YouVersion Logo
Search Icon

ဆာလံကျမ်း 102

102
ဆင်းရဲဒုက္ခထဲမှမြင်ရသောထာဝရအလင်းတော်
အဖိနှိပ်​ခံရ​သော​သူ​သည် ညှိုးငယ်​သောကြောင့် မိမိ​၏​စိတ်ဒုက္ခ​ကို ထာဝရဘုရား​ရှေ့​တော်​၌​ဖွင့်ဟ​သည့် ဆုတောင်းချက်
1အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။
အကျွန်ုပ်​၏​အော်ဟစ်သံ​သည် ကိုယ်တော့်​ထံသို့ ရောက်​ပါစေသော​။
2ဘေးဥပဒ်​နှင့် အကျွန်ုပ်​ကြုံတွေ့​ရ​သော​အချိန်​တွင် အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။
အကျွန်ုပ်​ကို ဂရုစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​ခေါ်​သောအခါ
အကျွန်ုပ်​ကို အလျင်အမြန်​ထူး​တော်မူ​ပါ​။
3အကြောင်းမူကား အကျွန်ုပ်​၏​နေ့ရက်​များ​သည် မီးခိုး​ကဲ့သို့​ကုန်လွန်​သွား​ကြ​ပြီး
အကျွန်ုပ်​၏​အရိုး​များ​သည် မီးကျီးခဲ​များ​ကဲ့သို့ တောက်လောင်​ကြ​ပါ​၏​။
4အကျွန်ုပ်​၏​စိတ်နှလုံး​သည် မြက်ပင်​ကဲ့သို့ အထိအခိုက်​ခံရ​၍
ခြောက်သွေ့​လျက်​ရှိ​သဖြင့် အကျွန်ုပ်​သည် အစာ​စား​ရန်​ပင် မေ့လျော့​ပါ​၏​။
5အကျွန်ုပ်​၏​ညည်းတွား​ခြင်း​အသံ​ကြောင့်
အကျွန်ုပ်​သည် အရိုး​ပေါ်​အရေ​တင်​ဖြစ်​နေ​ပါ​၏​။
6အကျွန်ုပ်​သည် တောကန္တာရ​ထဲမှ ငှက်ကြီးဝန်ပို​ကဲ့သို့​လည်းကောင်း​၊
ပြိုပျက်​ရာ​အရပ်​များ​မှ ဇီးကွက်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။
7အကျွန်ုပ်​အိပ်မပျော်​နိုင်​ပါ​။
အိမ်ခေါင်မိုး​ပေါ် တစ်ကောင်တည်း​နေ​သော ငှက်​ကဲ့သို့​ဖြစ်​ပါ​၏​။
8အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို​တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်​ကြ​ပါ​၏​။
အကျွန်ုပ်​ကို​စော်ကား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ပုံဆောင်​၍ ကျိန်ဆို​ကြ​ပါ​၏​။
9အကယ်စင်စစ် အကျွန်ုပ်​သည် ပြာ​ကို​အစာ​အဖြစ်​စား​ရ​ပါ​၏​။
အကျွန်ုပ်​၏​သောက်စရာ​ကို​လည်း မျက်ရည်​နှင့်​ရောစပ်​ရ​ပါ​၏​။
10ဤသည်ကား ကိုယ်တော်​၏​ဒေါသ​၊ ကိုယ်တော်​၏​အမျက်​တော်​ကြောင့် ဖြစ်​ပါ​၏​။
အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချီးမြှောက်​ပြီးမှ ပစ်ချ​တော်မူ​၏​။
11အကျွန်ုပ်​၏​နေ့ရက်​များ​သည် ညနေစောင်း​အရိပ်​ကဲ့သို့​ဖြစ်၍
အကျွန်ုပ်​သည် မြက်ပင်​ကဲ့သို့​ခြောက်သွေ့​သွား​ပါ​၏​။
12သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။
ကိုယ်တော်​၏​ဂုဏ်​သတင်း​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။
13ကိုယ်တော်​သည် ထ​၍ ဇိအုန်​ကို သနားစုံမက်​တော်မူ​လိမ့်မည်​။
အကြောင်းမူကား ဇိအုန်​ကို​သနား​ရ​မည့်​အချိန်​ဖြစ်​၏​။
သတ်မှတ်​ထား​သော​အချိန်​သည်​လည်း ရောက်လာ​ပြီ​ဖြစ်​၏​။
14အကယ်စင်စစ် ကိုယ်တော်​၏​အစေအပါး​တို့​သည်
ဇိအုန်​၏​ကျောက်တုံး​များ​ကို နှစ်သက်​၍ ၎င်း​၏​မြေမှုန့်​ကို​ပင် စုံမက်​ကြ​ပါ​၏​။
15လူမျိုးတကာ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို​လည်းကောင်း​၊
ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည်
ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို​လည်းကောင်း ကြောက်ရွံ့​ကြ​ပါ​လိမ့်မည်​။
16အကြောင်းမူကား ထာဝရဘုရား​သည် ဇိအုန်​ကို ပြန်လည်​တည်ဆောက်​၍
မိမိ​၏​ဘုန်းအသရေ​တော်​နှင့်တကွ ထင်ရှား​တော်မူ​လိမ့်မည်​။
17ကိုယ်တော်​သည် ခိုကိုး​ရာ​မဲ့​သော​သူ​တို့​၏ ဆုတောင်းချက်​ကို ဂရုစိုက်​တော်မူ​၏​။
သူ​တို့​၏​ဆုတောင်းချက်​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။
18ဖန်ဆင်း​ခြင်း​ခံရ​မည့်​လူ​တို့​သည် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း
ဤ​အရာ​ကို နောင်လာမည့်​မျိုးဆက်​အတွက် ရေးမှတ်​ထား​ကြ​ပါစေ​။
19ထာဝရဘုရား​သည် မိမိ​၏​သန့်ရှင်း​သည့် မြင့်သောအရပ်​မှ ငုံ့ကြည့်​တော်မူ​၏​။
ကမ္ဘာမြေကြီး​ကို ကောင်းကင်ဘုံ​မှ အောက်​သို့​ကြည့်​တော်မူ​၏​။
20ဤသည်ကား အချုပ်အနှောင်​ခံရ​သော​သူ​တို့​၏ ညည်းတွားသံ​ကို နားထောင်​ရန်​နှင့်
သေဘေး​ရင်ဆိုင်​နေ​ရ​သော​သူ​တို့​ကို လွတ်ငြိမ်း​ခွင့်​ပေး​ရန်​အတွက် ဖြစ်​ပြီး
21-22တိုင်းနိုင်ငံ​တို့​နှင့်​လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ကို​ဝတ်ပြု​ရန်
အတူတကွ​စုဝေး​ကြ​သောအခါ ထာဝရဘုရား​၏​နာမ​တော်​ကို ဇိအုန်​တောင်​၌​လည်းကောင်း​၊
ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ဂျေရုဆလင်​မြို့​၌​လည်းကောင်း
ပြောကြား​ကြ​ရန်​အတွက်​ဖြစ်​၏​။
23ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​ကို ဘဝ​လမ်းခရီး​ထဲ၌​ပင် လျော့နည်း​စေ​ပြီး
အကျွန်ုပ်​၏​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏​။
24ငါ​က​လည်း “​အို အကျွန်ုပ်​၏​ဘုရားသခင်​၊
အကျွန်ုပ်​အသက်တာ​၏​ခရီး​တစ်ဝက်​တွင် အကျွန်ုပ်​ကို​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။
ကိုယ်တော်​၏​နှစ်ကာလ​တို့​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။
25ကိုယ်တော်​သည် ရှေးကာလ​၌ မြေကြီး​ကို​တည်​တော်မူ​၏​။
ကောင်းကင်​သည်​လည်း ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ ဖြစ်​ပါ​၏​။
26ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏​။
ထို​အရာ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့ ဟောင်းနွမ်း​ကြ​လိမ့်မည်​။
ကိုယ်တော်​သည် ထို​အရာ​တို့​ကို အဝတ်​လဲ​သကဲ့သို့ လဲ​တော်မူ​သဖြင့်
၎င်း​တို့​သည် ပြောင်းလဲ​ကြ​လိမ့်မည်​။
27ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ​။
ကိုယ်တော်​၏​နှစ်ကာလ​တို့​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ​။#ဟေဗြဲ 1:12။
28ကိုယ်တော့်​အစေအပါး​များ​၏​သားသမီး​တို့​သည် ဆက်လက်​တည်​၍
သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မြဲမြံ​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်ထား​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in