ထိုနောက်မှ အဗရှလုံသည် ရထားများနှင့် မြင်းများကိုလည်းကောင်း၊ မိမိရှေ့မှာ ပြေးရသောလူ ငါးဆယ်ကိုလည်းကောင်း ပြင်ဆင်လေ၏။ အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည် အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊ အဗရှလုံက၊ သင့်အမှုသည် ဟုတ်မှန်လျောက်ပတ်ပေ၏။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။ တစ်ဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည်အပေါင်းတို့သည် ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။ လူတစ်စုံတစ်ယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကိုကိုင်လျက် နမ်းလေ့ရှိ၏။ ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။ လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊ ထာဝရဘုရားသည် အကျွန်ုပ်ကို တစ်ဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာကတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာကတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည်အကြောင်း အခွင့်ပေးတော်မူပါဟုလျှောက်လျှင်၊ ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟုမိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။ သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့သည် တံပိုးမှုတ်သံကိုကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။ အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ်အမှုကိုမျှမသိဘဲ ကောင်းသောစိတ်နှင့် လိုက်ကြ၏။ ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သား အဟိသောဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည်တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှုအားကြီးလေ၏။ သတင်းပြောသောသူတစ်ယောက်သည် ဒါဝိဒ်ထံသို့လာ၍၊ ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။ ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ချင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ဓားနှင့်လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။ ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည်ဟုလျှောက်ကြလျှင်၊ ရှင်ဘုရင်သည် နန်းတော်သားအပေါင်းတို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှာ၊ ကိုယ်လုပ်တော်မိန်းမတစ်ကျိပ်တို့ကို ထားခဲ့လေ၏။ ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စခန်းချကြ၏။
၂ ဓမ္မရာဇဝင် 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 15:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