဖြစ်၏။
ပထမ​အကြိမ် ပေတရု​ငြင်းဆိုခြင်း
15ရှိမုန်​ပေတရု​နှင့် အခြား​တပည့်တော်​တစ်ဦး​တို့​သည် ယေရှု​နောက်တော်​သို့ လိုက်ကြ၏။ ထို​တပည့်တော်​သည် ယဇ်ပုရောဟိတ်မင်း​နှင့် သိကျွမ်းသူ​ဖြစ်​၍ ယေရှု​နှင့်အတူ ယဇ်ပုရောဟိတ်မင်း​၏ ရုံးတော်ဝင်း​သို့ လိုက်ပါခွင့်​ရလေ၏။ 16ပေတရု​မှာမူ ဝင်းတံခါး အပြင်​၌ ရပ်နေ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်း​နှင့် သိကျွမ်းသော​တပည့်တော်​က တံခါးစောင့်​အမျိုးသမီး​ကို ခွင့်တောင်း​ကာ ပေတရု​ကို ရုံးတော်ဝင်း​သို့ ခေါ်သွင်းလေ၏။ 17အမျိုးသမီး​က ပေတရု​အား “သင်​သည် ထို​သူ​၏​တပည့်များ​ထဲမှ​တစ်ယောက် မဟုတ်လော” ဟု မေး​လျှင် ပေတရု​က “မဟုတ်ပါ” ဟု ငြင်းလေ၏။
18ထိုအချိန်​တွင် အစောင့်တပ်သားများ​နှင့် အိမ်​အစေခံများ​သည် ချမ်း​သဖြင့် မီးခဲဖို​ကာ ပတ်လည်​၌ ရပ်​လျက် မီးလှုံနေကြ၏။ ပေတရု​သည်လည်း ထို​သူတို့​နှင့်အတူ ရပ်​လျက် မီးလှုံနေ၏။
ယေရှု​ကို ယဇ်ပုရောဟိတ်မင်း စစ်ဆေးမေးမြန်းခြင်း
19ထို​အချိန်​တွင် ယဇ်ပုရောဟိတ်မင်း​သည် ယေရှု​ကို တပည့်တော်တို့​၏​အကြောင်း​ကိုလည်းကောင်း၊ ယေရှု​၏​သွန်သင်ချက်များ​အကြောင်း​ကိုလည်းကောင်း စစ်ဆေးမေးမြန်း၏။ 20ယေရှု​က “ငါ​သည် ဤ​လောက​တွင် လူသိရှင်ကြား​ဟောပြောခဲ့ပြီ။ လူအပေါင်းတို့​သည် ငါ​သွန်သင်​သမျှ​ကို သိကြ၏။ ငါ​သည် ဂျူး​လူမျိုးတို့​စုဝေးရာ​ဖြစ်သော ဝတ်ပြုဆောင်များ​နှင့် ဗိမာန်တော်​၌ အစဉ်အမြဲ​ဟောပြော​သွန်သင်ခဲ့၏။ မည်သည့်​အရာကို​မျှ လျှို့ဝှက်စွာ​မဟောပြောခဲ့ပါ။ 21သို့ဖြစ်၍ သင်​သည် ဤ​မေးခွန်း​ကို အဘယ်ကြောင့် ငါ့​ကို မေးသနည်း။ ငါ​သည် မည်သို့​ဟောပြောခဲ့သည်​ကို ကြားနာသော​ပရိသတ်တို့​ကို မေးမြန်းလော့။ ငါ့​ဟောပြောချက်များ​ကို သူတို့​သိကြ၏” ဟု ဖြေတော်မူ၏။
22အနီး​တွင် ရပ်နေသော​ဗိမာန်တော်​အစောင့်တပ်သား​တစ်ဦး​က “ယဇ်ပုရောဟိတ်မင်း​ကို ဤသို့​ဖြေရမည်လော” ဟု ဆို​ကာ ယေရှု​၏​ပါးတော်​ကို ရိုက်လေ၏။
23ယေရှု​က “ငါ့​စကား မှား​လျှင် မှားကြောင်း​ကို ထောက်ပြပါ။ မှန်​လျှင် အဘယ်ကြောင့် ငါ့​ကို​ရိုက်သနည်း” ဟု မိန့်တော်မူ၏။
24ထို့နောက် အန္နတ်မင်း​သည် ယေရှု​ကို ချည်နှောင်​လျက် ယဇ်ပုရောဟိတ်မင်း ကယာဖ​ထံသို့ ပို့လိုက်၏။
