ရှောလမုန်သီချင်း 6
6
အခြားသူ
1“မိန်းမတကာတို့ထက်အဆင်းလှသူ၊ သင့်ချစ်သူ အဘယ်အရပ်သို့ ထွက်သွားသနည်း။ သင်နှင့်အတူလိုက်ရှာရအောင် သင့်ချစ်သူ အဘယ်အရပ်သို့ သွားသနည်း။”
သတို့သမီး
2“အကျွန်ုပ်ချစ်သူသည် ဥယျာဉ်ထဲတွင် သိုးထိန်းရင်း နှင်းပန်းများကိုခူးဆွတ်ဖို့ရန် မွှေးကြိုင်သောအိပ်ရာရှိရာ သူ၏ဥယျာဉ်သို့ ဆင်းသွားပါ၏။
3အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်ကိုပိုင်ပါ၏။ အကျွန်ုပ်လည်း အကျွန်ုပ်ချစ်သူကိုပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိပါ၏။”
ရှင်ဘုရင်
4“အို ငါ့ချစ်သူလေး၊ သင်သည် တိရဇာမြို့ကဲ့သို့လှပ၍ ဂျေရုဆလင်မြို့ကဲ့သို့ တင့်တယ်၏။ အောင်လံလွှင့်ထူသောသူများကဲ့သို့ ခန့်ညားလှပါ၏။
5သင့်မျက်လုံးကို ငါ့ထံမှလွှဲလိုက်ပါ။ သင့်မျက်လုံးများသည် ငါ့ကိုလွှမ်းမိုးလွန်းလှ၏။ သင့်ဆံကေသာလေးသည် ဂိလဒ်တောင်ပေါ်မှခုန်ပေါက်၍ဆင်းလာသော ဆိတ်အုပ်နှင့်တူပါ၏။
6သင့်သွားများသည် ရေချိုးရာမှတက်လာသော သိုးအုပ်နှင့်တူပါ၏။ ထိုသိုးတို့သည် တစ်ကောင်မျှသားမလျှော၊ အမြွှာသာ ဖွားတတ်ပါ၏။
7မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့်တူပါ၏။
8မိဖုရား ခြောက်ဆယ်၊ မောင်းမ ရှစ်ဆယ်နှင့် မရေတွက်နိုင်သော အပျိုတော်တို့ ရှိသော်လည်း
9ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ တစ်ဦးတည်းသာရှိပါ၏။ သူ့မိခင်အဖို့ သူသည် တစ်ဦးတည်းသောသမီး၊ သူ့ကိုမွေးသောမိခင်အဖို့ သူသည် အနှစ်သက်ဆုံးသောသမီးဖြစ်၏။ မိန်းမပျိုတို့သည် သူ့ကိုမြင်လျှင် မင်္ဂလာရှိသောသူ ဟုခေါ်ကြ၏။ မိဖုရားများ၊ မောင်းမများလည်း သူ့ကိုချီးမွမ်းကြ၏။
အခြားသူ
10အရုဏ်ဦးအလင်းကဲ့သို့ ပေါ်ထွက်သူ၊ လကဲ့သို့ တင့်တယ်သူ၊ နေကဲ့သို့ တောက်ပသူ၊ အောင်လံလွှင့်ထူသောသူများကဲ့သို့ ခန့်ညားသူကား မည်သူနည်း။”
ရှင်ဘုရင်
11“ချိုင့်ဝှမ်းလွင်ပြင်ရှိအပင်ငယ်တို့ကို ကြည့်ရှုရန်နှင့် စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ သလဲပင် ပွင့်မပွင့် တွေ့မြင်ဖို့ရန် သစ်သီးခြံသို့ အကျွန်ုပ်ဆင်းသွား၏။
12အကျွန်ုပ် မသိလိုက်မီမှာပင် အကျွန်ုပ်စိတ်သည် အကျွန်ုပ်၏အမျိုးအနွယ်စီးသည့်တော်ဝင်ရထားပေါ်သို့ ရောက်နှင့်လေပြီ။”
အခြားသူ
13“အို ရှုလံသမီးပျို၊ ပြန်လာပါ၊ ပြန်လာပါ။ သင့်ကို အကျွန်ုပ်တို့ မြင်ရမည့်အကြောင်း ပြန်လာပါ၊ ပြန်လာပါ။”
ရှင်ဘုရင်
“စစ်တပ်နှစ်တပ် ကခုန်နေသည်ကို ကြည့်ရှုသကဲ့သို့ ရှုလံသမီးပျိုကို အဘယ်ကြောင့် ကြည့်နေကြသနည်း။
လက်ရှိရွေးချယ်ထားမှု
ရှောလမုန်သီချင်း 6: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative