ဓမ္မရာဇဝင်ဒုတိယစောင် 15
15
အဗရှလုံပုန်ကန်ခြင်း
1ထို့နောက်တွင် အဗရှလုံသည် စစ်ရထားတစ်စီး၊ မြင်းများနှင့် ရှေ့တော်ပြေးတပ်သားအယောက် ငါးဆယ်ကို ပြင်ဆင်ထား၏။ 2အဗရှလုံသည် နံနက်စောစောထ၍ မြို့တံခါးနား လမ်းဘေး၌ ရပ်လေ့ရှိ၏။ အမှုကိစ္စဖြစ်၍ အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောမည်သူမဆို အဗရှလုံသည် သူ့ထံသို့ခေါ်လာပြီး “သင် မည်သည့်မြို့က လာသနည်း”ဟု မေးတတ်၏။ အမှုသည်က “ကျွန်တော်မျိုးသည် အစ္စရေးအမျိုးအနွယ်ထဲမှ တစ်နွယ်ဖြစ်ပါ၏”ဟု ပြန်ဖြေလျှင် 3အဗရှလုံက “သင့်အမှုကား လျော်ကန်ဖြောင့်မှန်ပါ၏။ သို့သော် သင့်အမှုကို ကြားနာပြီး ရှင်ဘုရင်ထံ တင်ပြပေးမည့်သူ မရှိ”ဟု ပြန်ပြောတတ်၏။ 4ထို့ပြင် အဗရှလုံက “ဤပြည်တွင် ငါ့ကို တရားသူကြီးအဖြစ်သာ ခန့်ထားလျှင် အမှုကိစ္စရှိသူ၊ အဆုံးအဖြတ်လိုအပ်သူ မည်သူမဆို ငါ့ထံသို့လာသောအခါ သူတို့ကို ဖြောင့်မတ်မှန်ကန်စွာ ငါစီရင်ပေးမည်”ဟု ဆို၏။ 5သူ့ကို အရိုအသေပေးရန် ချဉ်းကပ်လာသောသူကိုလည်း သူသည် လက်ကမ်း၍ ထိုသူကို ဖက်ပြီးနမ်းတတ်၏။ 6အဗရှလုံသည် အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောအစ္စရေးလူမျိုးအပေါင်းတို့ကို ဤနည်းအတိုင်း ဆက်ဆံခြင်းဖြင့် အစ္စရေးအမျိုးသားတို့၏နှလုံးသားကို သိမ်းသွင်းထားလေ၏။
7လေးနှစ်#15:7 တိုက်ရိုက်ပြန်ဆိုလျှင် “အနှစ်လေးဆယ်”။မျှကြာလာသောအခါ အဗရှလုံက ရှင်ဘုရင်အား “အကျွန်ုပ်သည် ထာဝရဘုရားထံ ကတိသစ္စာပြုခဲ့သည့်အတိုင်း ကတိသစ္စာဝတ်ကိုဖြေရန် ဟေဗြုန်မြို့သို့ သွားပါရစေ။ 8အကျွန်ုပ်သည် ဆီးရီးယားပြည်၊ ဂေရှုရမြို့တွင်နေစဉ်က ‘ထာဝရဘုရားသည် အကျွန်ုပ်ကို ဂျေရုဆလင်မြို့သို့ အမှန်တကယ်ပြန်လည်ပို့ဆောင်တော်မူလျှင် ထာဝရဘုရားကို အကျွန်ုပ်ဝတ်ပြုပါမည်’ဟု ကျွန်တော်မျိုးကတိသစ္စာပြုခဲ့ပါပြီ”ဟု လျှောက်၏။
9ရှင်ဘုရင်ကလည်း သူ့အား “အေးအေးချမ်းချမ်းသွားပါ”ဟု မိန့်ဆိုလျှင် သူသည် ဟေဗြုန်မြို့သို့ ထသွားလေ၏။ 10ထို့နောက် အဗရှလုံသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထံသို့ သူလျှိုတို့ကိုစေလွှတ်၍ “တံပိုးမှုတ်သံကို သင်တို့ကြားလျှင် ‘အဗရှလုံသည် ဟေဗြုန်မြို့တွင် နန်းတက်လေပြီ’ဟူ၍ ကြွေးကြော်ကြလော့”ဟု မှာလိုက်၏။
11အဗရှလုံနှင့်အတူ လူအယောက်နှစ်ရာတို့သည် ဂျေရုဆလင်မြို့မှ ထွက်လာကြ၏။ သူတို့သည် အခေါ်ခံရ၍သာ သဘောရိုးနှင့်လိုက်လာကြ၏။ မည်သည့်အကြောင်းတစ်စုံတစ်ရာကိုမျှ မသိ။ 12အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
13ထိုအခါ တမန်တစ်ဦးသည် ဒါဝိဒ်မင်းကြီးထံသို့လာပြီး “အစ္စရေးအမျိုးသားတို့၏စိတ်သည် အဗရှလုံနောက်သို့ ပါသွားပါပြီ”ဟု လျှောက်တင်၏။
14ဒါဝိဒ်မင်းကြီးကလည်း ဂျေရုဆလင်မြို့ရှိ မိမိထံခစားသောမင်းမှုထမ်းအပေါင်းတို့အား “ထကြ။ ယခု ငါတို့ ထွက်ပြေးကြရမည်။ မဟုတ်လျှင် အဗရှလုံလက်မှ လွတ်မည်မဟုတ်။ ငါတို့ အလျင်အမြန်ထွက်သွားရမည်။ မဟုတ်လျှင် သူသည် ငါတို့ကိုလိုက်မီ၍ အန္တရာယ်ပြုလိမ့်မည်။ မြို့သားတို့ကိုလည်း ဓားနှင့်သတ်လိမ့်မည်”ဟု မိန့်ဆို၏။ 15ရှင်ဘုရင်၏အမှုထမ်းတို့ကလည်း ရှင်ဘုရင်အား “ကျွန်ုပ်တို့၏သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်တော်မူသည့်အတိုင်း ကျွန်တော်မျိုးတို့ ပြုပါမည်”ဟု ပြန်လျှောက်ကြပြီးလျှင် 16ရှင်ဘုရင်သည် နန်းတော်ကို စောင့်ရှောက်ရန် မောင်းမဆယ်ယောက်ကို ချန်ထားပြီး ရှင်ဘုရင်နှင့်တကွ အခြွေအရံနန်းတွင်းသူနန်းတွင်းသားအားလုံး နန်းတော်မှထွက်ခွာလာကြ၏။ 17ဤသို့ဖြင့် ရှင်ဘုရင်သည် နောက်လိုက်အခြွေအရံအားလုံးနှင့်တကွ ထွက်သွားရာ ရပ်ဝေးသို့ရောက်လျှင် အိမ်တစ်အိမ်၌ ရပ်နားကြ၏။ 18အထံတော်ပါး၌ခစားရသောမင်းမှုထမ်းအားလုံးတို့သည် ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ ခေရသိလူမျိုးအားလုံး၊ ပေလသိလူမျိုးအားလုံးနှင့် ဂါသမြို့မှလိုက်လာသော ဂိတ္တိလူမျိုးအားလုံး လူအယောက်ခြောက်ရာတို့သည်လည်း ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။
19ရှင်ဘုရင်က ဂိတ္တိလူမျိုး အိတ္တဲအား “အဘယ်ကြောင့် ငါတို့နှင့်အတူ လိုက်လာသနည်း။ ပြန်သွားပြီး ဘုရင်နှင့်အတူ နေလော့။ သင်သည် နေရင်းပြည်မှ ဖမ်းခေါ်လာခြင်းခံရသောတစ်ပါးအမျိုးသားဖြစ်၏။ 20သင်သည် မနေ့တစ်နေ့ကမှ ရောက်လာသောသူဖြစ်၍ ယခု ငါတို့နှင့်အတူ လှည့်လည်စေရမည်လော။ ငါသည် ဘယ်နေရာသွားရမည်ကိုမသိသေးပါ။ သင့်အမျိုးသားချင်းတို့ကို ခေါ်ပြီး ပြန်သွားလော့။ ကရုဏာတော်နှင့် သစ္စာတော်သည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု မိန့်ဆို၏။
21ထိုအခါ အိတ္တဲက ရှင်ဘုရင်အား “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အကျွန်ုပ်၏သခင် အရှင်မင်းကြီးလည်း အသက်ရှင်တော်မူသည်နှင့်အညီ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အကျွန်ုပ်၏သခင် အရှင်မင်းကြီးရှိတော်မူရာအရပ်၌ ကျွန်တော်မျိုး ရှိပါမည်”ဟု ပြန်လျှောက်၏။
22ထိုအခါ ဒါဝိဒ်မင်းကြီးက အိတ္တဲအား “သို့ဖြစ်လျှင်လည်း သွား၍ဖြတ်ကူးလော့”ဟု မိန့်ဆိုလျှင် ဂိတ္တိလူမျိုး အိတ္တဲမှစ၍ သူနှင့်အတူပါလာသော လူအကြီးအငယ်အားလုံးလည်း ဖြတ်ကူးလေ၏။ 23လူအပေါင်းတို့ ဖြတ်ကူးသွားကြသောအခါ ပြည်သူပြည်သားအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြ၏။ ရှင်ဘုရင်သည် ကေဒြုန်ချောင်းကို ဖြတ်ကူးသဖြင့် လူအပေါင်းတို့သည်လည်း ဖြတ်ကူး၍ ကန္တာရလမ်းအတိုင်း သွားကြ၏။
24ဇာဒုတ်နှင့် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအမျိုးသားအပေါင်းတို့သည်လည်း သူနှင့်အတူလိုက်ပါလာကြ၏။ သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ချထားကြ၏။ အဗျာသာသည်လည်း လူအပေါင်းတို့ မြို့ထဲမှထွက်ခွာသွားပြီးချိန်ထိ ယဇ်ပူဇော်လျက်နေ၏။ 25ရှင်ဘုရင်က ဇာဒုတ်အား “ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကိုမျက်နှာသာပေး၍ ငါပြန်လာရလျှင် သေတ္တာတော်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာအရပ်ကိုလည်းကောင်း ဖူးမြင်ခွင့်ရပါလိမ့်မည်။ 26ထိုသို့မဟုတ်ဘဲ ကိုယ်တော်က ‘သင့်ကို ငါအလိုမရှိ’ဟု မိန့်ဆိုလျှင်လည်း ငါအသင့်ရှိပါသည်။ အလိုတော်အတိုင်းသာ ငါ့ကို ပြုတော်မူပါစေသော”ဟု မိန့်ဆို၏။
27ထို့ပြင် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဇာဒုတ်အား “သင်သည် စိတ်အာရုံမြင်ရသူ မဟုတ်လော။ သင်တို့နှင့်အတူရှိနေသော သင့်သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်တို့နှစ်ဦးကိုခေါ်ပြီး မြို့ထဲသို့ အေးအေးချမ်းချမ်းပြန်သွားလော့။ 28သင်တို့ထံမှ သတင်းမရမချင်း ငါသည် တောကန္တာရလွင်ပြင်တွင် စောင့်နေမည်”ဟု မိန့်ဆိုလျှင် 29ဇာဒုတ်နှင့် အဗျာသာတို့လည်း ဘုရားသခင်၏သေတ္တာတော်ကို ဂျေရုဆလင်မြို့သို့ ပြန်ယူဆောင်လာပြီး ထိုမြို့တွင် နေထိုင်ကြ၏။
30ဒါဝိဒ်မင်းကြီးသည် သံလွင်တောင်တက်လမ်းအတိုင်း ငိုကြွေးလျက်၊ ဦးခေါင်းကိုလည်းခြုံလျက် ခြေနင်းတော်မပါဘဲ တက်သွား၏။ သူနှင့်ပါလာသောလူအပေါင်းတို့သည်လည်း အသီးသီးဦးခေါင်းကိုခြုံထားလျက်၊ ငိုကြွေးလျက် လိုက်တက်သွားကြ၏။
31တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
32ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာနေရာတောင်ထိပ်သို့ ဒါဝိဒ်မင်းကြီးရောက်သောအခါ အာခိလူမျိုး ဟုရှဲသည် မိမိအဝတ်ကို ဆုတ်ဖြဲ၍ ခေါင်းပေါ် မြေမှုန့်တင်လျက် မင်းကြီးကို ဆီးကြို၏။ 33ဒါဝိဒ်မင်းကြီးက သူ့အား “သင်သည် ငါနှင့်အတူလိုက်လျှင် ငါ့အဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်။ 34မြို့သို့ပြန်သွားပြီး အဗရှလုံအား ‘အကျွန်ုပ်သည် အရှင်မင်းကြီး၏အမှုထမ်း ဖြစ်ပါ၏။ ယခင်က အရှင့်ခမည်းတော်၏အမှုထမ်းလည်း ဖြစ်ခဲ့ဖူးပါ၏။ သို့သော် ယခုမှာ အရှင်၏အမှုထမ်း လုပ်ပါမည်’ဟု လျှောက်လျှင် အဟိသောဖေလပေးမည့်အကြံကို ငါ့အဖို့ သင်ဖျက်ဆီးပေးနိုင်လိမ့်မည်။ 35ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာတို့လည်း ထိုမြို့၌ သင်နှင့်အတူရှိသည်မဟုတ်လော။ နန်းတွင်းမှ တစ်စုံတစ်ရာကိုကြားသိလျှင် ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာကို သင်ပြောပြရမည်။ 36ထိုနေရာတွင် ဇာဒုတ်၏သားအဟိမတ်နှင့် အဗျာသာ၏သားယောနသန် တို့နှစ်ဦးလည်း ရှိကြ၏။ သင်ကြားသိသောသတင်းတစ်စုံတစ်ရာကို သူတို့မှတစ်ဆင့် ငါ့ထံ အကြောင်းကြားရမည်”ဟု မိန့်ဆို၏။ 37ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏မိတ်ဆွေ ဟုရှဲသည် မြို့ထဲသို့ပြန်သွား၏။ အဗရှလုံသည်လည်း ဂျေရုဆလင်မြို့သို့ ရောက်လာ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ဒုတိယစောင် 15: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative