ယေဇကျေလ 17
17
စပျစ်ပင်နှင့်ရွှေလင်းတကြီးများ
1တစ်ဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ပုံပြောလျက်၊ 3ထာဝရဘုရား မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ ထူးခြားသောအဆင်းအရောင်၊ များပြားသောအမွေးနှင့် ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသော ရွှေလင်းတကြီးသည် လေဗနုန်တောင်သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊ 4အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌စိုက်လေ၏။ 5မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုးမခပင်ကဲ့သို့ ထားလေ၏။ 6အရပ်နိမ့်လျက် ရှည်လျားစွာနွယ်သော စပျစ်နွယ်ပင်ပေါက်၍၊ မိမိအခက်အလက်တို့ကို ရွှေလင်းတရှိရာသို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်းအခက် အလက်အညွန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင်ဖြစ်လေ၏။ 7အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတစ်ကောင်ရှိ၏။ စပျစ်ပင်သည် မိမိစိုက်ရာချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှာ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်းလည်း ထိုးလေ၏။ 8အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှာ ရေများရာအရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။ 9သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှာ အမြစ်ကိုနုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှာ ကြီးသောတန်ခိုး၊ များပြားသောအလုံးအရင်းကို အလိုမရှိ။ 10စိုက်လျက်ရှိ၍ ကောင်းစားရမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွားသောလယ်ကွက်၌ ညှိုးနွမ်းရလိမ့်မည်ဟု မိန့်တော်မူ၏။
စကားထာ၏အဓိပ္ပာယ်
11တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 12ပုန်ကန်တတ်သော အမျိုးအားသင်ပြောရမည်မှာ၊ ဤစကား အဘယ်သို့ဆိုလိုသည်ကို နားလည်ကြသလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့် မှူးတော်မတ်တော်တို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွားပြီ။ 13ဆွေတော်မျိုးတော်ထဲက တစ်ယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။ 14ထိုနိုင်ငံသည်ယုတ်ညံ့၍ နောက်တစ်ဖန်မထမကြွဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာတည်စေခြင်းငှာ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။ 15သို့ရာတွင်၊ မြင်းများ၊ လူများတို့ကိုတောင်းခြင်းငှာ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွှတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေးလွတ်ရမည်လော။ သစ္စာဖျက်ပြီးမှ လွတ်ရမည်လော။#၄ရာ၊ ၂၄:၁၅-၂၀။ ၆ရာ၊ ၃၆:၁၀-၁၃။ 16အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌ သေရလိမ့်မည်။ 17ဖာရောဘုရင်သည်လည်း လူများတို့ကိုသတ်ခြင်းငှာ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဖို့စစ်တိုက်၍ မနိုင်ရာ။ 18အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့် ဘေးမှမလွတ်ရ။ 19ထိုကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကိုမရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ်ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ 20ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ငါ့ကိုပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။ 21သူ့ထံမှပြေးသောသူများနှင့် သူရဲများအပေါင်းတို့သည် ဓားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရားမိန့်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
မျှော်လင့်စရာကတိတော်
22တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြင့်သောအာရဇ်ပင်၌ အမြင့်ဆုံးသောအညွန့်ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသောအညွန့်ကိုဆိတ်၍၊ မြင့်မြတ်သောတောင်ပေါ်မှာ ငါစိုက်ပျိုးမည်။ 23အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါစိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင် ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌လည်းကောင်း၊ အခက်အလက်အရိပ်၌လည်းကောင်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။ 24ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 17: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.