Logotipo da YouVersion
Ícone de Pesquisa

တမန်တော်ဝတ္ထု 28

28
မေလိတေကျွန်းသားတို့၏ဧည့်ဝတ်ကျေပွန်မှု
1ငါ​တို့​သည် ဘေးကင်း​စွာ​ရောက်ရှိ​ကြ​သောအခါ ထို​ကျွန်း​ကို မေလိတေ​ကျွန်း​ဟု​ခေါ်​ကြောင်း သိ​ရ​ကြ​၏။ 2ကျွန်းသား​တို့​သည် ငါ​တို့​အား ထူးခြား​သော​ချစ်ခင်​ကြင်နာ​မှု​ကို​ပြသ​ကြ​၏။ မိုး​ရွာ​၍​ချမ်းအေး​သောကြောင့် သူ​တို့​သည် မီး​ဖို​လျက် ငါ​တို့​အားလုံး​ကို လက်ခံ​ကြိုဆို​ကြ​၏။ 3ပေါလု​သည် ထင်း​များ​ကို​စုစည်း​လျက် မီး​ထဲသို့​ထည့်​လိုက်​ရာ မြွေဆိုး​တစ်​ကောင်​သည် မီး​အပူရှိန်​ကြောင့် ထွက်လာ​၍ ပေါလု​လက်​၌ တွယ်ကပ်​လေ​၏။ 4ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ 5သို့သော် ပေါလု​သည် ထို​သတ္တဝါ​ကို မီး​ထဲသို့​ခါချ​လျက် မည်သည့်​ဘေးဥပဒ်​မျှ မ​ခံစား​ရ​ချေ။ 6ကျွန်းသား​တို့​က သူ​သည် ယောင်​လာ​တော့​မည်​၊ သို့မဟုတ် ရုတ်တရက်​လဲကျ​၍ သေဆုံး​လိမ့်မည်​ဟု​ဆို​လျက် စောင့်ကြည့်​နေ​ကြ​၏။ သို့သော် ကြာမြင့်​စွာ​စောင့်ကြည့်​နေ​သော်လည်း မကောင်း​သည့်​လက္ခဏာ​တစ်စုံတစ်ခု​မျှ သူ​၌​မ​ဖြစ်​သည်​ကို မြင်​ကြ​သောအခါ သူ​တို့​သည် စိတ်​ပြောင်း​သွား​၍ ဤ​သူ​ကား ဘုရား​ဖြစ်​သည်​ဟု​ဆို​ကြ​၏။
ကျွန်းသူကြီး၏ဖခင်နှင့်အခြားသူများကိုကျန်းမာစေခြင်း
7ထို​နေရာ​အနီး​တွင် ပုဗလိ​ဟု​အမည်​ရှိ​သော​ကျွန်း​သူကြီး​၏​မြေကွက်​များ​ရှိ​၏။ သူ​သည် ငါ​တို့​ကို​လက်ခံ​၍ သုံး​ရက်​တိုင်တိုင် ကောင်း​စွာ​ဧည့်ခံ​လေ​၏။ 8ပုဗလိ​၏​ဖခင်​သည် အဖျားအနာ​နှင့်​ဝမ်းကိုက်​ရောဂါ​ခံစား​ရ​လျက် အိပ်ရာ​၌​လဲလျောင်း​နေ​၏။ ပေါလု​သည် သူ့​ထံသို့​ဝင်​ပြီး ဆုတောင်း​ပေး​ကာ သူ့​အပေါ်​လက်​တင်​၍ သူ့​ကို​ကျန်းမာ​စေ​၏။ 9ဤ​အရာ​ဖြစ်​ပြီးနောက် ကျွန်း​ပေါ်​ရှိ​နာမကျန်း​ဖြစ်​သော​အခြား​သူ​များ​လည်း ပေါလု​ထံ​လာ​ကြ​၍ ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။ 10ထို​သူ​တို့​သည် များစွာ​သော​လက်ဆောင်​ဖြင့် ငါ​တို့​ကို ဂုဏ်ပြု​လျက် ငါ​တို့​ရွက်လွှင့်​သောအခါ​၌​လည်း လိုအပ်​သည့်​အရာ​များ​ကို တင်​ပေး​လိုက်​ကြ​၏။
ရောမသို့ရောက်ရှိခြင်း
11သုံး​လ​ကြာ​ပြီးနောက် ထို​ကျွန်း​ပေါ်တွင် ဆောင်းခို​နေ​သည့် နတ်​အမွှာ​ညီနောင်​ရုပ်​ပါ​အလက်ဇန္ဒြိယ​သင်္ဘော​ဖြင့် ငါ​တို့​သည် ရွက်လွှင့်​ကြ​၏။ 12ထို့နောက် သရကုတ်​မြို့​၌​ဆိုက်ကပ်​လျက် သုံး​ရက်​နေ​ပြီးမှ 13တစ်ဖန် ရွက်လွှင့်​ပြန်​ရာ ရေဂျုန်​မြို့​သို့​ရောက်​ကြ​၏။ နောက်​တစ်​နေ့​တွင် တောင်​လေ​တိုက်​လာ​သဖြင့် ဒုတိယ​နေ့​၌ ပေါတယောလိ​မြို့​သို့​ရောက်​ကြ​၏။ 