ဆာလံကျမ်း 9
9
ထာဝရဘုရား၏တရားမျှတခြင်းအတွက် ချီးမွမ်းဂုဏ်ပြုခြင်း
ဂီတမှူးအတွက်၊ “မုတ်လဗ္ဘန်” သံစဉ်၊ ဒါဝိဒ်၏ဆာလံ
1အကျွန်ုပ်သည် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။
ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။
2အို အမြင့်ဆုံးသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းပါမည်။
ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းပါမည်။
3အကျွန်ုပ်၏ရန်သူတို့သည် နောက်ပြန်ဆုတ်သောအခါ ခလုတ်တိုက်၍
ကိုယ်တော်၏ရှေ့တော်၌ ပျက်စီးကြရလိမ့်မည်။
4အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍
အကျွန်ုပ်၏အမှုကိစ္စကို ဆောင်ရွက်ပေးတော်မူပြီ။ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ဖြောင့်မတ်စွာတရားစီရင်တော်မူပြီ။
5ကိုယ်တော်သည် တိုင်းနိုင်ငံတို့ကို ဆုံးမ၍ ဆိုးယုတ်သောသူတို့ကိုဖျက်ဆီးကာ
သူတို့၏အမည်များကို ကာလအစဉ်အဆက် ပယ်ဖျက်တော်မူပြီ။
6ရန်သူတို့သည် ထာဝရပျက်စီးခြင်းထဲ၌ ပျက်စီးကုန်ဆုံးကြပါပြီ။
မြို့တို့ကိုဖြိုဖျက်တော်မူသဖြင့် ၎င်းတို့နှင့်ပတ်သက်သည့်အောက်မေ့စရာသည် ပျောက်ကွယ်သွားပါပြီ။
7ထာဝရဘုရားမူကား အစဉ်အမြဲစိုးစံတော်မူ၏။
ကိုယ်တော်သည် တရားစီရင်ခြင်းအတွက် မိမိပလ္လင်တော်ကိုတည်တော်မူပြီ။
8ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်စွာတရားစီရင်၍
လူမျိုးအပေါင်းတို့ကို သမာသမတ်ရှိစွာစစ်ကြောစီရင်တော်မူ၏။
9ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊
ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
10ကိုယ်တော်၏နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြပါလိမ့်မည်။
အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကိုရှာသောသူတို့အား စွန့်ပစ်တော်မမူပါ။
11ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။
ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။
12အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။
ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။
13အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ သေခြင်း၏တံခါးဝမှ အကျွန်ုပ်ကိုဆွဲတင်တော်မူသောအရှင်၊
အကျွန်ုပ်ကိုမုန်းသောသူတို့ထံမှ အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုကြည့်ရှုတော်မူပါ။
14ထိုအခါ အကျွန်ုပ်သည် ဇိအုန်သမီး၏တံခါးဝတို့၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပြောကြား၍
ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းနိုင်ပါမည်။
15လူမျိုးတကာတို့သည် မိမိတို့တူးထားသောတွင်းထဲသို့ ကျကြပြီ။
သူတို့ခြေသည် မိမိတို့လျှို့ဝှက်စွာထောင်ထားသော ပိုက်ကွန်၌မိလေပြီ။
16ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။
ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။#9:16 တေးဂီတနှင့်ဆိုင်သောဟီဘရူးစကား။စေလာ#9:16 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
17ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည်
မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
18သို့သော် နွမ်းပါးသောသူတို့သည် အစဉ်မေ့လျော့ခြင်းခံရမည်မဟုတ်။
အဖိနှိပ်ခံရသောသူတို့၏မျှော်လင့်ခြင်းသည်လည်း ထာဝစဉ်ပျက်စီးသွားမည်မဟုတ်။
19အို ထာဝရဘုရား၊ ထတော်မူပါ။ လူသည် အနိုင်မရပါစေနှင့်။
လူမျိုးတကာတို့သည် ရှေ့တော်၌တရားစီရင်ခြင်းခံကြရပါစေသော။
20အို ထာဝရဘုရား၊ သူတို့ကိုကြောက်လန့်စေတော်မူပါ။
မိမိတို့သည် လူသက်သက်သာဖြစ်ကြောင်း လူမျိုးတကာတို့အားသိစေတော်မူပါ။(စေလာ#9:20 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative