ယောဟန် 17
17
ယေရှုဆုတောင်းတော်မူခြင်း
1ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်လျက် “အို အဖ… အချိန်ကျပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ရန် ကိုယ်တော်သည် သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။ 2သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။ 3ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်#17:3 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။ 4အကျွန်ုပ်သည် ကိုယ်တော်မှာကြားတော်မူသမျှတို့ကို ပြီးမြောက်စေ၍ ဤလောကတွင် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေပါပြီ။ 5အို အဖ… ကမ္ဘာမတည်ရှိမီက ကိုယ်တော်နှင့်အတူ အကျွန်ုပ်ရရှိသော ဘုန်းအသရေဖြင့် အကျွန်ုပ်ကို ရှေ့တော်၌ ယခုဘုန်းကြီးစေတော်မူပါ။
6ဤလောကထဲမှ ရွေးကောက်၍ အကျွန်ုပ်ထံ ပေးအပ်တော်မူသောသူတို့အား ကိုယ်တော်အကြောင်းကို#17:6 မူရင်းဂရိကျမ်းတွင် “အဖ၏ အမည်နာမ” ဟု ဖော်ပြထားသည်။ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ကိုယ်တော်သည် ထိုသူတို့ကို ပိုင်တော်မူ၍ အကျွန်ုပ်အား ပေးအပ်တော်မူပြီ။ သူတို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တရားတော်ကို လိုက်နာကြပါပြီ။ 7အကျွန်ုပ်ထံ၌ရှိသမျှသောအရာတို့သည် ကိုယ်တော်ထံမှ ဖြစ်ကြောင်းကို ယခု ထိုသူတို့သိကြပါပြီ။ 8အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောတရားတော်ကို အကျွန်ုပ်သည် ထိုသူတို့အား ပေး၍ သူတို့သည် ခံယူရရှိကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်ထံမှ လာကြောင်းကို သူတို့သည် အမှန်ပင်သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကိုလည်း သူတို့ယုံကြည်ကြပါ၏။
9အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပါ၏။ လောကီသားတို့အတွက် ဆုတောင်းသည် မဟုတ်ပါ။ အကျွန်ုပ်ကို ပေးအပ်တော်မူသောသူတို့အတွက် ဆုတောင်းပါ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အဖပိုင်တော်မူသောသူများဖြစ်၏။ 10အကျွန်ုပ်ပိုင်သောသူ ရှိသမျှတို့ကို ကိုယ်တော်ပိုင်တော်မူ၍ ကိုယ်တော်ပိုင်တော်မူသောအရာ မှန်သမျှတို့ကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထို့ကြောင့် ထိုအရာများအားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။ 11ယခု အကျွန်ုပ်သည် ဤလောကမှ ထွက်ခွာ၍ ကိုယ်တော်ထံသို့ လာပါတော့မည်။ ထိုသူတို့သည် ဤလောက၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသောအဖ… ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်သားတည်းဖြစ်သကဲ့သို့ ထိုသူတို့သည် တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်ထံ ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်#17:11 မူရင်းဂရိကျမ်းတွင် “နာမတော်” ဟု ဖော်ပြထားသည်။ အပိုဒ်ငယ် ၁၂ တွင်လည်း ထို့အတူပင်ဖြစ်သည်။အားဖြင့် ထိုသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။ 12အကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူရှိစဉ် အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ပါ၏။ ထိုသူတို့တွင် ပျက်စီးထိုက်သူတစ်ဦးမှလွဲ၍#17:12 မူရင်းဂရိကျမ်း၌ “ပျက်စီးခြင်း၏သား” ဟု ပါရှိသည်။ အခြားမည်သူမျှ မပျက်စီးစေရန်လည်း ကျွန်ုပ်စောင့်ရှောက်ခဲ့ပါ၏။ ထိုသူ ပျက်စီးခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပျက်လာရန်ဖြစ်၏။
13ယခုအကျွန်ုပ်သည် ကိုယ်တော်ထံသို့ လာပါတော့မည်။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို အပြည့်အဝခံစားကြရစေရန် အကျွန်ုပ်သည် ဤလောကတွင် သူတို့နှင့်အတူ ရှိနေစဉ် ဤအကြောင်းအရာများကို ပြောပါ၏။ 14အကျွန်ုပ်သည် အဖ၏နှုတ်ကပတ်တော်ကို သူတို့အား ပေးအပ်ပါပြီ။ အကျွန်ုပ်သည် လောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့် မသက်ဆိုင်ကြပါ။ ထို့ကြောင့် လောကီသားတို့သည် သူတို့ကို မုန်းကြ၏။ 15ထိုသူတို့ကို ဤလောကမှ နုတ်ယူတော်မူရန် အကျွန်ုပ်တောင်းလျှောက်သည် မဟုတ်ပါ။ သို့ရာတွင် သူတို့ကို မာရ်နတ်၏ လက်မှ လွတ်ကင်းရန်ကိုသာ အကျွန်ုပ်တောင်းလျှောက်ပါ၏။ 16အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြပါ။ 17ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။ 18ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်သကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကို ဤလောကသို့ စေလွှတ်ပါ၏။ 19သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းလာစေရန် အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို သန့်ရှင်းသောယဇ်အဖြစ် ဆက်ကပ်ပါ၏။
20အကျွန်ုပ်သည် ဤတပည့်တော်တို့အတွက်သာ ဆုတောင်းသည်မဟုတ်ပါ။ သူတို့၏ ဟောပြောခြင်းအားဖြင့် နောင်တွင် အကျွန်ုပ်ကို ယုံကြည်လာကြမည့် သူတို့အတွက်လည်း ဆုတောင်းပါ၏။ 21အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
22အကျွန်ုပ်တို့သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေကို သူတို့အား ပေးပါပြီ။ 23အကျွန်ုပ်သည် သူတို့၌ တည်၍ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာတစ်သားတည်းဖြစ်ခြင်းအားဖြင့် အဖသည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကို ချစ်တော်မူကြောင်းကို လောကီသားတို့သိကြပါလိမ့်မည်။ 24အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
25တရားမျှတတော်မူသောအဖ… လောကီသားတို့သည် ကိုယ်တော်ကို မသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤတပည့်တော်တို့သိကြပါ၏။ 26ကိုယ်တော်အကြောင်းကို သူတို့ထံ၌ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ဆက်လက်၍လည်း ဖော်ပြပါမည်။ သို့မှသာ အကျွန်ုပ်အပေါ် ထားသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့၌ တည်၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယောဟန် 17: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.