YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 49

49
စည်းစိမ်ဥစ္စာကို ယုံမှားကိုးစားခြင်း
ဂီတမှူး​အတွက်​၊ ကောရ​သား​တို့​၏​ဆာလံ
1လူမျိုး​အပေါင်း​တို့​၊ ဤ​အရာ​ကို​နားထောင်​ကြ​လော့​။
ကမ္ဘာလောက​၌​နေထိုင်​သူ​အပေါင်း​တို့​၊ စူးစိုက်​နားထောင်​ကြ​လော့​။
2အယုတ်​အမြတ်​၊ ဆင်းရဲ​ချမ်းသာ​မရွေး
အတူတကွ​စူးစိုက်​နားထောင်​ကြ​လော့​။
3ငါ​၏​နှုတ်​သည် ဉာဏ်ပညာ​စကား​ကို​မြွက်ဆို​မည်​။
ငါ့​စိတ်နှလုံး​၏​စဉ်းစားဆင်ခြင်မှု​သည် ထိုးထွင်းဉာဏ်​ကို​ပေး​မည်​။
4ငါ​သည် သုတ္တံ​စကား​တို့​ကို​ဂရုစိုက်​နားထောင်​မည်​။
ငါ​၏​ပဟေဠိ​ကို စောင်း​တီး​၍​ဖွင့်ပြ​မည်​။
5ငါ့​ကို​လိမ်လည်​လှည့်စား​သော​သူ​တို့​၏​ဒုစရိုက်​က ငါ့​ကို​ဝိုင်းရံ​၍
ငါ​ဒုက္ခ​ရောက်​သော​နေ့ရက်​များ​၌ ငါ​သည် အဘယ်ကြောင့် ကြောက်ရွံ့​ရ​မည်နည်း​။
6ထို​သူ​တို့​သည် မိမိ​တို့​၏​ဥစ္စာပစ္စည်း​ကို​ကိုးစား​၍ မိမိ​တို့​၏​ဓနဥစ္စာ​ကြွယ်ဝမှု​၌ ဂုဏ်ယူဝါကြွား​ကြ​၏​။
7လူ​သည် သူတစ်ပါး​ကို လုံးဝ​ရွေးနုတ်ကယ်တင်​၍​မ​ရ​နိုင်​။
မိမိ​အတွက်​ရွေးနုတ်စရာ​အဖိုးအခ​ကို​လည်း ဘုရားသခင်​အား မ​ပေး​နိုင်​။
8အကြောင်းမူကား လူ​၏​အသက်​ကို​ရွေးနုတ်​ရန်
အဖိုးအခ​သည် အလွန်ကြီး​၏​။
9သို့ဖြစ်၍ လူ​သည် ပုပ်ပျက်​ခြင်း​နှင့်​မ​ကြုံတွေ့​ရ​ဘဲ
ထာဝရ​အသက်ရှင်​နိုင်​ရေး​ကို လုံးဝ​စွန့်လွှတ်​ရ​၏​။
10အကြောင်းမူကား ပညာရှိ​တို့​သည် သေ​ကြ​ရ​သည့်​နည်းတူ မိုက်မဲ​သော​သူ​နှင့် အသိတရားမဲ့​သော​သူ​သည်​လည်း
ပျက်စီး​သွား​၍ မိမိ​တို့​၏​ဥစ္စာပစ္စည်း​ကို သူတစ်ပါး​တို့​အတွက်​ထားခဲ့​ရ​သည်​ကို လူ​သည်​တွေ့မြင်​ရ​လိမ့်မည်​။
11ထို​သူ​တို့​က မိမိ​တို့​အိမ်​သည် အစဉ်အမြဲ​တည်​၍ မိမိ​တို့​နေထိုင်ရာအရပ်​သည်
မျိုးဆက်​အစဉ်အဆက်​တည်​လိမ့်မည်​ဟု ထင်မှတ်​လျက် မြေကွက်​တို့​ကို မိမိ​တို့​အမည်​ဖြင့်​မှည့်ခေါ်​ကြ​၏​။
12သို့သော် လူ​သည် ဂုဏ်အရှိန်အဝါ​၌ တည်မြဲ​ရ​သည်​မ​ဟုတ်​။
သူ​သည် သေကျေပျက်စီး​တတ်​သော​တိရစ္ဆာန်​နှင့်​တူ​၏​။
13ဤသည်ကား မိမိကိုယ်မိမိ​ယုံကြည်အားထား​သော​သူ​တို့​နှင့် ထို​သူ​တို့​၏​စကား​ကို​နှစ်သက်​၍
သူ​တို့​နောက်​သို့​လိုက်​သော​သူ​တို့​၏​လမ်း​ဖြစ်​၏​။(​စေလာ#49:13 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
14သူ​တို့​သည် မရဏာနိုင်ငံ​အတွက် သိုး​ကဲ့သို့ လျာထား​ခြင်း​ခံရ​၍ သေ​ခြင်း​သည် သူ​တို့​ကို​ထိန်းကျောင်း​လိမ့်မည်​။
ဖြောင့်မှန်​သော​သူ​တို့​သည် နံနက်အချိန်​၌ ထို​သူ​တို့​ကို​အုပ်စိုး​ကြ​လိမ့်မည်​။
ထို​သူ​တို့​၏​ရုပ်သဏ္ဌာန်​သည် မိမိ​တို့​နေထိုင်​ရာ​အရပ်​မှ​ဝေးကွာ​သည့် မရဏာနိုင်ငံ​၌​ဆွေးမြည့်​ကြ​လိမ့်မည်​။
15သို့သော် ဘုရားသခင်​သည် ငါ့​ကို​ခေါ်ယူ​တော်မူ​မည်​ဖြစ်​သောကြောင့်
ငါ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၏​လက်​မှ ရွေးနုတ်ကယ်တင်​တော်မူ​လိမ့်မည်​။(​စေလာ#49:15 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
16လူ​တစ်​ဦး​သည် ချမ်းသာကြွယ်ဝ​လာ​၍
သူ့​အိမ်​၏​ဘုန်းစည်းစိမ်​တိုးပွား​လာ​သောအခါ သင်​သည် မဝံ့မရဲ​မ​ဖြစ်​နှင့်​။
17အကြောင်းမူကား သူ​သေဆုံး​သောအခါ မည်သည့်​အရာ​ကို​မျှ ယူဆောင်​သွား​နိုင်​မည်​မ​ဟုတ်​။
သူ​၏​ဘုန်းအသရေ​သည် သူ့​နောက်​လိုက်ပါ​ဆင်းသွား​လိမ့်မည်​မ​ဟုတ်​။
18သူ​သည် အသက်ရှင်​နေစဉ် မိမိကိုယ်ကို​ကောင်းချီးပေး​တတ်​၏​။
သင်​သည် မိမိ​အတွက် ကောင်း​သော​အမှု​ကို​ပြု​သည့်အခါ​လည်း လူ​တို့​သည် သင့်​ကို​ချီးမွမ်း​တတ်​ကြ​၏​။
19သို့သော် သူ​သည် မိမိ​ဘိုးဘေး​တို့​၏​မျိုးဆက်​ရှိ​ရာ​အရပ်​တည်းဟူသော
အလင်း​ကို​မည်သည့်​အခါ​မျှ​မ​မြင်​ရ​သည့်​အရပ်​သို့ ရောက်သွား​လိမ့်မည်​။
20လူ​သည် ဂုဏ်အရှိန်အဝါ​၌​ရှိ​သော်လည်း အသိဉာဏ်​မ​ရှိ​လျှင် သေကျေပျက်စီး​တတ်​သော​တိရစ္ဆာန်​များ​နှင့်​တူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 49: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