ဆာလံကျမ်း 49
49
စည်းစိမ်ဥစ္စာကို ယုံမှားကိုးစားခြင်း
ဂီတမှူးအတွက်၊ ကောရသားတို့၏ဆာလံ
1လူမျိုးအပေါင်းတို့၊ ဤအရာကိုနားထောင်ကြလော့။
ကမ္ဘာလောက၌နေထိုင်သူအပေါင်းတို့၊ စူးစိုက်နားထောင်ကြလော့။
2အယုတ်အမြတ်၊ ဆင်းရဲချမ်းသာမရွေး
အတူတကွစူးစိုက်နားထောင်ကြလော့။
3ငါ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုမည်။
ငါ့စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုသည် ထိုးထွင်းဉာဏ်ကိုပေးမည်။
4ငါသည် သုတ္တံစကားတို့ကိုဂရုစိုက်နားထောင်မည်။
ငါ၏ပဟေဠိကို စောင်းတီး၍ဖွင့်ပြမည်။
5ငါ့ကိုလိမ်လည်လှည့်စားသောသူတို့၏ဒုစရိုက်က ငါ့ကိုဝိုင်းရံ၍
ငါဒုက္ခရောက်သောနေ့ရက်များ၌ ငါသည် အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။
6ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
7လူသည် သူတစ်ပါးကို လုံးဝရွေးနုတ်ကယ်တင်၍မရနိုင်။
မိမိအတွက်ရွေးနုတ်စရာအဖိုးအခကိုလည်း ဘုရားသခင်အား မပေးနိုင်။
8အကြောင်းမူကား လူ၏အသက်ကိုရွေးနုတ်ရန်
အဖိုးအခသည် အလွန်ကြီး၏။
9သို့ဖြစ်၍ လူသည် ပုပ်ပျက်ခြင်းနှင့်မကြုံတွေ့ရဘဲ
ထာဝရအသက်ရှင်နိုင်ရေးကို လုံးဝစွန့်လွှတ်ရ၏။
10အကြောင်းမူကား ပညာရှိတို့သည် သေကြရသည့်နည်းတူ မိုက်မဲသောသူနှင့် အသိတရားမဲ့သောသူသည်လည်း
ပျက်စီးသွား၍ မိမိတို့၏ဥစ္စာပစ္စည်းကို သူတစ်ပါးတို့အတွက်ထားခဲ့ရသည်ကို လူသည်တွေ့မြင်ရလိမ့်မည်။
11ထိုသူတို့က မိမိတို့အိမ်သည် အစဉ်အမြဲတည်၍ မိမိတို့နေထိုင်ရာအရပ်သည်
မျိုးဆက်အစဉ်အဆက်တည်လိမ့်မည်ဟု ထင်မှတ်လျက် မြေကွက်တို့ကို မိမိတို့အမည်ဖြင့်မှည့်ခေါ်ကြ၏။
12သို့သော် လူသည် ဂုဏ်အရှိန်အဝါ၌ တည်မြဲရသည်မဟုတ်။
သူသည် သေကျေပျက်စီးတတ်သောတိရစ္ဆာန်နှင့်တူ၏။
13ဤသည်ကား မိမိကိုယ်မိမိယုံကြည်အားထားသောသူတို့နှင့် ထိုသူတို့၏စကားကိုနှစ်သက်၍
သူတို့နောက်သို့လိုက်သောသူတို့၏လမ်းဖြစ်၏။(စေလာ#49:13 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
14သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။
ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။
ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
15သို့သော် ဘုရားသခင်သည် ငါ့ကိုခေါ်ယူတော်မူမည်ဖြစ်သောကြောင့်
ငါ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။(စေလာ#49:15 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
16လူတစ်ဦးသည် ချမ်းသာကြွယ်ဝလာ၍
သူ့အိမ်၏ဘုန်းစည်းစိမ်တိုးပွားလာသောအခါ သင်သည် မဝံ့မရဲမဖြစ်နှင့်။
17အကြောင်းမူကား သူသေဆုံးသောအခါ မည်သည့်အရာကိုမျှ ယူဆောင်သွားနိုင်မည်မဟုတ်။
သူ၏ဘုန်းအသရေသည် သူ့နောက်လိုက်ပါဆင်းသွားလိမ့်မည်မဟုတ်။
18သူသည် အသက်ရှင်နေစဉ် မိမိကိုယ်ကိုကောင်းချီးပေးတတ်၏။
သင်သည် မိမိအတွက် ကောင်းသောအမှုကိုပြုသည့်အခါလည်း လူတို့သည် သင့်ကိုချီးမွမ်းတတ်ကြ၏။
19သို့သော် သူသည် မိမိဘိုးဘေးတို့၏မျိုးဆက်ရှိရာအရပ်တည်းဟူသော
အလင်းကိုမည်သည့်အခါမျှမမြင်ရသည့်အရပ်သို့ ရောက်သွားလိမ့်မည်။
20လူသည် ဂုဏ်အရှိန်အဝါ၌ရှိသော်လည်း အသိဉာဏ်မရှိလျှင် သေကျေပျက်စီးတတ်သောတိရစ္ဆာန်များနှင့်တူ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 49: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative