YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 16

16
ဇိဘက ဒါဝိဒ်မင်းကြီးကိုကူညီခြင်း
1ဒါဝိဒ်​မင်းကြီး​သည် တောင်ထိပ်​ကို အနည်းငယ်​လွန်သွား​လျှင် မေဖိဗောရှက်​၏​ငယ်သား ဇိဘ​က ကုန်းနှီးတင်​ထား​သော​မြည်း​နှစ်​ကောင်​နှင့် သူ့​ကို​ကြိုဆို​၏​။ ထို​မြည်း​တို့​ပေါ်တွင် မုန့်​အလုံး​နှစ်ရာ​၊ စပျစ်သီးခြောက် အခိုင်​တစ်ရာ​၊ နွေရာသီသီးနှံ အခိုင်​တစ်ရာ​နှင့် စပျစ်ဝိုင်​တစ်​ဘူး တင်​ထား​၏​။ 2ရှင်ဘုရင်​က ဇိဘ​အား “​ဤ​အရာ​များ​ကား အဘယ်အတွက်​နည်း​”​ဟု မေး​တော်မူ​လျှင် ဇိဘ​က “​မြည်း​များ​ကား အရှင်မင်းကြီး​နှင့် အိမ်သူအိမ်သား​တို့ စီး​ဖို့​၊ မုန့်​နှင့် နွေရာသီသီးနှံ​များ​ကား ငယ်သား​တို့​စား​ဖို့​၊ စပျစ်ဝိုင်​ကား ကန္တာရ​တွင် မောပန်း​သူ​တို့ သောက်​ဖို့ ဖြစ်​ပါ​၏​”​ဟု လျှောက်တင်​၏​။
3ထိုအခါ ရှင်ဘုရင်​က “​သင့်​သခင်​၏​သား​ကား အဘယ်မှာ​နည်း​”​ဟု မေး​လျှင် ဇိဘ​က “ ‘​အစ္စရေး​အမျိုးအနွယ်​တို့​သည် ငါ့​ခမည်းတော်​၏​နိုင်ငံ​ကို ငါ့​အား ပြန်ပေး​ကောင်း​ပေး​လိမ့်မည်’​ဟု ဆို​၍ ဂျေရုဆလင်​မြို့​တွင် နေ​ခဲ့​ပါ​၏”​ဟု ရှင်ဘုရင်​အား လျှောက်တင်​၏​။
4ထိုအခါ ရှင်ဘုရင်​က ဇိဘ​အား “​မေဖိဗောရှက်​၌ ရှိသမျှ​သည် သင့်​အဖို့​ဖြစ်​၏​”​ဟု မိန့်ဆို​လျှင် ဇိဘ​က “​အကျွန်ုပ် ဦးညွှတ်​ပါ​၏​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး ရှေ့​တော်​မှောက်​တွင် မျက်နှာသာရ​ပါစေသော​”​ဟု ပြန်လျှောက်​၏​။
ရှိမိက ဒါဝိဒ်မင်းကြီးကိုကျိန်ဆဲခြင်း
5ဒါဝိဒ်​မင်းကြီး​သည် ဗာဟုရိမ်​မြို့​သို့​ရောက်​သောအခါ ရှောလု​မင်းကြီး​၏​ဆွေမျိုးသားချင်း​ထဲမှ လူ​တစ်​ယောက်​ထွက်လာ​၏​။ ထို​သူ​သည် ဂေရ​၏​သား​ဖြစ်၍ ရှိမိ အမည်​ရှိ​၏​။ သူ​သည် ဒါဝိဒ်​မင်းကြီး​ကို ကျိန်ဆဲ​ရင်း​နှင့် ထွက်လာ​ခြင်း​ဖြစ်​၏​။ 6သူ​သည် ဒါဝိဒ်​မင်းကြီး​ကို​သာမက ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​များ​၊ လူ​များ​နှင့် မင်းကြီး​၏​ဝဲဘက်​ယာဘက်​မှ​စစ်သူရဲ​များ​ကို ကျောက်ခဲ​နှင့် ပေါက်​ရင်း 7“​လူသတ်သမား​၊ လူယုတ်မာ​၊ ထွက်သွား ထွက်သွား​၊ 8ရှောလု​မင်းကြီး​၏​အရိုက်အရာ​ကို