14ထို​မြို့​တွင် ညီအစ်ကို​တို့​ကို​တွေ့ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခုနစ်​ရက်​ခန့်​နေထိုင်​ရန် ဖိတ်ခေါ်​ကြ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ရောမ​မြို့​သို့​ရောက်လာ​ကြ​၏။ 15ငါ​တို့​အကြောင်း​ကို​ကြား​သော ညီအစ်ကို​တို့​သည် ငါ​တို့​နှင့်​တွေ့ဆုံ​ရန် ရောမ​မြို့​မှ အပ္ပိ​အရပ်​နှင့် ဧည့်ရိပ်သာ​သုံး​ဆောင်​ဟု​ခေါ်​သော​အရပ်​တိုင်အောင် လာ​ကြ​၏။ ပေါလု​သည် ထို​သူ​တို့​ကို​မြင်​လျှင် ဘုရားသခင်​ကို​ကျေးဇူးတင်​လျက် အားတက်​လာ​လေ​၏။ 16ရောမ​မြို့​သို့​ဝင်​ကြ​သောအခါ ပေါလု​သည် သူ့​ကို​စောင့်ကြပ်​သည့် စစ်သား​နှင့်အတူ သီးသန့်​နေ​ခွင့်​ကို​ရ​လေ​၏။
ရောမမြို့ရှိဂျူးလူမျိုးခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးခြင်း
17သုံး​ရက်​လွန်​သောအခါ ပေါလု​သည် ဂျူး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​ကို​ဖိတ်ခေါ်​၍ စုဝေး​စေ​၏။ သူ​တို့​စုဝေး​လာ​ကြ​သောအခါ ပေါလု​က “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် မိမိ​လူမျိုး​ကို​လည်းကောင်း၊ ဘိုးဘေး​တို့​၏​ဓလေ့​ထုံးစံ​များ​ကို​လည်းကောင်း ဆန့်ကျင်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဂျေရုဆလင်​မြို့​တွင် အကျဉ်းသား​အဖြစ် ရောမ​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​ခံ​ခဲ့​ရ​သည်။ 18ရောမ​လူမျိုး​တို့​သည် အကျွန်ုပ်​ကို​စစ်ဆေး​ကြ​ရာ အကျွန်ုပ်​၌ သေ​ထိုက်​သော​ပြစ်မှု​မ​တွေ့​သောကြောင့် အကျွန်ုပ်​ကို​ပြန်လွှတ်​လို​ကြ​သည်။ 19သို့ရာတွင် ဂျူး​လူမျိုး​တို့​က ကန့်ကွက်​ကြ​သဖြင့် အကျွန်ုပ်​သည် မလွဲသာ​၍ ဆီဇာ​ဧကရာဇ်​ထံ အယူခံဝင်​ရ​သည်။ အကျွန်ုပ်​၏​လူမျိုး​ကို​စွပ်စွဲ​ရန် အကြောင်း​တစ်စုံတစ်ရာ​ရှိ​၍​မ​ဟုတ်​ပါ။ 20ဤ​အကြောင်း​ကြောင့် အကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့ဆုံ​၍ စကား​ပြော​ရန် သင်​တို့​ကို​ဖိတ်ခေါ်​ခြင်း​ဖြစ်​သည်။ အမှန်စင်စစ် အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​၏​မျှော်လင့်​ခြင်း​အကြောင်း​ကြောင့် ဤ​သံကြိုး​ဖြင့် ချည်နှောင်​ထား​ခြင်း​ခံရ​သည်”​ဟု ဆို​လေ​၏။ 21ထိုအခါ သူ​တို့​က “ငါ​တို့​သည် ယုဒ​ပြည်​မှ သင့်​အကြောင်း​ရေး​ပို့​သော​စာ​များ​ကို မ​ရရှိ​ခဲ့​ကြ​ပါ။ ထို​ပြည်​မှ​ရောက်လာ​သော ညီအစ်ကို​တို့​တွင်​လည်း သင်​နှင့်​ပတ်သက်​သည့် မကောင်း​သော​အရာ​တစ်စုံတစ်ခု​ကို သတင်းပို့​သော​သူ​၊ သို့မဟုတ် ပြောဆို​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ပါ။ 22သို့သော် ဤ​ဂိုဏ်း​နှင့်​ပတ်သက်၍ အရပ်ရပ်​တို့​၌ ဆန့်ကျင်​ပြောဆို​နေ​ကြောင်း ငါ​တို့​သိ​ထား​သည်​ဖြစ်၍ သင်​မည်သို့​စိတ်သဘော​ရှိ​သည်​ကို သင့်​ထံမှ ငါ​တို့​ကြား​လို​သည်”​ဟု ဆို​ကြ​၏။
