ဆာလံကျမ်း 103
103
အပြစ်ကိုခွင့်လွှတ်တော်မူသောဘုရားသခင်
ဒါဝိဒ်၏ဆာလံ
1အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။
ငါ၏အထဲ၌ ရှိသမျှတို့၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို
ကောင်းချီးထောမနာပြုကြလော့။
2အို ငါ့စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။
ကိုယ်တော်၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
3ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍
သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။#၁ပေ 2:24။
4သင်၏အသက်ကို သေတွင်းထဲမှရွေးနုတ်၍
သင့်ကို မေတ္တာကရုဏာနှင့်သနားစုံမက်ခြင်းသရဖူ ဆောင်းပေးတော်မူ၏။
5သင်၏ဘဝကို ကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝစေတော်မူသဖြင့်
သင်၏ပျိုရွယ်မှုသည် လင်းယုန်ကဲ့သို့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
6ထာဝရဘုရားသည် နှိပ်စက်ခြင်းခံရသူ အပေါင်းတို့အတွက်
ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို စီရင်ပေးတော်မူ၏။
7မိမိ၏လမ်းတော်များကို မောရှေအားလည်းကောင်း၊
မိမိပြုတော်မူသောအမှုတို့ကို အစ္စရေးအမျိုးသားတို့အားလည်းကောင်း သိစေတော်မူ၏။
8ထာဝရဘုရားသည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊
စိတ်ရှည်သောသဘော၊ မေတ္တာကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။#ယာ 5:11။
9အစဉ် အပြစ်တင်တော်မူမည်မဟုတ်။
အမျက်တော်ကို ထာဝရသိုထားတော်မူမည်မဟုတ်။
10ငါတို့၏အပြစ်နှင့်အညီ ငါတို့အား ပြုတော်မမူ။
ငါတို့၏ဒုစရိုက်နှင့်အညီ ငါတို့အား တုံ့ပြန်တော်မမူ။
11အကြောင်းမူကား မြေကြီးအပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း
ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ မေတ္တာကရုဏာတော်သည် ကြီးမားလှပေ၏။#လု 1:50။
12အရှေ့အရပ်သည် အနောက်အရပ်နှင့်ဝေးကွာသည့်အတိုင်း
ကိုယ်တော်သည် ငါတို့ကျူးလွန်သောအပြစ်များကို ငါတို့နှင့်ဝေးကွာစေတော်မူ၏။
13ဖခင်သည် မိမိ၏သားသမီးများကို သနားစုံမက်သကဲ့သို့ ထာဝရဘုရားသည်
မိမိအားကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
14အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုသိတော်မူ၏။
ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို သတိရတော်မူ၏။
15လူ၏အသက်တာနေ့ရက်တို့သည် မြက်ပင်ကဲ့သို့ဖြစ်၏။
သူသည် ကွင်းပြင်ရှိပန်းပွင့်ကဲ့သို့ ရှင်သန်တတ်၏။
16လေတိုက်ခတ်သောအခါ ထိုပန်းပွင့်သည် ပျောက်ကွယ်သွား၍
သူ့နေရာပင်လျှင် သူ့ကိုမသိတော့ပေ။
17သို့ရာတွင် ထာဝရဘုရား၏မေတ္တာကရုဏာတော်သည်
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အပေါ်၌
ထာဝရကာလမှထာဝရကာလတိုင်အောင်တည်၏။#ဆာ 103:11၊ လု 1:50။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း
သူတို့၏သားမြေးစဉ်ဆက်အပေါ်၌လည်းကောင်း၊
18ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ ဥပဒေသတို့ကို လိုက်နာရန်
သတိရသောသူတို့အပေါ်၌လည်းကောင်း တည်၏။
19ထာဝရဘုရားသည် မိမိ၏ပလ္လင်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၏။
ကိုယ်တော်၏နိုင်ငံတော်သည်လည်း အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။
20ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့်
တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ကောင်းကင်တမန်တို့၊
ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
21ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်၍ အလိုတော်အတိုင်းလုပ်ဆောင်သော
ကိုယ်တော်၏ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ ထာဝရဘုရားကို
ကောင်းချီးထောမနာပြုကြလော့။
22ကိုယ်တော်အုပ်စိုးသောအရပ်ရှိသမျှတို့မှ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့၊
ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။
Currently Selected:
ဆာလံကျမ်း 103: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative