ဆာလံကျမ်း 104
104
ဖန်ဆင်းရှင် ဘုရားသခင်
1အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။
အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူ၏။
ကိုယ်တော်သည် ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်ကို ဆင်မြန်းတော်မူ၏။
2အလင်းကို ခြုံထည်ကဲ့သို့လွှမ်းခြုံထား၍
ကောင်းကင်ကို ရွက်ထည်ကဲ့သို့ ဖြန့်ကြက်ထားတော်မူ၏။
3ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး
တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက်
လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
4မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊
မိမိ၏အမှုကိုထမ်းဆောင်သောသူတို့အား လောင်ကျွမ်းသောမီးကဲ့သို့လည်းကောင်း
ဖြစ်စေတော်မူ၏။#ဟေဗြဲ 1:7။
5မြေကြီးကို ၎င်း၏အုတ်မြစ်များပေါ်တွင် တည်ထားတော်မူ၍
၎င်းသည် မည်သည့်အခါမျှ တုန်လှုပ်လိမ့်မည်မဟုတ်။
6ကိုယ်တော်သည် ထိုမြေကြီးကို
အဝတ်နှင့်ဖုံးလွှမ်းသကဲ့သို့ နက်ရှိုင်းသောရေထုဖြင့် ဖုံးလွှမ်းတော်မူ၏။
ရေထုသည် တောင်များပေါ်တွင် တည်လျက်ရှိပါ၏။
7ကိုယ်တော်ဆုံးမတော်မူသောအခါ ထွက်ပြေးသွားပါ၏။ မိုးချုန်းသံနှင့်တူသောအသံတော်ကြောင့် အလျင်အမြန်ထွက်ပြေးသွားပါ၏။
8တောင်များပေါ်တက်သွား၍ ချိုင့်ဝှမ်းများထဲသို့စီးဆင်းလျက်
မိမိတို့အတွက် ကိုယ်တော်ချမှတ်ထားသောနေရာသို့ သွားကြပါ၏။
9ရေထုသည် ပြန်လှည့်လာ၍ ကမ္ဘာမြေကြီးကို မဖုံးလွှမ်းစေရန်
သူတို့မကျော်ရမည့်နယ်နိမိတ်ကို သတ်မှတ်တော်မူ၏။
10ကိုယ်တော်သည် လျှိုမြောင်များထဲ၌ စမ်းရေတို့ကိုထွက်စေတော်မူ၍
တောင်များကြား၌ စီးဆင်းကြပါ၏။
11ထိုစမ်းရေတို့သည် တောရိုင်းတိရစ္ဆာန်အပေါင်းတို့အား သောက်စရာရေကိုပေး၍
မြည်းရိုင်းတို့ကို ရေငတ်ပြေစေ၏။
12မိုးကောင်းကင်ငှက်တို့သည် ၎င်းတို့အနီးတွင် နေကြပြီး
သစ်ကိုင်းများကြားတွင် တွန်ကျူးကြ၏။
13ကိုယ်တော်သည် တောင်များကို မိမိ၏အထက်ခန်းတို့မှ ရေလောင်းတော်မူ၏။
ကမ္ဘာမြေကြီးသည် ကိုယ်တော်ပြုတော်မူသော အမှုတို့၏အသီးအပွင့်ကြောင့်
ပြည့်စုံကြွယ်ဝလျက်ရှိပါ၏။
14ကိုယ်တော်သည် တိရစ္ဆာန်အတွက် မြက်ပင်ကိုလည်းကောင်း၊
လူတို့စိုက်ပျိုးရန်အတွက် အပင်ကိုလည်းကောင်း ပေါက်စေတော်မူ၍
မြေကြီးထဲမှ အစားအစာကိုလည်းကောင်း၊
15လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊
မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော
အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
16ထာဝရဘုရား၏သစ်ပင်များ၊ ကိုယ်တော်စိုက်ပျိုးထားသည့်
လက်ဘနွန်ရှိသစ်ကတိုးပင်များသည် ရေဝကြ၏။
17ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်ကြ၏။
ထင်းရှူးပင်တို့သည် ငှက်ကျား၏အိမ်ဖြစ်ကြ၏။
18မြင့်သောတောင်များသည် တောင်ဆိတ်တို့အတွက်ဖြစ်ပြီး
ကျောက်တို့သည် ရှာဖန်ယုန်များအတွက် ခိုလှုံရာဖြစ်ကြ၏။
19ကိုယ်တော်သည် အချိန်အခါများအတွက် လကိုဖန်ဆင်းတော်မူ၏။
