ရှောလမုန်သီချင်း 7
7
1အို မင်းသမီး၊ ခြေနင်းစီးထားသောသင့်ခြေထောက်များသည် အလွန်လှပပါသည်တကား။ သင်၏တင်သည် လက်မှုပညာသည်ကဖန်တီးလိုက်သော အနုပညာလက်ရာနှင့်တူပါ၏။
2သင်၏ချက်သည် စပျစ်ဝိုင်အမြဲဖြည့်ထားသည့် လုံးဝန်းသောဖလားနှင့်တူပါ၏။ ဝမ်းဗိုက်သည် နှင်းပန်းရံထားသောဂျုံစပါးပုံနှင့်တူပါ၏။
3သင့်ရင်သားနှစ်မြွှာသည် သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်နှင့်တူပါ၏။
4သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။
5သင့်ဦးခေါင်းသည် ကရမေလတောင်နှင့်တူပြီး ဦးခေါင်းရှိဆံနွယ်များသည် ပိတုန်းရောင်သန်းလျက်ရှိပါ၏။ ထိုဆံနွယ်စုများသည် ရှင်ဘုရင်ကို ရစ်ပတ်နှောင်တွယ်ထားလေပြီ။
6အို အချစ်လေး၊ သင်သည် အလွန်အဆင်းလှပါ၏။ အလွန်နှစ်သက်ဖွယ်ကောင်းပါ၏။ အလွန်စွဲမက်စရာကောင်းလှပါ၏။
7သင်၏အရပ်အမောင်းသည် စွန်ပလွံပင်နှင့်တူ၍ ရင်သားတို့သည်လည်း စွန်ပလွံသီးပြွတ်နှင့်တူပါ၏။
8‘ငါသည် စွန်ပလွံပင်ပေါ်တက်ပြီး အကိုင်းကိုကိုင်မည်’ဟု ငါဆို၏။ သင့်ရင်သားတို့သည် စပျစ်သီးခိုင်ကဲ့သို့၊ သင်အသက်ရှူထုတ်သောလေသည် ပန်းသီးရနံ့ကဲ့သို့ ဖြစ်ပါစေ။
9သင့်နှုတ်သည် အကောင်းစားစပျစ်ဝိုင်ဖြစ်ပါစေ။”
သတို့သမီး
“အကျွန်ုပ်ချစ်သူအဖို့ ထိုစပျစ်ဝိုင်သည် နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် ချောမွေ့စွာစီးဆင်းပါ၏။
10အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်ကိုပိုင်၍ အကျွန်ုပ်ကိုသာ လိုအပ်ပါ၏။
11အကျွန်ုပ်ချစ်သူ၊ လာပါ။ ကျေးလက်များသို့ သွားကြစို့။ တောရွာများတွင် ညအိပ်နားကြစို့။
12စောစောထ၍ စပျစ်ခြံသို့သွားကြစို့။ စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ အပွင့် ပွင့်မပွင့်၊ သလဲပင် ပွင့်မပွင့် သွားကြည့်ကြစို့။ ထိုနေရာတွင် အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို အရှင့်အား ပေးအပ်ပါမည်။
13ဒူးဒဲပင်တို့ ရနံ့မွှေးကြိုင်လေပြီ။ အို အကျွန်ုပ်ချစ်သူ၊ အရှင့်အဖို့ အရသာရှိသော သစ်သီးအစိမ်းအမှည့်အမျိုးမျိုးကို တံခါးနားတွင် အကျွန်ုပ်သိုထားပါပြီ။
လက်ရှိရွေးချယ်ထားမှု
ရှောလမုန်သီချင်း 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative