Logotipo da YouVersion
Ícone de Pesquisa

ရောမဩဝါဒစာ 1

1
ဘုရားသခင်၏ကောင်းမြတ်သောသတင်း
1ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​အတွက် သီးသန့်​ရွေးချယ်​ထား​ခြင်း​ခံရ​၍ တမန်တော်​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ခရစ်တော်​ယေရှု​၏​အစေအပါး​ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။ 2ဤ​ကောင်းမြတ်​သော​သတင်း​သည် မိမိ​၏​ပရောဖက်​များ​အားဖြင့် သန့်ရှင်း​သော​ကျမ်းစာ​၌ ရှေးမဆွ​က​ပင် ဘုရားသခင်​ကတိ​ပေး​ထား​တော်မူ​သော​အရာ​ဖြစ်​ပြီး 3ဘုရားသခင်​၏​သား​တော်​အကြောင်း​ဖြစ်​၏။ သား​တော်​သည် လူသား​အနေဖြင့် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​တော်မူ​၍ 4မြင့်မြတ်​သန့်ရှင်း​ခြင်း​၏​ဝိညာဉ်​တော်​အနေဖြင့်​ဆို​လျှင် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​ဖြင့် တန်ခိုး​နှင့်တကွ ဘုရားသခင်​၏​သား​တော်​အရာ​၌ ခန့်အပ်​ထား​ခြင်း​ခံရ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ဖြစ်​၏။ 5ထို​သခင်​၏​နာမ​တော်​အတွက် လူမျိုး​အပေါင်း​တို့​ထဲတွင် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် ကျေးဇူး​တော်​ကို​လည်းကောင်း၊ တမန်တော်​ဖြစ်​ခြင်း​အခွင့်​ကို​လည်းကောင်း ကိုယ်တော်​အားဖြင့် ငါ​တို့​ရရှိ​ကြ​၏။ 6သင်​တို့​သည်​လည်း ထို​လူမျိုး​တို့​ထဲတွင်​ပါဝင်​၍ ယေရှု​ခရစ်တော်​နှင့်​သက်ဆိုင်​မည့်​အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​များ​ဖြစ်​ကြ​၏။
7ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။
ရောမမြို့သို့သွားလိုသောဆန္ဒကိုဖော်ပြခြင်း
8သင်​တို့​၏​ယုံကြည်​ခြင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကျော်ကြား​လျက်​ရှိ​သည်​ဖြစ်၍ ငါ​သည် သင်​တို့​အားလုံး​အတွက် ငါ​၏​ဘုရားသခင်​ကို ယေရှု​ခရစ်တော်​အားဖြင့် ပထမ​ဦးစွာ​ကျေးဇူးတင်​၏။ 9-10ငါ​သည်​ဆုတောင်း​သောအခါ သင်​တို့​ကို​အမြဲမပြတ်​သတိရ​လျက် ဘုရားသခင်​၏​အလို​တော်​ရှိ​လျှင် တစ်ချိန်ချိန်​တွင် တစ်နည်းနည်း​ဖြင့် သင်​တို့​ထံသို့​လာ​ရ​သော​အခွင့်​ရှိ​ပါ​မည့်​အကြောင်း အစဉ်​တောင်းလျှောက်​နေ​၏။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ငါ့​အတွက်​သက်သေခံ​ပေး​သော​သူ​မှာ သား​တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​ဟောပြော​လျက် ငါ​၏​ဝိညာဉ်​အားဖြင့် ဝတ်ပြု​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏။
11သင်​တို့​ကို ငါ​အလွန်​တွေ့မြင်​လို​သည်​မှာ သင်​တို့​အား ဝိညာဉ်​ဆု​ကျေးဇူး​အချို့​ကို​ဝေမျှ​ပေး​၍ သင်​တို့​ကို​ခိုင်ခံ့​မြဲမြံ​စေ​ရန်​ဖြစ်​၏။ 12ထိုသို့​ဆိုသော် သင်​တို့​နှင့်အတူ​ရှိ​စဉ် ငါ​နှင့်​သင်​တို့​နှစ်ဦးနှစ်ဖက်​၏​ယုံကြည်​ခြင်း​အားဖြင့် နှစ်သိမ့်​မှု​ကို အတူတကွ​ခံစား​နိုင်​ရန်​ဖြစ်​၏။ 13ညီအစ်ကို​တို့၊ ငါ​သည် အခြား​သော​လူမျိုးခြား​တို့​တွင် အသီးအပွင့်​ရရှိ​သကဲ့သို့ သင်​တို့​တွင်​လည်း အသီးအပွင့်​တစ်စုံတစ်ခု​ရရှိ​ရန် သင်​တို့​ထံသို့​လာ​မည်​ဟု အကြိမ်ကြိမ်​စီစဉ်​ခဲ့​သော်လည်း ယခု​တိုင်အောင် တားဆီး​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။
