Logotipo da YouVersion
Ícone de Pesquisa

ရောမဩဝါဒစာ 2

2
ဘုရားသခင်၏ဖြောင့်မတ်သောတရားစီရင်ခြင်း
1ထို့ကြောင့် သူတစ်ပါး​ကို​စီရင်​တတ်​သော​အချင်း​လူ၊ သင်​သည် ဆင်ခြေ​ပေး​၍​မ​ရ။ အဘယ်ကြောင့်​ဆိုသော် စီရင်​နေ​သော​သင်​သည်​လည်း တူညီ​သော​အမှု​များ​ကို​ပြုကျင့်​နေ​သည်​ဖြစ်၍ သူတစ်ပါး​ကို​စီရင်​ရာ​တွင် သင့်ကိုယ်သင်​ပြစ်ဒဏ်​စီရင်​ရာ​ရောက်​၏။ 2ထိုသို့​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တို့​အပေါ်၌ ဘုရားသခင်​၏​တရား​စီရင်​ခြင်း​သည် သမ္မာတရား​နှင့်အညီ​သက်ရောက်​သည်​ကို ငါ​တို့​သိ​ကြ​၏။ 3သို့ဖြစ်၍ ထိုသို့​သော​အမှု​များ​ကို​ပြုကျင့်​သော​သူ​တို့​အား စီရင်​လျက်​နှင့် ထို​အမှု​တို့​ကို ကိုယ်တိုင်​ပြု​သော​အချင်း​လူ၊ သင်​သည် ဘုရားသခင်​၏​ပြစ်ဒဏ်​စီရင်​ခြင်း​မှ​လွတ်​မည်​ဟု ထင်မှတ်​သလော။ 4သို့မဟုတ် ဘုရားသခင်​၏​ကျေးဇူးပြု​တော်မူ​ခြင်း​သည် သင့်​ကို နောင်တ​သို့​ပို့ဆောင်​သည်​ကို​မ​သိ​မ​မှတ်​ဘဲ ကိုယ်တော်​၏​ကြွယ်ဝ​သော​ကျေးဇူးပြု​တော်မူ​ခြင်း၊ သည်းခံ​တော်မူ​ခြင်း​နှင့် စိတ်ရှည်​တော်မူ​ခြင်း​တို့​ကို မထီမဲ့မြင်​ပြု​သလော။
5သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။ 6ဘုရားသခင်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။ 7ကောင်း​သော​အမှု​ကို ဇွဲ​လုံ့လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို​ရှာဖွေ​သော​သူ​တို့​အား ထာဝရ​အသက်​ကို ပေး​တော်မူ​လိမ့်မည်။ 8တစ်ကိုယ်ကောင်းဆန်​၍ သမ္မာတရား​ကို​မ​နာခံ​ဘဲ မတရားမှု​နောက်​သို့​လိုက်​သော​သူ​တို့​အပေါ်၌​မူကား ပြင်းစွာ​သော​ဒေါသ​နှင့်​အမျက်​တော်​ကို သက်ရောက်​စေ​တော်မူ​လိမ့်မည်။ 9ဆင်းရဲ​ဒုက္ခ​နှင့်​နာကျင်​ခြင်း​ဝေဒနာ​တို့​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် မကောင်း​သော​အမှု​ကို​ပြု​သည့် သက်ရှိ​လူသား​အပေါင်း​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။ 10ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ငြိမ်သက်​ခြင်း​တို့​မူကား ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လိမ့်မည်။ 11အကြောင်းမူကား ဘုရားသခင်​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ။
12ပညတ်​တရား​မ​ပါ​ဘဲ အပြစ်​ပြု​သော​သူ​ရှိသမျှ​သည် ပညတ်​တရား​မ​ပါ​ဘဲ ပျက်စီး​ကြ​လိမ့်မည်။ ပညတ်​တရား​အောက်၌​ရှိ​လျက် အပြစ်​ပြု​သော​သူ​ရှိသမျှ​သည်​လည်း ပညတ်​တရား​အားဖြင့် စီရင်​ခြင်း​ခံရ​ကြ​လိမ့်မည်။ 13အကြောင်းမူကား ပညတ်​တရား​ကို​ကြားနာ​သော​သူ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​ကြ​သည်​မ​ဟုတ်။ ပညတ်​တရား​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​တို့​သာလျှင် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။ 14ပညတ်​တရား​မ​ရှိ​သော​လူမျိုးခြား​တို့​သည် ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို အလိုအလျောက်​လိုက်နာ​ကျင့်သုံး​ကြ​သောအခါ သူ​တို့​၌​ပညတ်​တရား​မ​ရှိ​သော်လည်း သူ​တို့​ကိုယ်တိုင်​သည် မိမိ​တို့​အတွက် ပညတ်​တရား​ဖြစ်​ကြ​ပြီး 15မိမိ​တို့​စိတ်နှလုံး​ထဲ၌​ရေး​ထား​သည့် ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို ပြသ​လျက်​ရှိ​ကြ​၏။ သူ​တို့​၏​အသိစိတ်​သည်​လည်း အတူတကွ​သက်သေခံ​၍ သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​တို့​သည် အချင်းချင်း​စွပ်စွဲ​တစ်ခါ ကာကွယ်​တစ်လှည့်​ပြု​နေ​ကြ​၏။ 16ဤ​အမှုအရာ​များ​သည် ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​အရ လူ​တို့​၏​လျှို့ဝှက်​သော​အကျင့်အကြံ​တို့​ကို ခရစ်တော်​ယေရှု​အားဖြင့် ဘုရားသခင်​စစ်ဆေး​စီရင်​တော်မူ​သော​နေ့​၌ ဖြစ်​လိမ့်မည်။
ဂျူးလူမျိုးနှင့်ပညတ်တရား
17အကယ်၍ သင်​သည် မိမိ​ကိုယ်​ကို​ဂျူး​လူမျိုး​ဟု​ခေါ်​လျက်၊ ပညတ်​တရား​ကို​ကိုးစား​လျက်၊ ဘုရားသခင်​၌​ဝါကြွား​လျက်၊ 18အလို​တော်​ကို​သိ​လျက်၊ ပညတ်​တရား​၏​သွန်သင်​မှု​ကို ခံယူ​ပြီး​ဖြစ်​သောကြောင့် မြင့်မြတ်​သော​အရာ​များ​ကို ပိုင်းခြား​သိရှိ​လျက် 19ပညတ်​တရား​အားဖြင့် အသိပညာ​နှင့်​သမ္မာတရား​တို့​၏​အနှစ်သာရ​ကို ရရှိ​ထား​သည်​ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်​တို့​၏​လမ်းပြ၊ အမှောင်​ထဲ၌​နေ​သော​သူ​တို့​အတွက်​အလင်း၊ 20မိုက်မဲ​သော​သူ​တို့​ကို​ဆုံးမ​ပဲ့ပြင်​သူ၊ ကလေး​သူငယ်​များ​၏​ဆရာ​ဖြစ်​သည်​ဟု ယုံကြည်​စိတ်ချ​လျှင် 21သူတစ်ပါး​ကို​သွန်သင်​လျက်​ပင် သင့်ကိုယ်သင်​မ​သွန်သင်​သလော။ မ​ခိုးယူ​ရ​ဟု​ဟောပြော​လျက်​ပင် သင်​ကိုယ်တိုင်​ခိုးယူ​ရ​သလော။ 22အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ​ဟု​ဆို​လျက်​ပင် သင်​ကိုယ်တိုင်​ကျူးလွန်​ရ​သလော။ ရုပ်တု​များ​ကို​ရွံရှာ​လျက်​ပင် ၎င်း​တို့​၏​ဗိမာန်​များ​ကို သင်​ကိုယ်တိုင်​ဖောက်ထွင်း​လုယူ​ရ​သလော။ 23ပညတ်​တရား​၌​ဝါကြွား​လျက်​ပင် သင်​ကိုယ်တိုင်​ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​ခြင်း​ဖြင့် ဘုရားသခင်​ကို​မထီလေးစား​ပြု​ရ​သလော။ 24ဤသည်ကား “ဘုရားသခင်​၏​နာမ​တော်​သည် သင်​တို့​ကြောင့် လူမျိုးခြား​တို့​တွင် စော်ကား​ပြောဆို​ခြင်း​ကို​ခံရ​လျက်​ရှိ​၏”#၂ပေ 2:2၊ ဟေရှာ 52:5၊ ယေဇ 36:20-23။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
25သင်​သည် ပညတ်​တရား​ကို​ကျင့်သုံး​လျှင် အရေဖျား​လှီး​ခြင်း​သည် အမှန်ပင်​အကျိုး​ရှိ​၏။ သို့သော် သင်​သည် ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​ပါက သင်​၏​အရေဖျား​လှီး​ခြင်း​သည် အရေဖျား​မ​လှီး​ခြင်း​ဖြစ်​သွား​၏။ 26ထို့ကြောင့် အရေဖျား​မ​လှီး​သော​သူ​သည် ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို စောင့်ထိန်း​လျှင် သူ​၏​အရေဖျား​မ​လှီး​ခြင်း​သည် အရေဖျား​လှီး​ခြင်း​အဖြစ် သတ်မှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်​လော။ 27ထိုအခါ ကိုယ်ခန္ဓာ​တွင် အရေဖျား​မ​လှီး​ထား​သော်လည်း ပညတ်​တရား​ကို အပြည့်အဝ​စောင့်ထိန်း​သော​သူ​သည် အက္ခရာတင်​ထား​သော​တရား​နှင့် အရေဖျား​လှီး​ခြင်း​ရှိ​လျက်ပင် ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​သော​သင့်​ကို စီရင်​လိမ့်မည်။
28တစ်နည်းဆိုသော် အပြင်ပန်း​အားဖြင့် ဂျူး​လူမျိုး​ဖြစ်​သော​သူ​သည် ဂျူး​လူမျိုး​အစစ်​အမှန်​မ​ဟုတ်။ အပြင်ပန်း​အားဖြင့် ကိုယ်ကာယ​၌​ခံယူ​သော​အရေဖျား​လှီး​ခြင်း​သည်​လည်း အရေဖျား​လှီး​ခြင်း​အစစ်​အမှန်​မ​ဟုတ်။ 29အတွင်း​သဘော​အားဖြင့် ဂျူး​လူမျိုး​ဖြစ်​သော​သူ​သာလျှင် ဂျူး​လူမျိုး​အစစ်​အမှန်​ဖြစ်​ပြီး အက္ခရာတင်​ထား​သော​တရား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​သော စိတ်နှလုံး​၏​အရေဖျား​လှီး​ခြင်း​ပင် အရေဖျား​လှီး​ခြင်း​အစစ်​အမှန်​ဖြစ်​၏။ ထိုသို့သော​သူ​သည် လူ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံ​တော်​မှ​ချီးမွမ်း​ခြင်း​ကို​ခံရ​၏။

Destaque

Compartilhar

Copiar

None

Quer salvar seus destaques em todos os seus dispositivos? Cadastre-se ou faça o login

A YouVersion utiliza cookies para personalizar sua experiência. Ao utilizar nosso site, você aceita o uso de cookies como descrito em nossa Política de Privacidade