တမန်တော် 2
2
သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွလာခြင်း
1ပင်တေကုတ္တေပွဲနေ့#2:1 ပင်တေကုတ္တေပွဲနေ့သည် ပသခါပွဲတော်ကျင်းပပြီးနောက် ၅၀ ရက်မြောက်နေ့တွင် ကျရောက်သည်။ရောက်သောအခါ ယုံကြည်သူအပေါင်းတို့သည် တစ်နေရာတည်းတွင် အတူတကွ စုဝေးနေကြ၏။ 2ထိုအခါ ပြင်းထန်သောလေပြင်းမုန်တိုင်းကဲ့သို့ အသံသည် ကောင်းကင်မှ ရုတ်တရက်ထွက်ပေါ်လာ၍ သူတို့ထိုင်နေသောအိမ်ကို ဖုံးလွှမ်းလေ၏။ 3မီးလျှံနှင့်တူသော လျှာများသည် ပေါ်လာ၍ အဖြာဖြာကွဲထွက်ကာ သူတို့တစ်ဦးချင်းစီအပေါ်၌ တည်နေကြ၏။ 4ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
5ထိုနေ့တွင် ကောင်းကင်အောက်ရှိ တိုင်းနိုင်ငံအသီးသီးမှ ဘုရားတရားကိုင်းရှိုင်းသော ဂျူးတို့သည် ဂျေရုဆလင်မြို့၌ ရှိနေကြ၏။ 6ထိုအသံကို ကြားသောအခါ လူတို့သည် စုရုံးလာကြပြီး မိမိတို့၏ဘာသာစကားအသီးသီးဖြင့် တမန်တော်တို့က ဟောပြောလျက်ရှိသောကြောင့် စိတ်ရှုပ်ထွေးကြ၏။
7သူတို့က မိန်းမောတွေဝေလျက် “နားထောင်ကြလော့။ ယခု ဟောပြောသောသူတို့သည် ဂါလိလဲပြည်သားများမဟုတ်လော။ 8ထိုသို့ဖြစ်လျှင် ငါတို့အသီးသီးသည် ကိုယ့်မိခင်ဘာသာစကားကို အဘယ်ကြောင့်ကြားနေရသနည်း။ 9ငါတို့တွင် ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊ 10ဖြူဂိပြည်နှင့် ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့ပိုင်သော လိဗုပြည်၏နယ်မြေဒေသများမှ လာကြသူများ၊ ရောမမြို့မှ ခရီးသွားများ၊ ဂျူးလူမျိုးနှင့် ဂျူးဘာသာဝင်ဖြစ်လာသူများ၊ 11ကရေတေပြည်သားနှင့် အာရပ်ပြည်သားများစသည်ဖြင့်အသီးသီးရှိကြ၏။ သို့ရာတွင် ဤသူတို့သည် ငါတို့၏ဘာသာစကားဖြင့် ဘုရားသခင်၏အံ့ဖွယ်အမှုတော်တို့ကို ဟောပြောလေပြီ” ဟု ဆိုကြ၏။ 12ထိုလူအပေါင်းတို့သည် အံ့ဩတွေဝေလျက် “ဤအခြင်းအရာသည် မည်သည့်အရာကို ဆိုလိုသနည်း” ဟူ၍ အချင်းချင်းပြောဆိုကြ၏။
13လူတချို့က “သူတို့သည် စပျစ်ဝိုင်အသစ်ကိုသောက်၍ မူးယစ်နေကြသည်” ဟု ကဲ့ရဲ့ပြောဆိုကြ၏။
ပေတရု၏ဟောပြောချက်
14ထို့နောက် ပေတရုသည် တမန်တော်ဆယ့်တစ်ပါးတို့နှင့်အတူ ရပ်လျက် လူထုပရိသတ်တို့အား ဟစ်အော်၍ ဟောပြောသည်မှာ “အို ယုဒပြည်သားများနှင့် ဂျေရုဆလင်မြို့သားတို့… ငါ့စကားကို သေချာစွာ နားထောင်ကြလော့။ ဤအရာများကို သင်တို့အား ရှင်းပြပါရစေ။ 15ယခုမှာ နံနက်ကိုးနာရီ#2:15 မူရင်းဂရိကျမ်းမှ တိုက်ရိုက်ပြန်ဆိုလျှင် “တတိယနာရီ” ဖြစ်သည်။ ဂျူးလူမျိုးများသည် အချိန်နာရီကို နံနက်ခြောက်နာရီမှ စတင်၍ ရေတွက်သောကြောင့် “တတိယနာရီ” ဟု ဆိုရာတွင် နံနက်ကိုးနာရီကို ဆိုလိုခြင်းဖြစ်သည်။အချိန်ဖြစ်၍ ဤသူတို့သည် သင်တို့ထင်သကဲ့သို့ မူးယစ်ကြသည်မဟုတ်။ 16ဤအရာကို ပရောဖက်ယောလကြိုတင်ဟောပြောသည်မှာ
17‘ဘုရားသခင်က “နောက်ဆုံးသောနေ့ရက်များ၌
ငါ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ် သွန်းလောင်း၍
သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။
အသက်ငယ်သောသူတို့သည် ရူပါရုံကို မြင်၍
အသက်ကြီးသောသူတို့သည် အိပ်မက်များကို မက်ကြလိမ့်မည်။
18ထိုနေ့ရက်များ၌ ငါ၏အစေခံအမျိုးသမီး၊ အမျိုးသားများအပေါ်သို့
ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းသဖြင့်
သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။
19ငါသည် အထက်ကောင်းကင်၌ အံ့ဖွယ်ဖြစ်ရပ်များနှင့်
မြေကြီးပေါ်၌ နိမိတ်လက္ခဏာများကို ပြမည်။
သွေး၊ မီးလျှံ၊ မီးခိုးငွေ့များကို ငါပြမည်။
20ထာဝရဘုရား၏ကြီးမြတ်တော်မူသောနေ့မတိုင်မီ
နေသည် အမှောင်ထုအဖြစ်သို့လည်းကောင်း၊
လသည်လည်း သွေးကဲ့သို့လည်းကောင်း ပြောင်းလဲလိမ့်မည်။
21သို့ရာတွင် ထာဝရဘုရား၏အမည်နာမကို အမှီပြု၍ ဆုတောင်းသောသူအပေါင်းတို့သည်
ကယ်တင်ခြင်းခံရလိမ့်မည်” ဟု မိန့်တော်မူ၏’#2:21 ယောလ ၂:၂၈-၃၂။
ဟူ၍ ဖြစ်၏။
22အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။ 23ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။ 24သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။ 25ထိုသူအကြောင်းကို ဒါဝိဒ်မင်းက
‘ငါသည် ထာဝရဘုရားကို အစဉ်ဖူးမြင်ပါ၏။
ကိုယ်တော်သည် ငါ့အနား၌ ရှိတော်မူသောကြောင့် ငါသည် တုန်လှုပ်ခြင်းမရှိ။
26ထို့ကြောင့် ငါ့စိတ်နှလုံးသည် ရွှင်လန်း၍
ငါ့နှုတ်သည် ချီးမွမ်းလေ၏။
ထိုမျှမက ငါ့ကိုယ်ခန္ဓာသည်လည်း မျှော်လင့်လျက် အသက်ရှင်လိမ့်မည်။
27ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။
ကိုယ်တော်၏သန့်ရှင်းသူကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်။
28ကိုယ်တော်သည် ကျွန်ုပ်အား အသက်လမ်းတို့ကို ဖော်ပြတော်မူပြီဖြစ်၍
ကိုယ်တော်၏ရှေ့တော်၌ ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝစေလိမ့်မည်’#2:28 ဆာ ၁၆:၈-၁၁။
ဟု ဆို၏။
29ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့အား ကျွန်ုပ်တို့ဘိုးဘေးဒါဝိဒ်မင်း၏အကြောင်းကို သေချာစွာပြောပါရစေ။ သူသည် သေလွန်၍ သင်္ဂြိုဟ်ခံရသဖြင့် သူ၏သင်္ချိုင်းဂူသည် ယနေ့တွင် ငါတို့နှင့်အတူ ရှိသေး၏။ 30သူသည် ပရောဖက်တစ်ပါးဖြစ်၍ ဘုရားသခင်သည် သူ၏မျိုးဆက်များထဲမှ တစ်ဦးကို သူ၏ရာဇပလ္လင်ပေါ်တွင် ထိုင်စေလိမ့်မည်ဟု သစ္စာနှင့် ကျိန်ဆိုတော်မူသည်ကို သိခဲ့ပြီးဖြစ်၏။ 31ဒါဝိဒ်မင်းသည် ဤအရာကို ကြိုတင်သိမြင်သဖြင့် ခရစ်တော်#2:31 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။၏ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ပတ်သက်၍ ‘သူ့ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်၊ ကိုယ်ခန္ဓာကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်’ ဟု ဆိုလေ၏။
