YouVersion Logo
Search Icon

ဆာလံကျမ်း 103

103
အပြစ်ကိုခွင့်လွှတ်တော်မူသောဘုရားသခင်
ဒါဝိဒ်​၏​ဆာလံ
1အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။
ငါ​၏​အထဲ​၌ ရှိသမျှ​တို့​၊ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို
ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
2အို ငါ့​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။
ကိုယ်တော်​၏​ကျေးဇူး​တော်​အပေါင်း​ကို မ​မေ့လျော့​နှင့်​။
3ကိုယ်တော်​သည် သင်​၏​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​၍
သင်​၏​အနာရောဂါ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏​။#၁ပေ 2:24။
4သင်​၏​အသက်​ကို သေတွင်း​ထဲမှ​ရွေးနုတ်​၍
သင့်​ကို မေတ္တာကရုဏာ​နှင့်​သနားစုံမက်​ခြင်း​သရဖူ ဆောင်း​ပေး​တော်မူ​၏​။
5သင်​၏​ဘဝ​ကို ကောင်းမြတ်​သော​အရာ​ဖြင့် ပြည့်စုံကြွယ်ဝ​စေ​တော်မူ​သဖြင့်
သင်​၏​ပျိုရွယ်မှု​သည် လင်းယုန်​ကဲ့သို့ အသစ်ပြုပြင်​ခြင်း​ကို​ခံရ​၏​။
6ထာဝရဘုရား​သည် နှိပ်စက်​ခြင်း​ခံရ​သူ အပေါင်း​တို့​အတွက်
ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​ကို စီရင်​ပေး​တော်မူ​၏​။
7မိမိ​၏​လမ်း​တော်​များ​ကို မောရှေ​အား​လည်းကောင်း​၊
မိမိ​ပြု​တော်မူ​သော​အမှု​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား​လည်းကောင်း သိ​စေ​တော်မူ​၏​။
8ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​၊
စိတ်ရှည်​သော​သဘော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​သဘော​ရှိ​တော်မူ​၏​။#ယာ 5:11။
9အစဉ် အပြစ်တင်​တော်မူ​မည်​မ​ဟုတ်​။
အမျက်​တော်​ကို ထာဝရ​သို​ထား​တော်မူ​မည်​မ​ဟုတ်​။
10ငါ​တို့​၏​အပြစ်​နှင့်အညီ ငါ​တို့​အား ပြု​တော်​မ​မူ​။
ငါ​တို့​၏​ဒုစရိုက်​နှင့်အညီ ငါ​တို့​အား တုံ့ပြန်​တော်​မ​မူ​။
11အကြောင်းမူကား မြေကြီး​အပေါ်​၌ ကောင်းကင်​သည် မြင့်မား​လှ​သည့်​အတိုင်း
ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပေ​၏​။#လု 1:50။
12အရှေ့​အရပ်​သည် အနောက်​အရပ်​နှင့်​ဝေးကွာ​သည့်​အတိုင်း
ကိုယ်တော်​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ငါ​တို့​နှင့်​ဝေးကွာ​စေ​တော်မူ​၏​။
13ဖခင်​သည် မိမိ​၏​သားသမီး​များ​ကို သနားစုံမက်​သကဲ့သို့ ထာဝရဘုရား​သည်
မိမိ​အား​ကြောက်ရွံ့​သော​သူ​တို့​ကို သနားစုံမက်​တော်မူ​၏​။
14အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​ခန္ဓာကိုယ်​ဖွဲ့စည်း​ပုံ​ကို​သိ​တော်မူ​၏​။
ငါ​တို့​သည် မြေမှုန့်​ဖြစ်ကြောင်း​ကို သတိရ​တော်မူ​၏​။
15လူ​၏​အသက်တာ​နေ့ရက်​တို့​သည် မြက်ပင်​ကဲ့သို့​ဖြစ်​၏​။
သူ​သည် ကွင်းပြင်​ရှိ​ပန်းပွင့်​ကဲ့သို့ ရှင်သန်​တတ်​၏​။
16လေ​တိုက်ခတ်​သောအခါ ထို​ပန်းပွင့်​သည် ပျောက်ကွယ်​သွား​၍
သူ့​နေရာ​ပင်လျှင် သူ့​ကို​မ​သိ​တော့​ပေ​။
17သို့ရာတွင် ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည်
ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌
ထာဝရ​ကာလ​မှ​ထာဝရ​ကာလ​တိုင်အောင်​တည်​၏​။#ဆာ 103:11၊ လု 1:50။
ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း
သူ​တို့​၏​သားမြေးစဉ်ဆက်​အပေါ်​၌​လည်းကောင်း​၊
18ပဋိညာဉ်​တော်​ကို​စောင့်ထိန်း​၍ ဥပဒေသ​တို့​ကို လိုက်နာ​ရန်
သတိရ​သော​သူ​တို့​အပေါ်​၌​လည်းကောင်း တည်​၏​။
19ထာဝရဘုရား​သည် မိမိ​၏​ပလ္လင်​ကို ကောင်းကင်ဘုံ​၌ တည်​တော်မူ​၏​။
ကိုယ်တော်​၏​နိုင်ငံ​တော်​သည်​လည်း အရာခပ်သိမ်း​တို့​ကို အုပ်စိုး​တော်မူ​၏​။
20ကိုယ်တော်​၏​အမိန့်​တော်​အတိုင်း​လုပ်ဆောင်​၍ အမိန့်​တော်​သံ​ကို​နာခံ​ကြ​သည့်
တန်ခိုး​ခွန်အားကြီး​သော ကိုယ်တော်​၏​ကောင်းကင်တမန်​တို့​၊
ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
21ကိုယ်တော်​၏​အမှု​တော်​ကို​ထမ်းဆောင်​၍ အလို​တော်​အတိုင်း​လုပ်ဆောင်​သော
ကိုယ်တော်​၏​ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​၊ ထာဝရဘုရား​ကို
ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
22ကိုယ်တော်​အုပ်စိုး​သော​အရပ်​ရှိသမျှ​တို့​မှ ကိုယ်တော်​ပြုလုပ်​ဖန်ဆင်း​သော​အရာ​ရှိသမျှ​တို့​၊
ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။
အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in