YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဟန် 16

16
1သင်တို့​၏​ယုံကြည်ခြင်း​ကို မစွန့်လွှတ်​ရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ 2လူတို့​သည် သင်တို့​ကို ဂျူး​ဝတ်ပြုဆောင်များ​မှ ထုတ်ပယ်ကြ​လိမ့်မည်။ သင်တို့​ကို သတ်သောသူများ​က ထိုသို့​သတ်ခြင်း​သည် ဘုရားသခင်​၏​အမှုတော်​ကို ဆောင်ရွက်ခြင်း​ဖြစ်သည်​ဟု ခံယူသည့်​အချိန်ကာလ ရောက်လာ​လိမ့်မည်။ 3ဤသို့​ပြုကြခြင်း​မှာ သူတို့​သည် ခမည်းတော်​ကို​လည်းကောင်း၊ ငါ့​ကို​လည်းကောင်း မသိကြ​သောကြောင့် ဖြစ်၏။ 4ဤ​အကြောင်းအရာများ​ကို သင်တို့​အား ယခု ငါ​ပြောပြီ။ သို့မှသာ ဤ​အရာများ​ဖြစ်ပျက်လာ​သောအခါ သင်တို့​အား ငါ​ပြော​နှင့်ပြီး​ဖြစ်ကြောင်း​ကို သင်တို့​သတိရကြ​လိမ့်မည်။ ယခင်​က သင်တို့​ကို ငါ​မပြောဘဲ နေခဲ့သည်​မှာ ငါ​သည် သင်တို့​နှင့်အတူ ရှိနေသေး​သောကြောင့် ဖြစ်၏။
သန့်ရှင်းသော​ဝိညာဉ်တော်​၏ လုပ်ဆောင်ချက်
5ယခု​မှာမူ ငါ့​ကို စေလွှတ်တော်မူသော​အရှင်​ထံသို့ ငါ​သွားမည်။ သို့ရာတွင် ‘အဘယ်​အရပ်​သို့ သွားမည်နည်း’ ဟု သင်တို့​မမေးကြ။ 6ထိုသို့ မမေးသည့်​အပြင် ဤ​အကြောင်းအရာများ​ကို ငါ​ပြော​သောကြောင့် သင်တို့​အလွန်​ဝမ်းနည်းပူဆွေးကြ၏။ 7သင်တို့​အား ငါ​အမှန်​ဆို၏။ ထိုသို့​ငါ​သွားရခြင်း​သည် သင်တို့​အတွက် အကျိုး​ရှိ၏။ ငါ​မသွား​လျှင် ကူညီမစမည့်​အရှင်​သည် ကြွလာမည်​မဟုတ်။ ငါ​သွား​လျှင် ထို​အရှင်​ကို သင်တို့​ထံသို့ ငါ​စေလွှတ်မည်။
8ထို​အရှင်​ကြွလာ​သောအခါ လောကီသားတို့​အား အပြစ်​ကို​လည်းကောင်း၊ ဖြောင့်မတ်ခြင်း​ကို​လည်းကောင်း၊ တရားစီရင်ခြင်း​ကို​လည်းကောင်း ရှင်းလင်း​စွာ ဖော်ပြတော်မူ​လိမ့်မည်။ 9အပြစ်​အကြောင်း​ကို ဖော်ပြရခြင်း​မှာ ငါ့​ကို မယုံကြည်​သောကြောင့်​ဖြစ်၏။ 10ဖြောင့်မတ်ခြင်း​အကြောင်း​ကို ဖော်ပြရခြင်း​မှာ ငါ​သည် ခမည်းတော်​ထံသို့ သွားရမည်​ဖြစ်​၍ သင်တို့​သည် ငါ့​ကို ပြန်လည်​မြင်ရမည်​မဟုတ်​သောကြောင့်​ဖြစ်၏။ 11တရားစီရင်တော်မူခြင်း​အကြောင်း​ကို ဖော်ပြရခြင်း​မှာ လောက​ကို အုပ်စိုးသော​မင်း​သည် တရားစီရင်ခြင်း​ခံရပြီ​ဖြစ်သောကြောင့်​ပင်။
12ငါ​သည် သင်တို့​ကို ပြောစရာ​များစွာ​ရှိသော်လည်း ယခု​အချိန်​တွင် သင်တို့​မခံယူနိုင်ကြ။ 13သမ္မာတရား​ကို ဖော်ပြသည့်​ဝိညာဉ်တော် ကြွလာတော်မူ​သောအခါ သင်တို့​အား သမ္မာတရား​အလုံးစုံ​ကို သွန်သင်​ပြသတော်မူ​လိမ့်မည်။ ထို​ဝိညာဉ်တော်​သည် မိမိ​အလိုအလျောက် ဟောပြောတော်မူမည်​မဟုတ်။ မိမိ​ကြားသိ​ရသည့် အကြောင်းအရာတို့​ကို သင်တို့​အား