14ငါ​သည် ဂရိ​လူမျိုး​နှင့်​လူရိုင်း​တို့​အပေါ်၌​ဖြစ်စေ၊ ပညာရှိ​နှင့်​ပညာမဲ့​တို့​အပေါ်၌​ဖြစ်စေ အကြွေး​တင်​သူ​ဖြစ်​၏။ 15ထို့ကြောင့် ငါ့​အနေဖြင့် ရောမ​မြို့​၌​ရှိ​သော သင်​တို့​အား​လည်း ဤ​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် စိတ်အား​ထက်သန်​လျက်​ရှိ​၏။
ကောင်းမြတ်သောသတင်း၏တန်ခိုး
16ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ဤ​သတင်း​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ယုံကြည်​သော​သူ​အပေါင်း​တို့​အား ကယ်တင်​ခြင်း​ရရှိ​စေ​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။ 17အဘယ်ကြောင့်​ဆိုသော် “ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်”#ဂလ 3:11၊ ဖိ 3:9၊ ဟေဗြဲ 10:38၊ ယာ 2:23၊ ဟဗ 2:4။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း ယုံကြည်​ခြင်း​အပေါ်​အခြေခံ​လျက် ယုံကြည်​ခြင်း​သို့​ပို့ဆောင်​သည့်​ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​သည် ဤ​ကောင်းမြတ်​သော​သတင်း​၌​ထင်ရှား​လျက်​ရှိ​၏။
လောကီသားတို့၏အပြစ်
18ဘုရားသခင်​၏​အမျက်​တော်​သည် ကောင်းကင်​မှ​ထင်ရှား​လျက် သမ္မာတရား​ကို မတရားမှု​ဖြင့်​တားဆီး​ပိတ်ပင်​သော​သူ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့် မတရားမှု​အလုံးစုံ​တို့​အပေါ်သို့ သက်ရောက်​၏။ 19အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မိမိ​နှင့်​ပတ်သက်၍ သိ​အပ်​သော​အရာ​တို့​ကို သူ​တို့​အား​ထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ ထို​အရာ​တို့​သည် သူ​တို့​၌ ထင်ရှား​လျက်​ရှိ​၏။ 20တစ်နည်း​အားဖြင့် ကမ္ဘာ​လောက​ကို​ဖန်ဆင်း​တော်မူ​ချိန်​မှစ၍ ဘုရားသခင်​၏​မ​မြင်ရ​သော​ဂုဏ်​အင်္ဂါ​များ​တည်းဟူသော ကိုယ်တော်​၏​ထာဝရ​တန်ခိုး​တော်​နှင့် ဘုရား​ဖြစ်​တော်မူ​ခြင်း​တို့​သည် ဖန်ဆင်း​တော်မူ​သော​အရာ​များ​အားဖြင့် ရှင်းလင်း​စွာ​သိ​နိုင်​သည်​ဖြစ်၍ သူ​တို့​သည် ဆင်ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။
21အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​သိ​လျက်​နှင့်​ပင် ဘုရား​အဖြစ်​ဘုန်း​တော်​ကို​မ​ချီးမွမ်း၊ ကျေးဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​သွား​၍ သူ​တို့​၏​အသိတရား​ကင်းမဲ့​သော​စိတ်နှလုံး​ကို​လည်း အမှောင်​ဖုံးလွှမ်း​လေ​၏။ 22သူ​တို့​သည် မိမိတို့ကိုယ်ကို​ပညာရှိ​များ​ဖြစ်​သည်​ဟု​ဆို​လျက်​နှင့် မိုက်မဲ​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး 23ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ကို ဖောက်ပြန်​ပျက်စီး​တတ်​သော လူ၊ ကျေးငှက်၊ ခြေ​လေး​ချောင်း​သတ္တဝါ​နှင့် တွားသွား​သတ္တဝါ​တို့​၏​သဏ္ဌာန်​နှင့်​တူ​သော ရုပ်တု​ဖြင့် လဲလှယ်​ကြ​၏။
24ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​အချင်းချင်း မိမိ​တို့​ကိုယ်ခန္ဓာ​အသရေ​ကို​ဖျက်ဆီး​စေရန် သူ​တို့​ကို မိမိ​တို့​စိတ်နှလုံး​တပ်မက်​သည့်​အတိုင်း ညစ်ညူး​ခြင်း​လက်​သို့ အပ်လိုက်​လေ​၏။ 25သူ​တို့​သည် ဘုရားသခင်​၏​သမ္မာတရား​ကို မုသား​နှင့်​လဲလှယ်​၍ ဖန်ဆင်း​တော်မူ​သော​အရှင်​အစား ဖန်ဆင်း​တော်မူ​သော​အရာ​ကို ကိုးကွယ်​ဝတ်ပြု​ကြ​၏။ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် ကာလ​အစဉ်အဆက် မင်္ဂလာရှိ​တော်မူ​၏။ အာမင်။
လူသားတို့အကျင့်စာရိတ္တပျက်ပြားခြင်း
26ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ရှက်ဖွယ်​ကောင်း​သော​ကိလေသာ​လက်​သို့ အပ်လိုက်​သဖြင့် သူ​တို့​ထဲမှ မိန်းမ​တို့​ပင်လျှင် သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို သဘာဝ​နှင့်​ဆန့်ကျင်​သော​ဆက်ဆံ​မှု​ဖြင့် လဲလှယ်​ကြ​၏။ 27ထိုနည်းတူ ယောက်ျား​တို့​သည်​လည်း မိန်းမ​နှင့်​သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို​စွန့်​၍ သူ​တို့​အချင်းချင်း​ရာဂ​မီး​တောက်လောင်​စေ​လျက် ရှက်ဖွယ်​ကောင်း​သော​အမှု​ကို ယောက်ျား​အချင်းချင်း​ပြု​ကြ​သဖြင့် သူ​တို့​၏​မှားယွင်း​ခြင်း​နှင့်​ထိုက်သင့်​သော​အပြစ်ဒဏ်​ကို သူ​တို့​ကိုယ်တိုင်​ခံရ​ကြ​၏။
28ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။ 29သူ​တို့​သည် အလုံးစုံ​သော မတရားမှု၊ ဆိုးညစ်​မှု၊ လောဘ​လွန်ကျူး​မှု​နှင့် မကောင်းမှု​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​ပြီး မလိုမုန်းထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​ကြ​ကာ အတင်းအဖျင်း​ပြောဆို​သော​သူ၊ 30ပုတ်ခတ်​ပြောဆို​သော​သူ၊ ဘုရားသခင်​ကို​မုန်း​သော​သူ၊ မိုက်ရိုင်း​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ ကြွားဝါ​သော​သူ၊ မကောင်း​သော​အမှု​များ​ကို တီထွင်​ကြံစည်​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ 31အသိတရား​ကင်းမဲ့​သော​သူ၊ ကတိ​မ​တည်​သော​သူ၊ ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ သနား​ခြင်း​စိတ်​မ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏။ 32ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။

Destaque

Compartilhar

Copiar

None

Quer salvar seus destaques em todos os seus dispositivos? Cadastre-se ou faça o login

A YouVersion utiliza cookies para personalizar sua experiência. Ao utilizar nosso site, você aceita o uso de cookies como descrito em nossa Política de Privacidade