YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 15:1-17

ဓမ္မရာဇဝင်ဒုတိယစောင် 15:1-17 MSBU

ထို့နောက်တွင် အဗရှလုံ​သည် စစ်ရထား​တစ်​စီး​၊ မြင်း​များ​နှင့် ရှေ့​တော်​ပြေး​တပ်သား​အယောက် ငါးဆယ်​ကို ပြင်ဆင်​ထား​၏​။ အဗရှလုံ​သည် နံနက်​စောစောထ​၍ မြို့​တံခါး​နား လမ်း​ဘေး​၌ ရပ်​လေ့​ရှိ​၏​။ အမှုကိစ္စ​ဖြစ်​၍ အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​မည်သူမဆို အဗရှလုံ​သည် သူ့​ထံသို့​ခေါ်လာ​ပြီး “​သင် မည်သည့်​မြို့​က လာ​သနည်း​”​ဟု မေး​တတ်​၏​။ အမှုသည်​က “​ကျွန်တော်မျိုး​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ တစ်​နွယ်​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လျှင် အဗရှလုံ​က “​သင့်​အမှု​ကား လျော်ကန်​ဖြောင့်မှန်​ပါ​၏​။ သို့သော် သင့်​အမှု​ကို ကြားနာ​ပြီး ရှင်ဘုရင်​ထံ တင်ပြ​ပေး​မည့်​သူ မ​ရှိ​”​ဟု ပြန်ပြော​တတ်​၏​။ ထို့ပြင် အဗရှလုံ​က “​ဤ​ပြည်​တွင် ငါ့​ကို တရားသူကြီး​အဖြစ်​သာ ခန့်ထား​လျှင် အမှုကိစ္စ​ရှိ​သူ​၊ အဆုံးအဖြတ်​လိုအပ်​သူ မည်သူမဆို ငါ့​ထံသို့​လာ​သောအခါ သူ​တို့​ကို ဖြောင့်မတ်မှန်ကန်​စွာ ငါ​စီရင်​ပေး​မည်​”​ဟု ဆို​၏​။ သူ့​ကို အရိုအသေ​ပေး​ရန် ချဉ်းကပ်​လာ​သော​သူ​ကို​လည်း သူ​သည် လက်ကမ်း​၍ ထို​သူ​ကို ဖက်​ပြီး​နမ်း​တတ်​၏​။ အဗရှလုံ​သည် အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဤနည်း​အတိုင်း ဆက်ဆံ​ခြင်း​ဖြင့် အစ္စရေး​အမျိုးသား​တို့​၏​နှလုံးသား​ကို သိမ်းသွင်း​ထား​လေ​၏​။ လေး​နှစ်​မျှ​ကြာလာ​သောအခါ အဗရှလုံ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​သည် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​ခဲ့​သည့်​အတိုင်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန် ဟေဗြုန်​မြို့​သို့ သွား​ပါရစေ​။ အကျွန်ုပ်​သည် ဆီးရီးယား​ပြည်​၊ ဂေရှုရ​မြို့​တွင်​နေ​စဉ်က ‘​ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဂျေရုဆလင်​မြို့​သို့ အမှန်တကယ်​ပြန်လည်​ပို့ဆောင်​တော်မူ​လျှင် ထာဝရဘုရား​ကို အကျွန်ုပ်​ဝတ်ပြု​ပါ​မည်​’​ဟု ကျွန်တော်မျိုး​ကတိသစ္စာ​ပြု​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​၏​။ ရှင်ဘုရင်​က​လည်း သူ့​အား “​အေးအေးချမ်းချမ်း​သွား​ပါ​”​ဟု မိန့်ဆို​လျှင် သူ​သည် ဟေဗြုန်​မြို့​သို့ ထ​သွား​လေ​၏​။ ထို့နောက် အဗရှလုံ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ထံသို့ သူလျှို​တို့​ကို​စေလွှတ်​၍ “​တံပိုးမှုတ်သံ​ကို သင်​တို့​ကြား​လျှင် ‘​အဗရှလုံ​သည် ဟေဗြုန်​မြို့​တွင် နန်းတက်​လေ​ပြီ​’​ဟူ၍ ကြွေးကြော်​ကြ​လော့​”​ဟု မှာလိုက်​၏​။ အဗရှလုံ​နှင့်အတူ လူ​အယောက်​နှစ်ရာ​တို့​သည် ဂျေရုဆလင်​မြို့​မှ ထွက်လာ​ကြ​၏​။ သူ​တို့​သည် အခေါ်​ခံရ​၍​သာ သဘောရိုး​နှင့်​လိုက်လာ​ကြ​၏​။ မည်သည့်​အကြောင်း​တစ်စုံတစ်ရာ​ကို​မျှ မ​သိ​။ အဗရှလုံ​သည် ယဇ်ပူဇော်​စဉ်တွင် ဒါဝိဒ်​မင်းကြီး​၏​အကြံပေး​ဖြစ်​သူ ဂိလော​မြို့သား အဟိသောဖေလ​ထံသို့ လူ​လွှတ်​၍ သူ့​နေရင်းမြို့​ဖြစ်​သော​ဂိလော​မြို့​မှ ခေါ်လာ​စေ​၏​။ အဗရှလုံ​ထံ၌ လူ​အင်အား​တိုးပွား​လာ​ပြီး လျှို့ဝှက်ကြံစည်မှု​သည်​လည်း အားကြီး​လာ​လေ​၏​။ ထိုအခါ တမန်​တစ်​ဦး​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​ပြီး “​အစ္စရေး​အမျိုးသား​တို့​၏​စိတ်​သည် အဗရှလုံ​နောက်သို့ ပါသွား​ပါ​ပြီ​”​ဟု လျှောက်တင်​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း ဂျေရုဆလင်​မြို့​ရှိ မိမိ​ထံ​ခစား​သော​မင်းမှုထမ်း​အပေါင်း​တို့​အား “​ထ​ကြ​။ ယခု ငါ​တို့ ထွက်ပြေး​ကြ​ရ​မည်​။ မ​ဟုတ်​လျှင် အဗရှလုံ​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ငါ​တို့ အလျင်အမြန်​ထွက်သွား​ရ​မည်​။ မ​ဟုတ်​လျှင် သူ​သည် ငါ​တို့​ကို​လိုက်​မီ​၍ အန္တရာယ်​ပြု​လိမ့်မည်​။ မြို့သား​တို့​ကို​လည်း ဓား​နှင့်​သတ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင် ရှင်ဘုရင်​သည် နန်းတော်​ကို စောင့်ရှောက်​ရန် မောင်းမ​ဆယ်​ယောက်​ကို ချန်ထား​ပြီး ရှင်ဘုရင်​နှင့်တကွ အခြွေအရံ​နန်းတွင်းသူ​နန်းတွင်းသား​အားလုံး နန်းတော်​မှ​ထွက်ခွာ​လာ​ကြ​၏​။ ဤသို့ဖြင့် ရှင်ဘုရင်​သည် နောက်လိုက်​အခြွေအရံ​အားလုံး​နှင့်တကွ ထွက်သွား​ရာ ရပ်ဝေး​သို့​ရောက်​လျှင် အိမ်​တစ်​အိမ်​၌ ရပ်နား​ကြ​၏​။