ဒုတိယ​နှင့် တတိယ​အကြိမ် ပေတရု​ငြင်းဆိုခြင်း
25ထို​အချိန်​၌ ရှိမုန်​ပေတရု​သည် ရပ်​လျက် မီးလှုံ​နေစဉ် လူတို့​က “သင်​သည်လည်း သူ​၏ တပည့်များ​ထဲမှ တစ်ယောက်​မဟုတ်လော” ဟု မေးကြ၏။
ပေတရု​က “မဟုတ်ပါ” ဟု ငြင်းပြန်၏။
26သို့ရာတွင် ပေတရု​ခုတ်​သဖြင့် နားရွက်​ပြတ်သွားသူ​နှင့် ဆွေမျိုး​တော်စပ်သည့် ယဇ်ပုရောဟိတ်မင်း​၏ ကျွန်​တစ်ဦး​က “သင့်​ကို ယေရှု​နှင့်အတူ ဥယျာဉ်​ထဲ​တွင် ငါ​တွေ့မြင်ခဲ့သည် မဟုတ်လော” ဟု ပေတရု​ကို ဆို၏။ 27ပေတရု​ကလည်း ထပ်မံ​၍ ငြင်းဆိုပြန်၏။ ထို​ခဏချင်း​တွင် ကြက်တွန်လေ၏။
ပိလတ်မင်း​ရှေ့​တွင် စစ်ဆေးခံတော်မူခြင်း
28ထို့နောက် နံနက်​စောစော​အချိန်​တွင် လူတို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ပိလတ်မင်း​၏ ရုံးတော်​သို့ ခေါ်ဆောင်သွားကြ၏။ ထို​သူတို့​သည် ပသခါပွဲတော်​ညစာ​ကို စား​နိုင်ရန်​အတွက် ညစ်ညူးခြင်း​မှ ရှောင်​လို​သဖြင့် ရုံးတော်​ထဲသို့ မဝင်ဘဲ​နေကြ၏။ 29ထို့ကြောင့် ဘုရင်ခံ​ပိလတ်မင်း​သည် ထို​သူတို့ ရှိရာ​သို့ ထွက်လာ​၍ “သင်တို့​သည် ဤ​လူ အပေါ်​၌ မည်သည့်​စွဲချက်​ကို တင်ကြသနည်း” ဟု မေး၏။
30သူတို့​က “ဤ​သူ​သည် ရာဇဝတ်သား​မဟုတ်​လျှင် သူ့​ကို အရှင့်​ထံ အကျွန်ုပ်တို့​ခေါ်ဆောင်လာမည်​မဟုတ်ပါ” ဟု လျှောက်ကြ၏။
31ပိလတ်မင်း​ကလည်း “ဤသို့​ဖြစ်​လျှင် သူ့​ကို ပြန်ခေါ်​၍ သင်တို့​၏​တရားဥပဒေ​အတိုင်း စီရင်ကြလော့” ဟု ဆို၏။
ဂျူး​ခေါင်းဆောင်များ​က “အကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ သေဒဏ်​ပေးပိုင်ခွင့်​မရှိပါ” ဟု လျှောက်ကြ၏။ 32ဤသည်​မှာ မိမိ​မည်သို့​အသေခံရမည်​ကို ကြိုတင်​ဟောခဲ့သော ယေရှု​၏​စကားတော်​အတိုင်း ဖြစ်ပျက်လာခြင်း​ဖြစ်၏။#18:32 ဂျူးလူမျိုးတို့​သည် လူများ​ကို ကျောက်ခဲ​နှင့် ပေါက်​၍ သေဒဏ်​ပေးလေ့​ရှိကြပြီး ရောမလူမျိုးတို့​သည် လူများ​ကို လက်ဝါးကပ်တိုင်​တွင် သံရိုက်​၍ သေဒဏ်​ပေးလေ့​ရှိကြသည်။ ဂျူးလူမျိုး​ခေါင်းဆောင်များ ဤသို့​ပြောကြ​သဖြင့် ယေရှု​ကြိုတင်​ဟောခဲ့သည့်​အတိုင်း ရောမလူမျိုးတို့​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​တွင် သေဒဏ်​ပေးခဲ့ကြသည်။ ယေရှု​၏ ဟောပြောချက်​ကို (ယော ၁၂:၃၂-၃၃) တွင် တွေ့နိုင်သည်။
33ထိုအခါ ပိလတ်မင်း​သည် ရုံးတော်​ထဲသို့ ပြန်ဝင်​၍ ယေရှု​ကို ခေါ်လာစေ​ပြီးလျှင် “သင်​သည် ဂျူးတို့​၏ ရှင်ဘုရင်​ဖြစ်သလော” ဟု မေးလေ၏။
34ယေရှု​က “သင်​သည် မိမိ​ဆန္ဒ​အလျောက် ဤသို့​မေးသလော။ သို့မဟုတ် အခြားသူတို့​သည် ငါ့​အကြောင်း​ကို သင့်​အား ပြောကြသလော” ဟု မေးတော်မူ၏။
35ပိလတ်မင်း​က “သင်​သည် ငါ့​ကို ဂျူး​လူမျိုး​တစ်ယောက်​ဟု ထင်သလော။ သင့်​လူမျိုးများ​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​က ငါ့​ထံသို့ သင့်​ကို ဖမ်းဆီး​ခေါ်ဆောင်လာကြ၏။ မည်သည့်​ပြစ်မှု​ကို သင်​ကျူးလွန်ခဲ့သနည်း” ဟု မေး၏။
36ယေရှု​က “ငါ့​နိုင်ငံ​သည် လောကီ​နိုင်ငံ​မဟုတ်။ ဟုတ်​လျှင် ဂျူးခေါင်းဆောင်​များ​၏​ဖမ်းဆီးခြင်း​ကို ငါ​မခံရ​စေရန် ငါ့​တပည့်တို့​က တိုက်ခိုက်ကြ​လိမ့်မည်။ သို့ရာတွင် ငါ့​နိုင်ငံ​သည် ဤ​ကမ္ဘာလောက​မှ မဟုတ်” ဟု မိန့်တော်မူ၏။
37ပိလတ်မင်း​က “ဤသို့ ဆို​လျှင် သင်​သည် ရှင်ဘုရင်လော” ဟု မေး​လျှင် ယေရှု​က “သင်​ဆိုသည့်​အတိုင်း ငါ​သည် ရှင်ဘုရင်​ဖြစ်၏။ ငါ​သည် သမ္မာတရား​ကို သက်သေခံ​ရန် မွေးဖွားခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့ လာ၏။ သမ္မာတရား​ကို ချစ်မြတ်နိုးသူ​တိုင်း​သည် ငါ့​စကား​မှန်ကန်ကြောင်း​ကို သိကြ၏” ဟု မိန့်တော်မူ၏။
38ပိလတ်မင်း​က “သမ္မာတရား​ဆိုသည်​မှာ အဘယ်နည်း” ဟု မေး၏။ ထို့နောက် ပိလတ်မင်း​သည် ဂျူး​လူမျိုးများ​ရှိရာ အပြင်​သို့ တစ်ဖန်​ထွက်​၍ “ဤ​သူ​၌ မည်သည့်​ပြစ်မှု​ကိုမျှ ငါ​မတွေ့။ 39သို့ရာတွင် သင်တို့​သည် နှစ်စဉ်​ပသခါပွဲတော်​ကျင်းပချိန်​တွင် အကျဉ်းသား​တစ်ဦး​ကို လွတ်ငြိမ်းချမ်းသာခွင့်​ပေး​ရန် ငါ့​ကို တောင်းဆိုသော​ဓလေ့ထုံးတမ်း​ရှိသည် မဟုတ်လော။ ထို့ကြောင့် ဤ​ဂျူးတို့​၏​ရှင်ဘုရင်​ဆိုသူ​ကို လွှတ်ပေး​စေလိုသလော” ဟု မေး၏။
40သူတို့​က “သူ့​ကို မလွှတ်ပါနှင့်။ ဗာရဗ္ဗ​ကိုသာ လွှတ်ပေးပါ” ဟု အော်ဟစ်​၍ ပြောဆိုကြ၏။ ဗာရဗ္ဗ​သည် ဓားပြ​တစ်ဦး ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

ယောဟန် 18: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ယောဟန် 18 အကြောင်း ဗီဒီယိုများ