32ဘုရားသခင်သည် ယေရှုအား သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၍ ငါတို့သည်လည်း ထိုထမြောက်ခြင်း၏သက်သေများဖြစ်ကြ၏။ 33ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်တော်မူခြင်းခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကို အဖဘုရားထံမှ ခံယူသည်နှင့်အညီ၊ ထိုသခင်သည် သင်တို့မြင်တွေ့ကြားသိသည့်အတိုင်း ဤသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပြီ။ 34-35ဒါဝိဒ်မင်းသည် ကောင်းကင်ဘုံသို့ မတက်ပါ။ သို့သော်လည်း သူက
‘ထာဝရဘုရားသည် ကျွန်ုပ်၏သခင်အား
“ငါ၏ လက်ယာဘက်၌ ထိုင်လော့။
ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံဖြစ်စေလိမ့်မည်”#2:34-35 ဆာ ၁၁၀:၁။
ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုလေ၏။
36ထို့ကြောင့် အစ္စရေးလူမျိုးအပေါင်းတို့… လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့သတ်သော ထိုယေရှုကို ဘုရားသခင်သည် အရှင်သခင်နှင့်ခရစ်တော်အရာ၌ ခန့်ထားတော်မူသည်ကို သေချာစွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။
37သူတို့သည် ထိုဟောပြောချက်ကို ကြားသောအခါ စိတ်နှလုံးကြေကွဲ၍ ပေတရုနှင့် အခြားတမန်တော်များအား “ညီအစ်ကိုတို့… ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။
38ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။ 39ထိုကတိတော်သည် သင်တို့မှစ၍ သင်တို့၏သားသမီးများနှင့် ကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားခေါ်တော်မူသည့် အဝေး၌ ရှိသောသူအပေါင်းတို့အတွက် ဖြစ်သည်” ဟု ဟောပြောလေ၏။ 40ထို့နောက် ပေတရုသည် အခြားစကားများဖြင့် သက်သေခံဟောပြောပြီးနောက် “ပျက်စီးလျက်ရှိသောဤမျိုးဆက်မှ မိမိကိုယ်ကိုယ်ကယ်နုတ်ကြလော့” ဟု တိုက်တွန်းနိုးဆော်လေ၏။
41ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
ယုံကြည်သူအချင်းချင်း ပေးကမ်းဝေမျှကြခြင်း
42ထိုယုံကြည်သူများသည် တမန်တော်တို့၏ သွန်သင်မှုကိုခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်ကြ၏။
43တမန်တော်တို့သည်လည်း အံ့ဖွယ်ဖြစ်ရပ်များနှင့် နိမိတ်လက္ခဏာများကို ပြကြသောကြောင့် လူအပေါင်းတို့သည် အလွန်ကြောက်ရွံ့ရိုသေကြ၏။ 44ယုံကြည်သူအပေါင်းတို့သည် တစ်စုတစ်ဝေးတည်းနေလျက် မိမိတို့ပိုင်ဆိုင်သမျှကို အချင်းချင်းဝေမျှသုံးစွဲကြ၏။ 45သူတို့သည် မိမိတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းတို့ကို ရောင်းချ၍ ရရှိသောအကျိုးအမြတ်များကို လိုအပ်နေသောသူအပေါင်းတို့အား ဝေငှပေးကမ်းကြ၏။ 46ထိုသူတို့သည် နေ့စဉ် ဗိမာန်တော်၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ၌ မုန့်ကိုဖဲ့ခြင်း၊ ဝမ်းမြောက်သောစိတ်နှင့် ရက်ရောသောစိတ်တို့ဖြင့် မိမိတို့၏အစာကို စားသုံးကြခြင်း စသည်တို့ကိုပြုလုပ်ကြ၏။ 47ဘုရားသခင်ကို ချီးမွမ်း၍ လူအပေါင်းတို့၏ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည် ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှ တိုးပွားစေတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 2: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.