YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 26

26
နာ​ခံ​ခြင်း​အ​တွက်​ကောင်း​ချီး
(တ​ရား၊ ၇:၁၂-၂၄၊ ၂၈:၁-၁၄)
1သင်​တို့​သည် ကိုယ်​အ​ဖို့​ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​ကို မ​ရှိ​စေ​ရ။ သင်​တို့​ပြည်၌​ကိုး​ကွယ်​စ​ရာ မှတ်​တိုင်​ကို​မ​စိုက်​ရ။ ထု​သော​ကျောက်​ကို ထောင်၍​မ​ထား​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 2ငါ့​ဥ​ပုသ်​နေ့​တို့​ကို​စောင့်၍၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရို​သေ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။
3သင်​တို့​သည်၊ ငါ့​ထုံး​ဖွဲ့​ရာ​လမ်း​သို့​လိုက်၍၊ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​စောင့်​လျှင်၊ 4အ​ချိန်​တန်​မှ ငါ​သည်​သင်​တို့​အ​ဖို့ မိုး​ရွာ​စေ​သ​ဖြင့်၊ မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဥ​ယျာဉ်​အ​ပင်​တို့​သည် အ​သီး​သီး​ကြ​လိမ့်​မည်။ 5စ​ပါး​နင်း​နယ်​သော​အ​မှု​သည်၊ စ​ပျစ်​သီး​ညှစ်​ရာ​ကာ​လ​တိုင်​အောင်​လည်း​ကောင်း၊ စ​ပျစ်​သီး​ညှစ်​သော​အ​မှု​သည်၊ မျိုး​စေ့​ကြဲ​ရာ ကာ​လ​တိုင်​အောင်​လည်း​ကောင်း မီ​သ​ဖြင့်၊ သင်​တို့​သည်​ဝ​စွာ​စား၍၊ ကိုယ်​ပြည်၌​ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။ 6သင်​တို့​ပြည်၌ စစ်​မှု​ကို​ငါ​ငြိမ်း​စေ၍၊ ခြိမ်း​ခြောက်​သော​သူ​မ​ရှိ​ဘဲ သင်​တို့​သည် အိပ်​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သား​ရဲ​တို့​ကို​လည်း ငါ​ပယ်​ရှား​မည်။ တစ်​ပြည်​လုံး​သည် ဓား​ဘေး​နှင့် ကင်း​လွတ်​လိမ့်​မည်။ 7သင်​တို့​သည် ရန်​သူ​များ​ကို​လိုက်၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။ 8သင်​တို့​တွင် လူ​ငါး​ယောက်​သည် ရန်​သူ​တစ်​ရာ​ကို လိုက်​လိမ့်​မည်။ လူ​တစ်​ရာ​သည် ရန်​သူ​တစ်​သောင်း​ကို​ပြေး​စေ၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။ 9သင်​တို့​ကို​ငါ​စောင့်​မ​သ​ဖြင့် တိုး​ပွား​များ​ပြား​စေ၍၊ သင်​တို့​နှင့်​ငါ​ပြု​သော ပ​ဋိ​ညာဉ်​ကို ငါ​မြဲ​မြံ​စေ​မည်။ 10သို​ထား​သော စ​ပါး​ဟောင်း​ကို​စား၍​မ​ကုန်​မီ၊ စ​ပါး​သစ်​ပေါ်​သော​ကြောင့်၊ အ​ဟောင်း​ကို​ထုတ်​ရ​ကြ​မည်။ 11ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​ခြင်း​မ​ရှိ​ဘဲ သင်​တို့​တွင် တဲ​တော်​ကို​တည်​မည်။ 12သင်​တို့​တွင်​လည်း​လှည့်​လည်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ 13အဲ​ဂု​တ္တု​ပြည်၌ အ​စေ​ကျွန်​ခံ​ရ​သော သင်​တို့​ကို​ငါ​လွှတ်၍ နုတ်​ဆောင်​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့၏​ထမ်း​ပိုး​ကြိုး​ကို ငါ​ဖြတ်၍ သင်​တို့​ကို​တည့်​မတ်​စေ​ပြီ။
မ​နာ​ခံ​ခြင်း​အ​တွက်​အ​ပြစ်​ဒဏ်
(တ​ရား၊ ၂၈:၁၅-၆၈)
14သင်​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဤ​ပ​ညတ်​အ​လုံး​စုံ​ကို​မ​စောင့်၊ 15ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍၊ မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ့​ပ​ညတ်​တ​ရား​ကို​မ​ကျင့်၊ ငါ့​ပ​ဋိ​ညာဉ်​သ​စ္စာ​ကို​ဖျက်​လျှင်၊ 16သင်​တို့၌​ငါ​ပြု​လ​တ္တံ့​သော အ​မှု​ဟူ​မူ​ကား၊ သင်​တို့၌​မျက်​စိ​ပျက်​လျက်၊ စိတ်​ပူ​ပန်​လျက်​ရှိ​စေ​ခြင်း​ငှာ၊ ထိတ်​လန့်​သော​သ​ဘော၊ တူ​လာ၊ ဖျား​နာ​တို့​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​ခန့်​ထား​မည်။ သင်​တို့​သည် မျိုး​စေ့​ကို​ကြဲ​သော်​လည်း အ​ကျိုး​မ​ရှိ။ ရန်​သူ​တို့​သည် အ​သီး​အ​နှံ​ကို​စား​ကြ​လိမ့်​မည်။ 17သင်​တို့​ကို ငါ​မျက်​နှာ​ထား၍၊ ရန်​သူ​ရှေ့​မှာ​ဆုံး​စေ​မည်။ သင်​တို့​သည် ရန်​သူ၏ အုပ်​စိုး​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း၊ ပြေး​ကြ​လိမ့်​မည်။ 18ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ငါ​ပေး​ဦး​မည်။ 19သင်​တို့ မာ​န​အ​စွယ်​ကို ငါ​ချိုး​မည်။ မိုး​ကောင်း​ကင်​ကို​သံ​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ကြီး​ကို​ကြေး​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ ငါ​ဖြစ်​စေ​သ​ဖြင့်၊ 20သင်​တို့​သည် အ​ချည်း​နှီး​ကြိုး​စား​အား​ထုတ်​ကြ​လိမ့်​မည်။ သင်​တို့​မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​မ​ပေး။ ဥ​ယျာဉ်​အ​ပင်​တို့​သည် အ​သီး​မ​သီး​ကြ။
21သင်​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​လျှင်၊ သင်​တို့​အ​ပြစ်​အ​လျောက် ခု​နစ်​ဆ​သော​ဘေး​ကြီး​ကို ငါ​သက်​ရောက်​စေ​မည်။ 22သင်​တို့၏​သား​သ​မီး​များ​ကို ချီ​သွား၍၊ သင်​တို့၏​တိ​ရ​စ္ဆာန်​များ​ကို ဖျက်​ဆီး​လျက်၊ သင်​တို့​ကို​နည်း​စေ​ခြင်း​ငှာ၊ သား​ရဲ​များ​ကို​ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သွား​ရာ​လမ်း​မ​တို့​သည် လူ​ဆိတ်​ညံ​ရာ​ဖြစ်​ကြ​လိမ့်​မည်။ 23ထို​သို့ ခံ​ရ​သော်​လည်း၊ သင်​တို့​သည်​သ​တိ​မ​ရ၊ ငါ့​ကို ဆန့်​ကျင်​ဘက်​ပြု​သေး​လျှင်၊ 24ငါ​သည်​လည်း သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။ 25ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။ 26သင်​တို့၏​အ​စာ​အာ​ဟာ​ရ အ​ထောက်​အ​ပင့်​ကို ငါ​ပယ်​ရှား​သော​အ​ခါ၊ မိန်း​မ​တစ်​ကျိပ်​တို့​သည် သင်​တို့၏​မုန့်​ကို မီး​ဖို​တစ်​ဖို၌​ဖုတ်​ပြီး​မှ၊ ထို​မုန့်​ကို​ချိန်​ပေး​သ​ဖြင့် သင်​တို့​သည်​ဝ​စွာ​မ​စား​ရ​ကြ။ 27ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို​နား​ထောင်၊ ငါ့​ကို ဆန့်​ကျင်​ဘက်​ပြု​သေး​လျှင်၊ 28ငါ​သည်​လည်း​အ​မျက်​ထွက်၍ သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု​သ​ဖြင့်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။ 29သင်​တို့​သည် ကိုယ်​သား​သ​မီး​တို့၏​အ​သား​ကို စား​ရ​ကြ​လိမ့်​မည်။ 30သင်​တို့​မြင့်​သော​အ​ရပ်​များ​ကို ငါ​ဖြို​ဖျက်၍၊ ရုပ်​တု​ဆင်း​တု​များ​ကို ခုတ်​လှဲ​မည်။ သင်​တို့​အ​သေ​ကောင်​များ​ကို၊ ရုပ်​တု​ဆင်း​တု အ​သေ​ကောင်​အ​ပေါ်​မှာ ပစ်​ချ၍၊ သင်​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်။ 31သင်​တို့​မြို့​များ​ကို​ငါ​ဖျက်​ဆီး၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်​တို့​နံ့​သာ​ပေါင်း အ​မွှေး​အ​ကြိုင်​ကို​ငါ​မ​နမ်း။ 32တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သော​အ​မှု​ကို၊ ထို​ပြည်၌​နေ​သော သင်​တို့၏​ရန်​သူ​တို့​သည်​မြင်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ 33သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။ 34ထို​သို့ သင်​တို့​သည်​ရန်​သူ​ပြည်၌​နေ၍၊ ကိုယ်​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော​ကာ​လ​ပတ်​လုံး ငြိမ်​ဝပ်​စွာ​နေ၍၊ မိ​မိ​ဥ​ပုသ်​နေ့​တို့၌ မွေ့​လျော်​ရ​လိမ့်​မည်။ 35လူ​ဆိတ်​ညံ​လျက်​နေ​ရ​သော​ကာ​လ​ပတ်​လုံး ငြိမ်​ဝပ်​လိမ့်​မည်။ သင်​တို့​ရှိ​နေ​သော​အ​ခါ၊ ဥ​ပုသ်​နေ့​တို့၌ ပြည်​သည်​မ​ငြိမ်​မ​ဝပ်​ရ။ 36ရန်​သူ​ပြည်​မှာ​ကျန်​ကြွင်း​သော သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့၊ ထိတ်​လန့်​သော​သ​ဘော​ကို ငါ​ပေး​သွင်း​သ​ဖြင့်၊ သစ်​ရွက်​လှုပ်​သံ​ကြောင့် သင်​တို့​သည်​ကြောက်၍၊ ဓား​ဘေး​မှ​ပြေး​သ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း လဲ​ကြ​လိမ့်​မည်။ 37အ​ဘယ်​သူ​မျှ​မ​လိုက်​ဘဲ ဓား​ဘေး​မှ​ပြေး​သော​သူ​ကဲ့​သို့ တစ်​ယောက်​အ​ပေါ်​မှာ တစ်​ယောက်​လဲ​ကြ​လိမ့်​မည်။ ရန်​သူ​ရှေ့​မှာ ရပ်​နိုင်​သော​တန်​ခိုး​မ​ရှိ​ရ။ 38ရန်​သူ​ပြည်​သည် သင်​တို့​ကို​မျို​စား၍၊ သာ​သ​နာ​ပ​လူ​တို့​တွင် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ 39ကျန်​ကြွင်း​သော​သင်​တို့​သည်၊ ရန်​သူ​ပြည်၌​ကိုယ်​အ​ပြစ်၊ ဘိုး​ဘ​တို့​အ​ပြစ်​ကို​ခံ​လျက်၊ ဘိုး​ဘ​နှင့်​တ​ကွ အား​လျော့​ကြ​လိမ့်​မည်။
40သို့​ရာ​တွင် သူ​တို့​သည်​ငါ့​ကို​ပြစ်​မှား၍၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ကြောင့်၊ 41ငါ​သည် သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍ ရန်​သူ​ပြည်​သို့​ပို့​ဆောင်​သော အ​ကြောင်း​များ​နှင့်​တ​ကွ၊ ကိုယ်​အ​ပြစ်၊ ဘိုး​ဘ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​တောင်း​ပန်​လျှင်​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော မိ​မိ​တို့​နှ​လုံး​ကို​နှိမ့်​ချ၍၊ မိ​မိ​တို့​အ​ပြစ်​ကြောင့်​ခံ​ရ​သော​ဒဏ်​ကို ဝန်​ခံ​လျှင်​လည်း​ကောင်း၊ 42ငါ​သည် ယာ​ကုပ်​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်၊ ဣ​ဇာက်​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်၊ အာ​ဗြ​ဟံ​နှင့်​ပြု​သော ပ​ဋိ​ညာဉ်​ကို​လည်း​ကောင်း၊ ထို​ပြည်​ကို​လည်း​ကောင်း ငါ​အောက်​မေ့​မည်။ 43ထို​ပြည်​သည် သူ​တို့​လက်​မှ​လွတ်၍၊ သူ​တို့​မ​ရှိ​ဘဲ လူ​ဆိတ်​ညံ​လျက်​နေ​စဉ်​တွင် မိ​မိ​ဥ​ပုသ်​နေ့​တို့၌ မွေ့​လျော်​လိမ့်​မည်။ သူ​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍ မ​ထီ​မဲ့​မြင်​ပြု​သော​အ​ပြစ်​ကြောင့်၊ ခံ​ရ​သော​ဒဏ်​ကို ဝန်​ခံ​ရ​ကြ​လိမ့်​မည်။ 44သို့​ရာ​တွင် ရန်​သူ​ပြည်၌​နေ​ကြ​သော​အ​ခါ၊ သူ​တို့​ကို​ရှင်း​ရှင်း​ဖျက်​ဆီး၍၊ သူ​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ပယ်​သည်​တိုင်​အောင် သူ​တို့​ကို​ငါ​မ​စွန့်​ပစ်၊ မ​ရွံ​ရှာ။ ငါ​သည် သူ​တို့၏​ဘု​ရား​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 45ငါ​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​အံ့​သော​ငှာ သာ​သ​နာ​ပ​လူ​တို့​မျက်​မှောက်၌၊ အဲ​ဂု​တ္တု​ပြည်​မှ​ငါ​နုတ်​ဆောင်​သော သူ​တို့​ဘိုး​ဘေး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို သူ​တို့​အ​တွက်​ငါ​အောက်​မေ့​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ 46ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ​လက်​တွင်​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 26: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