YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 15:1-17

၂ ဓမ္မရာဇဝင် 15:1-17 Judson Bible (JBMLE)

ထို​နောက်​မှ အ​ဗ​ရှ​လုံ​သည် ရ​ထား​များ​နှင့် မြင်း​များ​ကို​လည်း​ကောင်း၊ မိ​မိ​ရှေ့​မှာ ပြေး​ရ​သော​လူ ငါး​ဆယ်​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ အ​ဗ​ရှ​လုံ​သည် စော​စော​ထ၍ တံ​ခါး​ဝ​မှာ ရပ်​နေ​တတ်၏။ အ​မှု​ရှိ​သော​သူ​သည် စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​သော​အ​ခါ အ​ဗ​ရှ​လုံ​က၊ သင်​သည် အ​ဘယ်​မြို့​သား​ဖြစ်​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​က ကိုယ်​တော်​ကျွန်​သည် ဤ​မည်​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​သား​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊ အ​ဗ​ရှ​လုံ​က၊ သင့်​အ​မှု​သည် ဟုတ်​မှန်​လျောက်​ပတ်​ပေ၏။ သို့​သော်​လည်း သင့်​အ​မှု​ကို ရှင်​ဘု​ရင်​မှ​စ၍ အ​ဘယ်​သူ​မျှ နား​မ​ထောင်​ဟု ပြော​ဆို​တတ်၏။ တစ်​ဖန်​တုံ၊ ငါ​သည်​ဤ​ပြည်၌ တ​ရား​စီ​ရင်​သော မင်း​ဖြစ်​ပါ​စေ​သော။ သို့​ဖြစ်​လျှင် တ​ရား​မှု​ရှိ​သော အ​မှု​သည်​အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ၍ ငါ​သည်​တ​ရား​သ​ဖြင့် စီ​ရင်​မည်​ဟု​ဆို​တတ်၏။ လူ​တစ်​စုံ​တစ်​ယောက်​သည် ရို​သေ​စွာ​ပြု၍ ချဉ်း​ကပ်​သော​အ​ခါ၊ အ​ဗ​ရှ​လုံ​သည် လက်​ကို​ဆန့်၍ ထို​သူ​ကို​ကိုင်​လျက် နမ်း​လေ့​ရှိ၏။ ထို​သို့​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား အ​ဗ​ရှ​လုံ​ပြု၍ သူ​တို့​စိတ်​နှ​လုံး​ကို ခိုး​လေ၏။ လေး​နှစ်​လွန်​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို တစ်​ဖန်​ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို အ​ကျွန်ုပ်​ပြု​ပါ​မည်​ဟု ကိုယ်​တော်​ကျွန်​သည် ရှု​ရိ​ပြည် ဂေ​ရှု​ရ​မြို့၌​နေ​သော​အ​ခါ သ​စ္စာ​က​တိ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ကျွန်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း၊ ဟေ​ဗြုန်​မြို့​သို့​သွား၍ သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊ ရှင်​ဘု​ရင်​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု​မိန့်​တော်​မူ၏။ ထို​အ​ခါ အ​ဗ​ရှ​လုံ​သည်​ထ၍ ဟေ​ဗြုန်​မြို့​သို့​သွား၏။ သို့​ရာ​တွင် လျှို့​ဝှက်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​သို့ အ​နှံ့​အ​ပြား​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သည် တံ​ပိုး​မှုတ်​သံ​ကို​ကြား​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့၌ နန်း​ထိုင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။ အ​ဗ​ရှ​လုံ​ခေါ်​သော လူ​နှစ်​ရာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က ထွက်​သွား​ကြ၏။ သူ​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ​မ​သိ​ဘဲ ကောင်း​သော​စိတ်​နှင့် လိုက်​ကြ၏။ ဒါ​ဝိဒ်၏​တိုင်​ပင်​မတ်၊ ဂိ​လော​မြို့​သား အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​နေ​ရာ​ဂိ​လော​မြို့၌ ယဇ်​ပူ​ဇော်​လျက်​ရှိ၍ အ​ဗ​ရှ​လုံ​ခေါ်​လေ၏။ အ​ဗ​ရှ​လုံ​နောက်​သို့ လိုက်​သော သူ​တို့​သည်​တိုး​ပွား​များ​ပြား​သ​ဖြင့် ပုန်​ကန်​ခြင်း​အ​မှု​အား​ကြီး​လေ၏။ သ​တင်း​ပြော​သော​သူ​တစ်​ယောက်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​ဘက်​သို့ ပါ​သွား​ပါ​ပြီ​ဟု ကြား​လျှောက်​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ ငါ​တို့​သည် ထ၍​ပြေး​ကြ​ကုန်​အံ့၊ မ​ပြေး​လျှင် အ​ဗ​ရှ​လုံ​လက်​နှင့်​မ​လွတ်၊ အ​လျင်​အ​မြန် ထွက်​ကြ​ကုန်​အံ့။ သို့​မ​ဟုတ်​လျှင် သူ​သည် ချက်​ချင်း​တိုက်​လာ​သ​ဖြင့်၊ ငါ​တို့​ကို ဘေး​ပြု၍ မြို့​ကို​လည်း ဓား​နှင့်​လုပ်​ကြံ​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တွင် အ​ထံ​တော်၌​ရှိ​သော ကျွန်​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။ ရှင်​ဘု​ရင်၏ ကျွန်​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​သ​မျှ​တို့​ကို ကိုယ်​တော်​ကျွန်​တို့​သည် ပြု​ပါ​မည်​ဟု​လျှောက်​ကြ​လျှင်၊ ရှင်​ဘု​ရင်​သည် နန်း​တော်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ထွက်​သွား၏။ သို့​ရာ​တွင် နန်း​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ ကိုယ်​လုပ်​တော်​မိန်း​မ​တစ်​ကျိပ်​တို့​ကို ထား​ခဲ့​လေ၏။ ထို​သို့​ရှင်​ဘု​ရင်​နှင့် ကိုယ်​တော်၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် ထွက်​သွား၍ ဗေ​သာ​မေ​ရက်​ရွာ​မှာ စ​ခန်း​ချ​ကြ၏။

၂ ဓမ္မရာဇဝင် 15:1-17 Common Language Bible (BCL)

ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။- သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊- အ​ဗ​ရှ​လုံ​က``ကြည့်​လော့၊ သင်​၏​အ​မှု​သည် တ​ရား​ဥ​ပ​ဒေ​အ​ရ​မှန်​ကန်​၏။ သို့​ရာ​တွင် ဘု​ရင်​၏​ကိုယ်​စား​သင့်​အ​မှု​ကို​စီ​ရင်​ပေး မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။- ငါ​သာ​လျှင်​တ​ရား​သူ​ကြီး​ဖြစ်​ခဲ့​ပါ​မူ​ငြင်း ခုံ​မှု၊ တ​ရား​မှု​ရှိ​သူ​သည်​ငါ့​ထံ​သို့​လာ​၍ ငါ​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​မည်'' ဟု​ပြော ဆို​လေ့​ရှိ​၏။- အ​ကယ်​၍​ထို​သူ​သည်​အ​ဗ​ရှ​လုံ​၏​အ​နီး​သို့ ချဉ်း​ကပ်​၍​ဦး​ညွှတ်​အ​ရို​အ​သေ​ပြု​ခဲ့​သော် အ​ဗ​ရှ​လုံ​သည်​လက်​ကို​ဆန့်​၍​ထို​သူ​အား ကိုင်​ပြီး​လျှင်​နမ်း​ရှုပ်​တတ်​၏။- အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။ လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား``အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။- ရှု​ရိ​ပြည်​ဂေ​ရှု​ရ​မြို့​တွင်​နေ​ထိုင်​စဉ်​အ​ခါ​က အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​အား ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ပို့​ဆောင်​ပေး တော်​မူ​ပါ​လျှင် ကိုယ်​တော်​အား​ဟေ​ဗြုန်​မြို့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်​ဟု​အ​ကျွန်ုပ် က​တိ​ထား​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။- မင်း​ကြီး​က``ငြိမ်း​ချမ်း​စွာ​သွား​လော့'' ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။- သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။- အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။- ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။ အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား``အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။- သို့​ကြောင့်​မင်း​ကြီး​သည် မိ​မိ​၏​အိမ်​ထောင်​စု သား​ချင်း​များ​နှင့်​မှူး​မတ်​များ​ကို​ခေါ်​၍ ထွက်​ခွာ​သွား​တော်​မူ​၏။ နန်း​တော်​စောင့်​အ​ဖြစ် ဖြင့်​မောင်း​မ​တော်​ဆယ်​ယောက်​သာ​လျှင်​ကျန် ရစ်​သ​တည်း။ မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။

၂ ဓမ္မရာဇဝင် 15:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက်တွင် အဗရှလုံ​သည် စစ်ရထား​တစ်​စီး​၊ မြင်း​များ​နှင့် ရှေ့​တော်​ပြေး​တပ်သား​အယောက် ငါးဆယ်​ကို ပြင်ဆင်​ထား​၏​။ အဗရှလုံ​သည် နံနက်​စောစောထ​၍ မြို့​တံခါး​နား လမ်း​ဘေး​၌ ရပ်​လေ့​ရှိ​၏​။ အမှုကိစ္စ​ဖြစ်​၍ အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​မည်သူမဆို အဗရှလုံ​သည် သူ့​ထံသို့​ခေါ်လာ​ပြီး “​သင် မည်သည့်​မြို့​က လာ​သနည်း​”​ဟု မေး​တတ်​၏​။ အမှုသည်​က “​ကျွန်တော်မျိုး​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ တစ်​နွယ်​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လျှင် အဗရှလုံ​က “​သင့်​အမှု​ကား လျော်ကန်​ဖြောင့်မှန်​ပါ​၏​။ သို့သော် သင့်​အမှု​ကို ကြားနာ​ပြီး ရှင်ဘုရင်​ထံ တင်ပြ​ပေး​မည့်​သူ မ​ရှိ​”​ဟု ပြန်ပြော​တတ်​၏​။ ထို့ပြင် အဗရှလုံ​က “​ဤ​ပြည်​တွင် ငါ့​ကို တရားသူကြီး​အဖြစ်​သာ ခန့်ထား​လျှင် အမှုကိစ္စ​ရှိ​သူ​၊ အဆုံးအဖြတ်​လိုအပ်​သူ မည်သူမဆို ငါ့​ထံသို့​လာ​သောအခါ သူ​တို့​ကို ဖြောင့်မတ်မှန်ကန်​စွာ ငါ​စီရင်​ပေး​မည်​”​ဟု ဆို​၏​။ သူ့​ကို အရိုအသေ​ပေး​ရန် ချဉ်းကပ်​လာ​သော​သူ​ကို​လည်း သူ​သည် လက်ကမ်း​၍ ထို​သူ​ကို ဖက်​ပြီး​နမ်း​တတ်​၏​။ အဗရှလုံ​သည် အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဤနည်း​အတိုင်း ဆက်ဆံ​ခြင်း​ဖြင့် အစ္စရေး​အမျိုးသား​တို့​၏​နှလုံးသား​ကို သိမ်းသွင်း​ထား​လေ​၏​။ လေး​နှစ်​မျှ​ကြာလာ​သောအခါ အဗရှလုံ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​သည် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​ခဲ့​သည့်​အတိုင်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန် ဟေဗြုန်​မြို့​သို့ သွား​ပါရစေ​။ အကျွန်ုပ်​သည် ဆီးရီးယား​ပြည်​၊ ဂေရှုရ​မြို့​တွင်​နေ​စဉ်က ‘​ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဂျေရုဆလင်​မြို့​သို့ အမှန်တကယ်​ပြန်လည်​ပို့ဆောင်​တော်မူ​လျှင် ထာဝရဘုရား​ကို အကျွန်ုပ်​ဝတ်ပြု​ပါ​မည်​’​ဟု ကျွန်တော်မျိုး​ကတိသစ္စာ​ပြု​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​၏​။ ရှင်ဘုရင်​က​လည်း သူ့​အား “​အေးအေးချမ်းချမ်း​သွား​ပါ​”​ဟု မိန့်ဆို​လျှင် သူ​သည် ဟေဗြုန်​မြို့​သို့ ထ​သွား​လေ​၏​။ ထို့နောက် အဗရှလုံ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ထံသို့ သူလျှို​တို့​ကို​စေလွှတ်​၍ “​တံပိုးမှုတ်သံ​ကို သင်​တို့​ကြား​လျှင် ‘​အဗရှလုံ​သည် ဟေဗြုန်​မြို့​တွင် နန်းတက်​လေ​ပြီ​’​ဟူ၍ ကြွေးကြော်​ကြ​လော့​”​ဟု မှာလိုက်​၏​။ အဗရှလုံ​နှင့်အတူ လူ​အယောက်​နှစ်ရာ​တို့​သည် ဂျေရုဆလင်​မြို့​မှ ထွက်လာ​ကြ​၏​။ သူ​တို့​သည် အခေါ်​ခံရ​၍​သာ သဘောရိုး​နှင့်​လိုက်လာ​ကြ​၏​။ မည်သည့်​အကြောင်း​တစ်စုံတစ်ရာ​ကို​မျှ မ​သိ​။ အဗရှလုံ​သည် ယဇ်ပူဇော်​စဉ်တွင် ဒါဝိဒ်​မင်းကြီး​၏​အကြံပေး​ဖြစ်​သူ ဂိလော​မြို့သား အဟိသောဖေလ​ထံသို့ လူ​လွှတ်​၍ သူ့​နေရင်းမြို့​ဖြစ်​သော​ဂိလော​မြို့​မှ ခေါ်လာ​စေ​၏​။ အဗရှလုံ​ထံ၌ လူ​အင်အား​တိုးပွား​လာ​ပြီး လျှို့ဝှက်ကြံစည်မှု​သည်​လည်း အားကြီး​လာ​လေ​၏​။ ထိုအခါ တမန်​တစ်​ဦး​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​ပြီး “​အစ္စရေး​အမျိုးသား​တို့​၏​စိတ်​သည် အဗရှလုံ​နောက်သို့ ပါသွား​ပါ​ပြီ​”​ဟု လျှောက်တင်​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း ဂျေရုဆလင်​မြို့​ရှိ မိမိ​ထံ​ခစား​သော​မင်းမှုထမ်း​အပေါင်း​တို့​အား “​ထ​ကြ​။ ယခု ငါ​တို့ ထွက်ပြေး​ကြ​ရ​မည်​။ မ​ဟုတ်​လျှင် အဗရှလုံ​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ငါ​တို့ အလျင်အမြန်​ထွက်သွား​ရ​မည်​။ မ​ဟုတ်​လျှင် သူ​သည် ငါ​တို့​ကို​လိုက်​မီ​၍ အန္တရာယ်​ပြု​လိမ့်မည်​။ မြို့သား​တို့​ကို​လည်း ဓား​နှင့်​သတ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင် ရှင်ဘုရင်​သည် နန်းတော်​ကို စောင့်ရှောက်​ရန် မောင်းမ​ဆယ်​ယောက်​ကို ချန်ထား​ပြီး ရှင်ဘုရင်​နှင့်တကွ အခြွေအရံ​နန်းတွင်းသူ​နန်းတွင်းသား​အားလုံး နန်းတော်​မှ​ထွက်ခွာ​လာ​ကြ​၏​။ ဤသို့ဖြင့် ရှင်ဘုရင်​သည် နောက်လိုက်​အခြွေအရံ​အားလုံး​နှင့်တကွ ထွက်သွား​ရာ ရပ်ဝေး​သို့​ရောက်​လျှင် အိမ်​တစ်​အိမ်​၌ ရပ်နား​ကြ​၏​။