လုယူ​၍​နန်းစံ​ပြီး ရှောလု​မင်းကြီး​၏​အိမ်သူအိမ်သား​အား သတ်​သော​အပြစ်​ကို ထာဝရဘုရား​သည် သင့်​အား ပြန်ပေးဆပ်​စေ​ပြီ​။ နိုင်ငံ​တော်​ကို​လည်း သင့်​သား​အဗရှလုံ​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​ပြီ​။ သင်​သည် လူသတ်သမား​ဖြစ်​သောကြောင့် သင်​ပြု​သော​မကောင်းမှု​ကို သင်​ပြန်ခံ​ရ​တော့​မည်​”​ဟု ကျိန်ဆဲ​လေ​၏​။
9ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​က ရှင်ဘုရင်​အား “​ဤ​ခွေးသေကောင်​သည် အဘယ်ကြောင့် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို ကျိန်ဆဲ​ရ​သနည်း​။ ယခု အကျွန်ုပ်​သွား​၍ သူ့​ခေါင်း​ကို ဖြတ်ပစ်​ပါရစေ​”​ဟု လျှောက်​၏​။
10သို့သော် ရှင်ဘုရင်​က “​ဇေရုယာ​သား​တို့​၊ သင်​တို့​နှင့် အဘယ်သို့​ဆိုင်​သနည်း​။ ထာဝရဘုရား​က သူ့​အား ‘​ဒါဝိဒ်​ကို ကျိန်ဆဲ​လော့​’​ဟု အခွင့်ပြု​လျှင် သူ​ကျိန်ဆဲ​သည်​ကို ‘​သင် အဘယ်ကြောင့် ကျိန်ဆဲ​သနည်း​’​ဟု သူ့​ကို မည်သူ​ပြော​ခွင့်​ရှိ​မည်နည်း​”​ဟု မိန့်ဆို​၏​။ 11ထို့နောက် ဒါဝိဒ်​မင်းကြီး​က အဘိရှဲ​အပါအဝင် မင်းမှုထမ်း​အပေါင်း​တို့​အား “​ကြည့်​ပါ​။ ငါ့​သွေးသားရင်း​ဖြစ်​သော ငါ့​သား​ပင်လျှင် ငါ့​ကို သတ်​ဖို့​ရှာကြံ​၏​။ ဤ​ဗင်္ယာမိန်​အမျိုး​ကား ထိုထက်မက ပြု​ခွင့်​ရှိ​၏​။ ထာဝရဘုရား​သည် သူ့​ကို အခွင့်ပေး​ထား​ပြီ​ဖြစ်၍ သူ​ကျိန်ဆဲ​ပါစေ​။ သူ့​ကို မဆီးတား​ကြ​နှင့်​။ 12ထာဝရဘုရား​သည် ငါ​ခံရ​သော​ဒုက္ခဆင်းရဲ​ကို မြင်​တော်မူ​၍ ယနေ့​ခံရ​သော​ကျိန်ဆဲ​ခြင်း​အစား ကောင်း​သော​အရာ​ကို ငါ့​အား ထာဝရဘုရား​ပြန်ပေး​ကောင်း​ပေး​တော်မူ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ 13ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိမိ​လူ​တို့​နှင့်အတူ ခရီးဆက်​စဉ် ရှိမိ​သည်​လည်း တစ်ဖက်​တောင်စောင်း​တစ်လျှောက်​မှ လိုက်လာ​ရင်း ဒါဝိဒ်​မင်းကြီး​ကို ကျိန်ဆဲ​၏​၊ ခဲ​နှင့် ပေါက်​၏​၊ မြေမှုန့်​နှင့်​လည်း ပက်​၏​။ 14ရှင်ဘုရင်​နှင့်​လူ​အပေါင်း​တို့​သည် မောပန်း​လာ​သဖြင့် တစ်နေရာ​တွင် အပန်းဖြေ​ရပ်နား​ကြ​၏​။
အဗရှလုံကို အကြံပေးသူများ
15အဗရှလုံ​နှင့် အစ္စရေး​အမျိုးသား​လူထု​တစ်ရပ်လုံး​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ကြ​ပြီး သူ​နှင့်အတူ အဟိသောဖေလ​လည်း​ပါလာ​၏​။ 16ဒါဝိဒ်​မင်းကြီး​၏​မိတ်ဆွေ အာခိ​လူမျိုး ဟုရှဲ​သည်​လည်း အဗရှလုံ​ထံ​ရောက်လာ​ပြီး အဗရှလုံ​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​၊ အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ဩဘာပေး​၏​။
17အဗရှလုံ​က ဟုရှဲ​အား “​သင့်​မိတ်ဆွေ​ကို မေတ္တာ​ထား​သည်​ဆို​သည်​မှာ ဤသို့​လော​။ အဘယ်ကြောင့် သင့်​မိတ်ဆွေ​နှင့်အတူ မ​လိုက်​သနည်း​”​ဟု မေး​လျှင်
18ဟုရှဲ​က အဗရှလုံ​အား “​မ​လိုက်​ပါ​။ ထာဝရဘုရား​နှင့် ဤ​လူ​များ ရွေးချယ်​သော​သူ​၊ အစ္စရေး​အမျိုးသား​အပေါင်း​တို့ ရွေးချယ်​သော​သူ​ဘက်​၌​သာ ငါ​နေ​မည်​။ သူ့​အတွက်​သာ အစေခံ​မည်​။ 19ထို့ပြင် မည်သူ့​ထံ၌ အကျွန်ုပ် အမှုထမ်း​သင့်​သနည်း​။ ဘုရင့်​သား​တော်​ထံ၌ မ​ဟုတ်​လော​။ အရှင့်​ခမည်းတော်​ထံ၌ အမှုထမ်း​ခဲ့​သည့်​နည်းတူ အရှင့်​ထံ​၌​လည်း အမှုထမ်း​ပါ​မည်​”​ဟု ဆို​၏​။
20အဗရှလုံ​က​လည်း အဟိသောဖေလ​အား “​ငါ​တို့ မည်သို့​ပြု​သင့်​သည်​ကို သင်​အကြံ​ပေး​ကြည့်​ပါ​”​ဟု ဆို​လျှင်
21အဟိသောဖေလ​က အဗရှလုံ​အား “​နန်းတော်​ကို​စောင့်ရှောက်​ရန် အရှင့်​ခမည်းတော်​ချန်ထား​ခဲ့​သော မောင်းမ​တို့​ထံ ဝင်​ပါ​။ ဤသို့ အရှင်​သည် ခမည်းတော်​စက်ဆုပ်ရွံရှာ​အောင်​ပြု​ကြောင်း​ကို အစ္စရေး​လူ​တစ်မျိုးနွယ်လုံး​ကြားသိ​လျှင် အရှင့်​ဘက်သား​အားလုံး အားတက်​လာ​လိမ့်မည်​”​ဟု လျှောက်တင်​၏​။ 22ထို့နောက် အဗရှလုံ​အတွက် ခေါင်မိုးပြင်​တွင် တဲဆောင်​ထိုး​ကြ​ပြီး အဗရှလုံ​သည် အစ္စရေး​တစ်မျိုးလုံး​၏​မျက်စိ​ရှေ့​တွင်​ပင် ခမည်းတော်​ချန်ထား​သော​မောင်းမ​တို့​ထံ ဝင်​လေ​၏​။
23ထို​ကာလ​၌ အဟိသောဖေလ​ပေး​သော​အကြံ​သည် ဘုရားသခင်​ထံ​မေးလျှောက်​၍​ရလာ​သော​စကား​တော်​ကဲ့သို့ ဖြစ်​၏​။ ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​နှင့် အဗရှလုံ​သည်​လည်း အဟိသောဖေလ​ပေး​သော​အကြံ​ဟူသမျှ​ကို ထိုကဲ့သို့ပင် မှတ်ယူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