၁ ဓမ္မရာဇဝင် 21:1-6
၁ ဓမ္မရာဇဝင် 21:1-6 Judson Bible (JBMLE)
ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက်ရှိရာ နောဗမြို့သို့ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့်တွေ့သောအခါ ကြောက်၍၊ သင်သည် လူတစ်ယောက်မျှမပါဘဲ အဘယ်ကြောင့် တစ်ကိုယ်တည်းလာသနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တစ်ခုကိုအပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှာ အရင်စေလွှတ်လေပြီ။ သို့ဖြစ်၍ ကိုယ်တော်လက်၌ရှိသော မုန့်ငါးလုံးကိုသော်လည်းကောင်း၊ တွေ့သမျှကိုသော်လည်းကောင်း၊ ကျွန်ုပ်လက်သို့အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အားတောင်း၏။ ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့်မပေါင်းဖော်၊ လုလင်တန်ဆာတို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ်အား ပြန်ပြောသော်၊ ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှတစ်ပါး အခြားသောမုန့်မရှိသောကြောင့် သန့်ရှင်းသောမုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်အစား၌ မုန့်သစ်ကို တင်ထားအံ့သောငှာ ထာဝရဘုရားရှေ့တော်မှ နုတ်ပယ်နှင့်ပြီ။
၁ ဓမ္မရာဇဝင် 21:1-6 Common Language Bible (BCL)
ဒါဝိဒ်သည်ယဇ်ပုရောဟိတ်အဟိမလက်ရှိ ရာ နောဗမြို့သို့သွား၏။ အဟိမလက်သည် ကြောက်လန့်တုန်လှုပ်လျက် ဒါဝိဒ်အားလာ ရောက်တွေ့ဆုံပြီးလျှင်``သင်သည်အဘယ် ကြောင့်တစ်ကိုယ်တည်းဤအရပ်သို့လာ ပါသနည်း'' ဟုမေး၏။ ဒါဝိဒ်က``အကျွန်ုပ်သည်ဘုရင့်အမှုတော်ကို ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်ပါသည်။ မင်းကြီးက မိမိစေခိုင်းသည့်အမှုကိစ္စကို အဘယ်သူ့အားမျှမပြောရန်မှာကြား လိုက်ပါသည်။- ယခုကိုယ်တော်၏ထံတွင်ရိက္ခာမည်မျှရှိ ပါသနည်း။ အကျွန်ုပ်အားမုန့်ငါးလုံးသို့ မဟုတ်ကိုယ်တော့်ထံ၌ရှိသောအစား အစာတစ်စုံတစ်ခုကိုပေးပါ'' ဟုတောင်း၏။ ယဇ်ပုရောဟိတ်က``ငါ၏ထံတွင်မုန့်ရိုးရိုး မရှိ။ ရှေ့တော်မုန့်သာလျှင်ရှိ၏။ သင့်ငယ် သားတို့သည်မကြာသေးမီအခါက ကာမရာဂစပ်ယှက်မှုမပြုခဲ့ကြပါမူ သင်သည်ထိုမုန့်ကိုယူနိုင်ခွင့်ရှိပါ၏'' ဟုဆို၏။ ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။ ထို့ကြောင့်ယဇ်ပုရောဟိတ်သည်မိမိထံ တွင်အခြားမုန့်လည်းမရှိသဖြင့် ထာဝရ ဘုရားအားပူဇော်ထားသည့်ရှေ့တော်မုန့် ကိုဒါဝိဒ်အားပေးလေသည်။ ထိုမုန့်ဟောင်း ကိုမုန့်သစ်ဖြင့်အစားထိုးပူဇော်ရန်ဖြစ် သည်။
၁ ဓမ္မရာဇဝင် 21:1-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဒါဝိဒ်သည် နောဗမြို့ရှိ ယဇ်ပုရောဟိတ်အဟိမလက်ထံသို့ ရောက်လာ၏။ အဟိမလက်သည် ဒါဝိဒ်ကို မြင်လျှင် ထိတ်လန့်သွား၍ “အဘယ်ကြောင့် သင် တစ်ဦးတည်းလာရသနည်း။ သင်နှင့်အတူ မည်သူမျှမပါသလော”ဟု မေးရာ ဒါဝိဒ်က ယဇ်ပုရောဟိတ်အဟိမလက်အား “ရှင်ဘုရင်သည် အကျွန်ုပ်ကို အမှုတစ်ခုစေခိုင်းလိုက်ပါ၏။ ရှင်ဘုရင်က ‘သင့်ကို ငါစေခိုင်းသောအမှု၊ သင့်ကို မိန့်မှာသောအမှုတို့ကို မည်သူ့ကိုမျှ မသိစေရ’ဟု မိန့်မှာထားပါ၏။ ငယ်သားတို့နှင့် တစ်နေရာတွင် အကျွန်ုပ်ချိန်းချက်ထားပါ၏။ အရှင်၌ မည်သည့်အရာရှိသနည်း။ အကျွန်ုပ်အား မုန့်ငါးလုံး၊ သို့မဟုတ် ရှိသည့်အရာကို ပေးပါလော့”ဟု ဆို၏။ ယဇ်ပုရောဟိတ်ကလည်း ဒါဝိဒ်အား “ငါ၌ ရိုးရိုးမုန့်မရှိ။ သန့်ရှင်းသောမုန့်သာ ရှိသည်ဖြစ်၍ သင့်ငယ်သားတို့သည် မိန်းမကိုရှောင်လျှင် စားနိုင်သည်”ဟု ပြောပြ၏။ ဒါဝိဒ်ကလည်း ယဇ်ပုရောဟိတ်အား “ယခင်ကတည်းက စစ်ချီထွက်လျှင် မိန်းမကို ရှောင်မြဲဖြစ်ပါ၏။ သာမန်ခရီးသွားချိန်၌ပင် ယောက်ျားတို့အင်္ဂါမှာ သန့်ရှင်းပါ၏။ ယခုတွင် ပို၍ပင်သန့်ရှင်းပါ၏”ဟု ပြန်ပြော၏။ ရှေ့တော်မုန့်မှလွဲ၍ အခြားမုန့်မရှိသောကြောင့် ယဇ်ပုရောဟိတ်သည် သူ့အား သန့်ရှင်းသောမုန့်ကို ပေးလိုက်၏။ ထိုမုန့်သည် မုန့်အသစ်ပြန်တင်သောနေ့၌ ထာဝရဘုရားရှေ့တော်မှ စွန့်လိုက်ရမည့်မုန့်ဖြစ်၏။