ပေါလု၏သတင်းစကားအပေါ်တုံ့ပြန်မှု
23ထို့နောက် သူ​တို့​သည် ပေါလု​နှင့် ရက်​ကို​ချိန်းချက်​ပြီးမှ ပို၍​များစွာ​သော​သူ​တို့​နှင့်တကွ သူ​တည်းခို​ရာ​အရပ်​သို့ ရောက်လာ​ကြ​၏။ ပေါလု​သည် နံနက်​စောစော​အချိန်​မှစ၍ ညနေ​အချိန်​တိုင်အောင် ထို​သူ​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံ​ကာ မောရှေ​၏​ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို​ကိုးကား​၍ ယေရှု​အကြောင်း​ကို သူ​တို့​အား​ပြောပြ​စည်းရုံး​လေ​၏။ 24အချို့​တို့​သည် သူ​ဟောပြော​သော​အရာ​များ​ကို လက်ခံ​ကြ​သော်လည်း အချို့​တို့​သည် မ​ယုံကြည်​ကြ​ချေ။ 25ထိုအခါ အချင်းချင်း​ကြား​၌ သဘောထား​ကွဲလွဲ​သဖြင့် ပြန်သွား​ကြ​စဉ်တွင် ပေါလု​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပရောဖက်​ဟေရှာယ​အားဖြင့် သင်​တို့​ဘိုးဘေး​တို့​အား လျောက်ပတ်​စွာ​ဟောပြော​ခဲ့​သည်​ကား 26‘သင်​တို့​သည် ကြား​သောအခါ လုံးဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်။ မြင်​သောအခါ​လည်း လုံးဝ​သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​ဟု ဤ​လူမျိုး​ထံသို့​သွား​၍ ပြောကြား​လော့။ 27အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည်​ထုံထိုင်း​လျက်​၊ နား​သည်​လည်း​လေး​လျက်​၊ မျက်စိ​သည်​လည်း​ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’#မ 13:15၊ ဟေရှာ 6:9-10။​ဟု မိန့်​တော်မူ​၏။ 28ထို့ကြောင့် ဘုရားသခင်​၏ ဤ​ကယ်တင်​ခြင်း​တရား​သည် လူမျိုးခြား​တို့​ထံ စေလွှတ်​ခြင်း​ခံရ​၍ သူ​တို့​သည် နားထောင်​ကြ​မည်​ဖြစ်ကြောင်း သင်​တို့​သိမှတ်​ကြ​လော့”​ဟူသော​စကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။ 29[ဤ​စကား​ကို ပေါလု​ပြော​လိုက်​သောအခါ ဂျူး​လူမျိုး​တို့​သည် အချင်းချင်း​ပြင်းထန်​စွာ​ငြင်းခုံ​လျက် ပြန်​သွား​ကြ​၏။]
ပေါလု၏အတားအဆီးမရှိသောသာသနာလုပ်ငန်း
30ထို့နောက် ပေါလု​သည် နှစ်​နှစ်​ပတ်လုံး မိမိ​ငှားရမ်း​ထား​သည့်​အိမ်​၌​နေ​၍ မိမိ​ထံသို့​လာ​သော​သူ​အပေါင်း​တို့​ကို ကြိုဆို​လျက် 31မည်သည့်​အတား​အဆီး​မျှ​မ​ရှိ​ဘဲ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့် ဟောပြော​ကာ သခင်​ယေရှု​ခရစ်တော်​၏​အကြောင်း​များ​ကို သွန်သင်​လေ​၏။

Destaque

Compartilhar

Copiar

None

Quer salvar seus destaques em todos os seus dispositivos? Cadastre-se ou faça o login

A YouVersion utiliza cookies para personalizar sua experiência. Ao utilizar nosso site, você aceita o uso de cookies como descrito em nossa Política de Privacidade