YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှောလမုန်သီချင်း 6

6
အခြားသူ
1“မိန်းမ​တကာ​တို့​ထက်​အဆင်းလှ​သူ​၊ သင့်​ချစ်သူ အဘယ်​အရပ်​သို့ ထွက်သွား​သနည်း​။ သင်​နှင့်အတူ​လိုက်ရှာ​ရ​အောင် သင့်​ချစ်သူ အဘယ်​အရပ်​သို့ သွား​သနည်း​။”
သတို့သမီး
2“အကျွန်ုပ်​ချစ်သူ​သည် ဥယျာဉ်​ထဲတွင် သိုး​ထိန်း​ရင်း နှင်းပန်း​များ​ကို​ခူးဆွတ်​ဖို့​ရန် မွှေးကြိုင်​သော​အိပ်ရာ​ရှိ​ရာ သူ​၏​ဥယျာဉ်​သို့ ဆင်းသွား​ပါ​၏​။
3အကျွန်ုပ်​ချစ်သူ​သည် အကျွန်ုပ်​ကို​ပိုင်​ပါ​၏​။ အကျွန်ုပ်​လည်း အကျွန်ုပ်​ချစ်သူ​ကို​ပိုင်​ပါ​၏​။ သူ​သည် နှင်းပန်း​တော​တွင် သိုးထိန်း​လေ့​ရှိ​ပါ​၏​။​”
ရှင်ဘုရင်
4“​အို ငါ့​ချစ်သူလေး​၊ သင်​သည် တိရဇာ​မြို့​ကဲ့သို့​လှပ​၍ ဂျေရုဆလင်​မြို့​ကဲ့သို့ တင့်တယ်​၏​။ အောင်လံလွှင့်ထူ​သော​သူ​များ​ကဲ့သို့ ခန့်ညား​လှ​ပါ​၏​။
5သင့်​မျက်လုံး​ကို ငါ့​ထံ​မှ​လွှဲ​လိုက်​ပါ​။ သင့်​မျက်လုံး​များ​သည် ငါ့​ကို​လွှမ်းမိုး​လွန်း​လှ​၏​။ သင့်​ဆံကေသာလေး​သည် ဂိလဒ်​တောင်​ပေါ်မှ​ခုန်ပေါက်​၍​ဆင်းလာ​သော ဆိတ်အုပ်​နှင့်​တူ​ပါ​၏​။
6သင့်​သွား​များ​သည် ရေချိုး​ရာ​မှ​တက်လာ​သော သိုးအုပ်​နှင့်​တူ​ပါ​၏​။ ထို​သိုး​တို့​သည် တစ်​ကောင်​မျှ​သားမလျှော​၊ အမြွှာ​သာ ဖွား​တတ်​ပါ​၏​။
7မျက်နှာလွှား​အောက်​မှ သင့်​ပါးပြင်​သည်​လည်း ထက်ခြမ်းခွဲ​ထား​သော​သလဲသီး​နှင့်​တူ​ပါ​၏​။
8မိဖုရား ခြောက်ဆယ်​၊ မောင်းမ ရှစ်ဆယ်​နှင့် မ​ရေတွက်​နိုင်​သော အပျိုတော်​တို့ ရှိ​သော်လည်း
9ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ တစ်ဦးတည်း​သာ​ရှိ​ပါ​၏​။ သူ့​မိခင်​အဖို့ သူ​သည် တစ်ဦးတည်း​သော​သမီး​၊ သူ့​ကို​မွေး​သော​မိခင်​အဖို့ သူ​သည် အနှစ်သက်ဆုံး​သော​သမီး​ဖြစ်​၏​။ မိန်းမပျို​တို့​သည် သူ့​ကို​မြင်​လျှင် မင်္ဂလာ​ရှိ​သော​သူ ဟု​ခေါ်​ကြ​၏​။ မိဖုရား​များ​၊ မောင်းမ​များ​လည်း သူ့​ကို​ချီးမွမ်း​ကြ​၏​။
အခြားသူ
10အရုဏ်ဦး​အလင်း​ကဲ့သို့ ပေါ်ထွက်​သူ​၊ လ​ကဲ့သို့ တင့်တယ်​သူ​၊ နေ​ကဲ့သို့ တောက်ပ​သူ​၊ အောင်လံလွှင့်ထူ​သော​သူ​များ​ကဲ့သို့ ခန့်ညား​သူ​ကား မည်သူ​နည်း​။​”
ရှင်ဘုရင်
11“​ချိုင့်ဝှမ်းလွင်ပြင်​ရှိ​အပင်ငယ်​တို့​ကို ကြည့်ရှု​ရန်​နှင့် စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ သလဲပင် ပွင့်​မ​ပွင့် တွေ့မြင်​ဖို့​ရန် သစ်သီးခြံ​သို့ အကျွန်ုပ်​ဆင်းသွား​၏​။
12အကျွန်ုပ် မ​သိ​လိုက်​မီ​မှာပင် အကျွန်ုပ်​စိတ်​သည် အကျွန်ုပ်​၏​အမျိုးအနွယ်​စီး​သည့်​တော်ဝင်​ရထား​ပေါ်သို့ ရောက်​နှင့်​လေ​ပြီ​။​”
အခြားသူ
13“​အို ရှုလံ​သမီးပျို​၊ ပြန်လာ​ပါ​၊ ပြန်လာ​ပါ​။ သင့်​ကို အကျွန်ုပ်​တို့ မြင်​ရ​မည့်​အကြောင်း ပြန်လာ​ပါ​၊ ပြန်လာ​ပါ​။​”
ရှင်ဘုရင်
“​စစ်တပ်​နှစ်​တပ် ကခုန်​နေ​သည်​ကို ကြည့်ရှု​သကဲ့သို့ ရှုလံ​သမီးပျို​ကို အဘယ်ကြောင့် ကြည့်​နေ​ကြ​သနည်း​။

လက်ရှိရွေးချယ်ထားမှု

ရှောလမုန်သီချင်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