ဟောပြောတော်မူ​လိမ့်မည်။ အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုလည်း ဖော်ပြတော်မူ​လိမ့်မည်။ 14ထို​ဝိညာဉ်တော်​သည် ငါ့​ထံမှ ရရှိသော​သမ္မာတရား​ကို သင်တို့​အား ဖော်ပြပေးခြင်း​အားဖြင့် ငါ့​ဘုန်း​ကို ထင်ရှားစေတော်မူ​လိမ့်မည်။ 15ခမည်းတော်​နှင့် သက်ဆိုင်​သမျှသော​အရာတို့​သည် ငါ​နှင့် သက်ဆိုင်၏။ ထို့ကြောင့် ‘ဝိညာဉ်တော်​သည် ငါ့​ထံမှ ရရှိသော​သမ္မာတရား​ကို သင်တို့​အား ဖော်ပြတော်မူ​လိမ့်မည်’ ဟု ငါ​ပြောဆိုခဲ့၏။
ဝမ်းနည်းခြင်း​မှ ဝမ်းမြောက်ခြင်း​သို့ ပြောင်းလဲခြင်း
16မကြာမီ အချိန်​တွင် သင်တို့​သည် ငါ့​ကို တွေ့မြင်​ကြရတော့မည်​မဟုတ်။ သို့ရာတွင် အချိန်​အနည်းငယ် ကြာပြန်သော် ငါ့​ကို ပြန်လည်​တွေ့မြင်ကြရ​လိမ့်မည်” ဟု မိန့်တော်မူ၏။
17တပည့်တော်​တချို့​က “ ‘မကြာမီ အချိန်​တွင် သင်တို့​သည် ငါ့​ကို တွေ့မြင်​ကြရတော့မည်​မဟုတ်။ သို့ရာတွင် အချိန်​အနည်းငယ် ကြာပြန်သော် ငါ့​ကို ပြန်လည်​တွေ့မြင်ကြရ​လိမ့်မည်’ ဟူ၍ လည်းကောင်း၊ ‘ငါ​သည် ခမည်းတော်​ထံသို့ သွားမည်’ ဟူ၍ လည်းကောင်း ငါတို့​ကို မိန့်တော်မူသော​စကားတို့​မှာ မည်သို့သော​အဓိပ္ပာယ် ဖြစ်မည်နည်း။ 18ထို့ပြင် ‘မကြာမီ အချိန်​တွင်’ ဟူသော စကား​၏​အဓိပ္ပာယ်​မှာ မည်သို့နည်း။ ယေရှု​မိန့်တော်မူသော​စကားတို့​သည် မည်သည့်​အရာ​ကို ဆိုလိုကြောင်း ငါတို့​မသိ” ဟု အချင်းချင်း​ပြောဆိုကြ၏။
19ယေရှု​သည် တပည့်တော်တို့ မေးခွန်း​မေးလျှောက်​လိုကြောင်း​ကို သိတော်မူ​သောအခါ “ ‘မကြာမီ အချိန်​တွင် သင်တို့​သည် ငါ့​ကို တွေ့မြင်​ကြရတော့မည်​မဟုတ်။ သို့ရာတွင် အချိန်​အနည်းငယ် ကြာပြန်သော် ငါ့​ကို ပြန်လည်​တွေ့မြင်ကြရ​လိမ့်မည်’ ဟု သင်တို့​ကို ငါ​ပြောသော​စကား​နှင့်​ပတ်သက်​၍ အချင်းချင်း​မေးမြန်း​ပြောဆို နေကြသလော။ 20သင်တို့​အား ငါ​အမှန်​ဆိုရ​လျှင် ငါ​၌ ဖြစ်ပျက်လာမည့်​အရာ​ကြောင့် သင်တို့​သည် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ သို့သော် လောကီသားတို့​မှာမူ ဝမ်းမြောက်ကြ​လိမ့်မည်။ သင်တို့​သည် ဝမ်းနည်းပူဆွေးကြ​သော်လည်း ထို​ဝမ်းနည်းခြင်း​သည် ဝမ်းမြောက်ခြင်း​အဖြစ်သို့ ပြောင်းလဲသွား​လိမ့်မည်။ 21အမျိုးသမီး​တစ်ဦး​သည် သားဖွားချိန်​၌ ဝေဒနာ​ပြင်းစွာ​ခံစားရ၏။ သို့သော် မီးဖွားပြီး​သောအခါ လူ့​လောက​ထဲသို့ လူ​တစ်ယောက် မွေးဖွားလာသည့်​အတွက် ဝမ်းမြောက်​သဖြင့် မိမိ​ခံစားခဲ့ရသော​ဝေဒနာ​ကို မေ့လျော့တတ်၏။ 22ထို​နည်းတူ သင်တို့​သည် ယခု​ဝမ်းနည်းကြ၏။ သို့သော် ငါ​သည် သင်တို့​နှင့် ပြန်​တွေ့မည်​ဖြစ်သောကြောင့် သင်တို့​သည် ဝမ်းမြောက်ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်ခြင်း​ကိုလည်း မည်သူ​ကမျှ လုယူ​ဖျက်ဆီး​၍ မရနိုင်။ 23ထို​အချိန်​၌ သင်တို့​သည် မည်သည့်​အရာ​ကိုမျှ ငါ့​ကို မေးမြန်းကြ​လိမ့်မည်​မဟုတ်။ ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် ငါ့​နာမ​ကို အမှီပြု​၍ ခမည်းတော်​ထံ တောင်း​သမျှ​ကို ခမည်းတော်​သည် ပေးတော်မူ​လိမ့်မည်။ 24ယခု​အချိန်​ထိ သင်တို့​သည် ငါ့​နာမ​ကို အမှီပြု​၍ မည်သည့်​အရာ​ကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝ​ဝမ်းမြောက်​နိုင်ရန် တောင်းကြလော့။ တောင်း​လျှင် တောင်းသည့်​အတိုင်း ရကြ​လိမ့်မည်။
25ဤ​အကြောင်းအရာများ​ကို ပုံဆောင်​တင်စား​၍ ငါ​ဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်​တင်စား​ရန် မလိုဘဲ ခမည်းတော်​၏​အကြောင်း​မှန်သမျှ​ကို ရှင်းလင်း​စွာ ငါ​ဖော်ပြမည့်​အချိန် ရောက်လာ​လိမ့်မည်။ 26ထို​အချိန်​၌ သင်တို့​သည် ငါ့​နာမ​ကို အမှီပြု​၍ တောင်းကြ​လိမ့်မည်။ သို့ရာတွင် ငါ​သည် ခမည်းတော်​ထံ သင်တို့​ကိုယ်စား တောင်းပေးမည်​ဟု မဆို။ 27သင်တို့​သည် ငါ့​ကို ချစ်​၍ ငါ​သည် ဘုရားသခင်#16:27 “ဘုရားသခင်” အချို့​လက်ရေးမူကျမ်းများ​တွင် “ခမည်းတော်” ဟု ဖော်ပြထားသည်။​ထံမှ လာကြောင်း​ကို ယုံကြည်ကြ​သောကြောင့် ခမည်းတော်​ကိုယ်တိုင် သင်တို့​ကို ချစ်တော်မူ၏။ 28ငါ​သည် ခမည်းတော်​ထံမှ ဤ​လောက​သို့ လာခဲ့၏။ ယခု ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ ငါ​ပြန်မည်” ဟု မိန့်တော်မူ၏။
29ထိုအခါ တပည့်တော်တို့​က “ကိုယ်တော်​သည် ယခု​တွင် ပုံဥပမာ​မဆောင်ဘဲ ရှင်းလင်း​စွာ မိန့်တော်မူ၏။ 30ကိုယ်တော်​သည် အရာခပ်သိမ်း​ကို သိမြင်တော်မူ​၍ မည်သူမျှ ကိုယ်တော့်​ကို မေးလျှောက်​ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့​သိကြပါ၏။ ထို့ကြောင့် သခင်​သည် ဘုရားသခင်​ထံမှ ကြွလာကြောင်း​ကို အကျွန်ုပ်​တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
31ယေရှု​က “သင်​တို့ ယခု​ယုံကြပြီလော။ 32သင်တို့​သည် ငါ့​ကို တစ်ယောက်တည်း စွန့်ပစ်ပြီး​လျှင် မိမိအိမ်မိမိ တကွဲတပြား​ထွက်ပြေးကြမည့်​အချိန် ရောက်လာ​လိမ့်မည်။ ထို​အချိန်​သည် ယခု​ပင် ရောက်လေပြီ။ သို့သော်လည်း ငါ​သည် တစ်ကိုယ်တည်း​မဟုတ်။ ခမည်းတော်​သည် ငါ​နှင့်အတူ ရှိတော်မူ၏။ 33ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

ယောဟန် 16: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