နေသည် မိမိဝင်ရမည့်အချိန်ကိုသိ၏။
20ကိုယ်တော်သည် အမှောင်ကိုဖြစ်စေသောအခါ ၎င်းသည် ညဖြစ်လာပါ၏။
ထိုအချိန်တွင် တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည် လှုပ်ရှားသွားလာကြပါ၏။
21ခြင်္သေ့ပျိုတို့သည် သားကောင်ရရန် ဟိန်းဟောက်လျက်
ဘုရားသခင်ထံမှ မိမိတို့၏အစားအစာကို တောင်းကြပါ၏။
22နေထွက်လာသောအခါ ၎င်းတို့သည် ဆုတ်သွား၍
မိမိတို့၏တွင်းထဲ၌လဲလျောင်းကြပါ၏။
23လူသည် မိမိ၏လုပ်ငန်းခွင်သို့သွား၍
နေဝင်ချိန်တိုင်အောင် မိမိအလုပ်ကိုလုပ်ဆောင်ပါ၏။
24အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အလွန်များပြားလှပါ၏။
ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ဖန်ဆင်းတော်မူ၏။
ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းသော အရာများဖြင့် ပြည့်နှက်လျက်ရှိပါ၏။
25ထိုနေရာ၌ ကြီးမားကျယ်ဝန်းသည့် ပင်လယ်ရှိ၍ ၎င်းတွင် တွားသွားသတ္တဝါများနှင့်
မရေမတွက်နိုင်လောက်အောင်များသော သက်ရှိသတ္တဝါအကြီးအငယ်တို့ရှိကြပါ၏။
26သင်္ဘောများသည်လည်း ထိုပင်လယ်၌ သွားလာကြပြီး
၎င်းထဲ၌ ပျော်မြူးစေရန် ကိုယ်တော်ပုံဖော်ဖန်ဆင်းထားသော လဝိသန်#104:26 “အကောင်ကြီးသောရေသတ္တဝါတစ်မျိုး”။လည်းရှိပါ၏။
27ထိုသတ္တဝါအပေါင်းတို့သည် အချိန်တန်လျှင် သူတို့ကိုအစာကျွေးတော်မူရန်
ကိုယ်တော်ကို စောင့်မျှော်နေကြပါ၏။
28ကိုယ်တော်သည် သူတို့ကိုပေးတော်မူသောအခါ သူတို့သည် စုသိမ်းရကြပါ၏။
လက်တော်ကိုဖွင့်တော်မူသောအခါ သူတို့သည် ကောင်းသောအရာများနှင့် ပြည့်စုံကြွယ်ဝကြပါ၏။
29မျက်နှာလွှဲတော်မူသောအခါ သူတို့သည် ထိတ်လန့်ကြပါ၏။
သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍
မိမိတို့ဖြစ်လာရာ မြေမှုန့်သို့ပြန်သွားကြပါ၏။
30ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံရကြပါ၏။
ကိုယ်တော်သည် မြေကြီးမျက်နှာပြင်ကိုလည်း အသစ်ပြုပြင်တော်မူ၏။
31ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစဉ်အမြဲတည်ရှိပါစေသော။
ထာဝရဘုရားသည် မိမိပြုတော်မူသော အမှုများအတွက် ဝမ်းမြောက်တော်မူပါစေသော။
32ကိုယ်တော်သည် ကမ္ဘာမြေကြီးကို စေ့စေ့ကြည့်တော်မူသောအခါ ၎င်းသည် တုန်လှုပ်၏။
တောင်များကိုတို့ထိတော်မူသောအခါ ၎င်းတို့မှ မီးခိုးထွက်ကြ၏။
33ငါသည် အသက်ရှင်နေသရွေ့ ထာဝရဘုရားထံသို့ သီချင်းဆိုမည်။
ငါရှိနေသေးသရွေ့ ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
34ငါ၏ဆင်ခြင်တွေးတောမှုသည် ကိုယ်တော်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေသော။
ငါသည် ထာဝရဘုရား၌ဝမ်းမြောက်မည်။
35အပြစ်သားတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားကြပါစေသော။
ဆိုးယုတ်သောသူတို့သည်လည်း ဆက်၍မရှိကြပါစေနှင့်။
အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ဟာလေလုယ။
Currently Selected:
ဆာလံကျမ်း 104: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative