ဆာလံကျမ်း 48
48
ချီးမြှောက်ခြင်းခံရသောဇိအုန်
သီချင်း၊ ကောရသားတို့၏ဆာလံ
1ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ငါတို့ဘုရားသခင်၏မြို့တော်၌ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။
ကိုယ်တော်၏သန့်ရှင်းသောတောင်တော်သည်
2မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။
မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။
3ဘုရားသခင်သည် ထိုမြို့၏ခံတပ်များတွင်
ခိုကိုးရာဖြစ်ကြောင်း မိမိကိုယ်ကိုထင်ရှားစေတော်မူ၏။
4ကြည့်ရှုလော့။
ရှင်ဘုရင်တို့သည် စုဝေးလျက် အတူတကွချီတက်လာကြ၏။
5သူတို့သည် ၎င်းကိုမြင်ရကြသည်နှင့် အံ့အားသင့်လျက်
ထိတ်လန့်၍ပြေးလွှားကြ၏။
6ထိုအရပ်တွင် ထိတ်လန့်တုန်လှုပ်ခြင်းသည် သူတို့ကိုဖမ်းဆုပ်ထား၍
သူတို့သည် သားဖွားနေသောအမျိုးသမီးကဲ့သို့ ဝေဒနာခံစားကြရ၏။
7ကိုယ်တော်သည် တာရှုသင်္ဘောတို့ကို
အရှေ့လေဖြင့်ကျိုးပဲ့စေတော်မူ၏#48:7 အချို့မူရင်းကျမ်း၌ “အရှေ့လေသည် တာရှုသင်္ဘောတို့ကို ကျိုးပဲ့စေသကဲ့သို့ဖြစ်၏”။။
8ငါတို့ကြားခဲ့ရသည့်အတိုင်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ မြို့တော်တည်းဟူသော
ငါတို့ဘုရားသခင်၏မြို့တော်တွင် ငါတို့မြင်ရကြလေပြီ။
ဘုရားသခင်သည် ထိုမြို့တော်ကို ကာလအစဉ်အဆက်တည်စေတော်မူမည်။(စေလာ#48:8 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
9အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်ကို ကိုယ်တော်၏ဗိမာန်တော်ထဲ၌
အကျွန်ုပ်တို့အောက်မေ့ဆင်ခြင်ကြပါ၏။
10အို ဘုရားသခင်၊ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ကိုယ်တော်၏နာမတော်နည်းတူ
ကမ္ဘာမြေအစွန်းတိုင်အောင် ပျံ့နှံ့ပါ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် ဖြောင့်မတ်ခြင်းနှင့်ပြည့်ဝပါ၏။
11ကိုယ်တော်၏တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်ပါစေ။
ယုဒသမီးပျိုတို့သည် ရွှင်လန်းကြပါစေ။
12ဇိအုန်အနှံ့လှည့်ပတ်သွားလာ၍
မျှော်စင်တို့ကိုရေတွက်ကြလော့။
13လာမည့်မျိုးဆက်ကိုပြောပြနိုင်ရန် ထိုမြို့တော်၏တံတိုင်းကို သင်တို့၏စိတ်နှလုံး၌မှတ်သားထား၍
ခံတပ်များကိုစစ်ဆေးကြည့်ရှုကြလော့။
14အကြောင်းမူကား ဤဘုရားသခင်သည် ကာလအစဉ်အဆက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။
ကိုယ်တော်သည် ငါတို့သေဆုံးသည့်တိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 48: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative