YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 9

9
အစ္စရေးအမျိုးသားတို့ အပြစ်ဝန်ချတောင်းပန်ကြခြင်း
1ထို​လ နှစ်ဆယ့်​လေး​ရက်​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အစာရှောင်​လျက်​၊ လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ ခေါင်း​ပေါ်မှာ မြေမှုန့်​ကို​တင်​လျက် စုဝေး​ကြ​၏​။ 2အစ္စရေး​အမျိုးအနွယ်​တို့​သည် တိုင်းတစ်ပါးသား​တို့​နှင့် ခပ်ခွာခွာ​နေ​၍ ရပ်​လျက် မိမိ​တို့​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​များ​ကို ဝန်ချတောင်းပန်​ကြ​၏​။ 3သူ​တို့​သည် ကိုယ်​ရှိ​ရာ​နေရာ​၌ ရပ်​လျက် နေ့​တစ်​နေ့​၏​လေးပုံတစ်ပုံ​တွင် ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တရား​ကျမ်း​ကို ဖတ်​ပြီး နောက်​လေးပုံတစ်ပုံ​တွင် အပြစ်​များ​ကို​ဝန်ချတောင်းပန်​ကာ ဘုရားသခင်​ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ကြ​၏​။ 4ထို့နောက် ယေရွှာ​၊ ဗာနိ​၊ ကပ်မျေလ​၊ ရှေဗနိ​၊ ဗုန္နိ​၊ ရှေရဘိ​၊ ဗာနိ​၊ ခေနနိ​တို့​သည် လေဝိ​အမျိုး​တို့​၏​စင်​ပေါ်တွင်​ရပ်​၍ ဘုရားသခင်​ထာဝရဘုရား​ထံ ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​ဆုတောင်း​ကြ​၏​။ 5လေဝိ​အမျိုး ယေရွှာ​၊ ကပ်မျေလ​၊ ဗာနိ​၊ ဟာရှဗနိ​၊ ရှေရဘိ​၊ ဟောဒိယ​၊ ရှေဗနိ​၊ ပေသဟိ​တို့​က “​မတ်တတ်ရပ်​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အစဉ်အမြဲ​ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ဘုန်းကြီး​သော​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ဂုဏ်ပြု​ခြင်း​၊ ချီးမွမ်း​ခြင်း​ရှိသမျှ​တို့​ထက် ချီးမြှောက်​ကြ​လော့​။ 6ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ထာဝရဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မိုးကောင်းကင်​၊ အမြင့်ဆုံးသောကောင်းကင်​နှင့်​ကောင်းကင်တန်ဆာ​အားလုံး​၊ မြေကြီး​နှင့်​မြေကြီး​တန်ဆာ​အားလုံး​၊ ပင်လယ်​နှင့်​ပင်လယ်တန်ဆာ​အားလုံး​ကို ဖန်ဆင်း​တော်မူ​၍ ထို​အရာ​အားလုံး​ကို​လည်း အသက်ရှင်​စေ​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​တို့​သည် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​ပါ​၏​။ 7အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အာဗြံ​ကို​ရွေးကောက်​တော်မူ​၍ သူ့​ကို ခါလဒဲ​ပြည် ဥရ​မြို့​မှ​ထုတ်ဆောင်​ခဲ့​ပြီး အာဗြဟံ​ဟူသော​အမည်​ကို​ပေး​တော်မူ​၏​။ 8သူ​သည် ရှေ့​တော်​တွင် စိတ်သဘော​ဖြောင့်မှန်​သော​သူ​ဖြစ်ကြောင်း ကိုယ်တော်​တွေ့မြင်​သဖြင့် ခါနာန်​ပြည်​၊ ဟိတ္တိ​ပြည်​၊ အာမောရိ​ပြည် ဖေရဇိ​ပြည်​၊ ယေဗုသိ​ပြည်​၊ ဂိရဂါရှိ​ပြည်​တို့​ကို သူ​၏​သားစဉ်မြေးဆက်​တို့​အား​ပေး​ရန် သူ​နှင့်​ပဋိညာဉ်​ပြု​တော်မူ​၏​။ ကိုယ်တော်​သည်​လည်း ဖြောင့်မတ်​တော်မူ​သည်​ဖြစ်၍ ကတိ​တော်​ကို​တည်​စေ​တော်မူ​၏​။
9အီဂျစ်​ပြည်​တွင် အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ ဖိစီးနှိပ်စက်မှု​ခံရ​သည်​ကို ကိုယ်တော်​သိမြင်​တော်မူ​ပါ​၏​။ ဧဒုံ​ပင်လယ်​နား​တွင် သူ​တို့​၏​အော်ဟစ်သံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။ 10ဖာရော​မင်းကြီး​အပါအဝင် သူ​၏​အစေအပါး​အပေါင်း​တို့​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​ကို ဆန့်ကျင်​၍ နိမိတ်လက္ခဏာ​များ​၊ အံ့ဖွယ်အမှု​များ​ကို ကိုယ်တော်​ပြ​တော်မူ​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် ဘိုးဘေး​တို့​အား ဖိနှိပ်ညှဉ်းဆဲ​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​၍ ကိုယ်တော်​သည် နာမ​တော်​ကို ယနေ့​တိုင် ထင်ရှား​စေ​တော်မူ​ပြီ​။ 11သူ​တို့​ရှေ့​၌​ပင် ကိုယ်တော်​သည် ပင်လယ်​ကို​ခွဲ​တော်မူ​၍ ပင်လယ်​အလယ် ခြောက်သွေ့​သော​မြေ​ပေါ်တွင် သူ​တို့​ကို ဖြတ်ကူး​စေ​၏​။ သူ​တို့​ကို လိုက်​သော​သူ​တို့​အား ကျောက်တုံး​ကို ရေနက်​ထဲ​ပစ်ချ​သကဲ့သို့ ပင်လယ်နက်​ထဲသို့​ပစ်ချ​တော်မူ​၏​။ 12ထို့ပြင် သူ​တို့​အား နေ့​အချိန်​၌ မိုးတိမ်​တိုင်​ဖြင့်​လည်းကောင်း​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင် အလင်း​ရ​ဖို့ မီး​တိုင်​ဖြင့်​လည်းကောင်း ပို့ဆောင်​တော်မူ​၏​။ 13ကိုယ်တော်​သည် သိနာ​တောင်​ပေါ်သို့​ကြွဆင်း​တော်မူ​၏​။ သူ​တို့​အား ကောင်းကင်​မှ​နှုတ်မြွက်​တော်မူ​၏​။ သူ​တို့​အား ဖြောင့်မှန်​သော​စီရင်ထုံးဖွဲ့ချက်​၊ မှန်ကန်​သော​တရား​၊ ကောင်းမြတ်​သော​ပြဋ္ဌာန်းချက်​နှင့် ပညတ်ချက်​တို့​ကို ပေး​တော်မူ​၏​။ 14သူ​တို့​အား ကိုယ်တော်​၏​သန့်ရှင်းမြင့်မြတ်​သော​ဥပုသ်နေ့​ကို သိ​စေ​တော်မူ​၏​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​မှတစ်ဆင့် ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ တရားတော်​များ​ကို ပေးအပ်​တော်မူ​၏​။ 15သူ​တို့​ဆာလောင်​သောအခါ သူ​တို့​အား ကောင်းကင်​မှ​မုန့်​ကို ချပေး​တော်မူ​၏​။ သူ​တို့​ရေဆာ​သောအခါ ကျောက်​ထဲမှ​ရေ​ကို ထွက်​စေ​တော်မူ​၏​။ ထို​ပြည်​ကို သူ​တို့​အား ပေး​မည်​ဟု ကျိန်ဆို​ထား​သည့်​အတိုင်း ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ရန် မိန့်​တော်မူ​၏​။
16သို့သော် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် အတင့်ရဲ​၍ ခေါင်းမာ#9:16 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​ကြ​၏​။ ကိုယ်တော်​၏​ပညတ်တော်​များ​ကို မ​နာခံ​ကြ​။ 17သူ​တို့​သည် ကိုယ်တော်​၏​စကား​ကို နားမထောင်​။ သူ​တို့​အလယ်​တွင် ပြု​တော်မူ​သော အံ့ဖွယ်​အမှု​တို့​ကို​မ​အောက်မေ့​ဘဲ ခေါင်းမာ#9:17 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​လျက် ကိုယ်တော်​ကို ပုန်ကန်​ကြ​၍ ကျွန်ခံ​ရာ​ပြည်​သို့​ပြန်​ရန် ခေါင်းဆောင်​ကို​ခန့်ထား​ကြ​၏​။ သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တတ်​သော​၊ ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​တော်​ကြီးမား​သော​ဘုရား​ဖြစ်​တော်မူ​၍ သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​ခဲ့​။ 18ထို့ပြင် သူ​တို့​သည် နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ‘​ဤ​ဘုရား​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟု ပြောဆို​လျက် လွန်စွာ​ပြစ်မှားစော်ကား​ကြ​သော်လည်း 19ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို​တောကန္တာရ​တွင် စွန့်ပစ်​တော်​မ​မူ​။ နေ့​အချိန်​၌ သူ​တို့​ကို လမ်းခရီး​တွင်​ပို့ဆောင်​ရန် မိုးတိမ်​တိုင်​ကို​သူ​တို့​ရှေ့​မှ​မ​ဖယ်ရှား​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင်​လည်း အလင်း​ရရှိ​ရန် မီးတိုင်​ဖြင့် ပို့ဆောင်​တော်မူ​၏​။ 20သူ​တို့​အား​လမ်းပြသွန်သင်​ပေး​ရန် ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​ကို ချပေး​တော်မူ​၏​။ ကိုယ်တော်​၏​မန္နမုန့်​ကို သူ​တို့​ပါးစပ်​နှင့်​မ​ပြတ်​စေ​ဘဲ ရေဆာ​သောအခါ​တွင်​လည်း ရေ​ကို​ပေး​တော်မူ​၏​။ 21တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး ကျွေးမွေး​တော်မူ​သဖြင့် သူ​တို့​၌ မည်သည့် လိုအပ်​ချက်​မျှ​မ​ရှိ​။ သူ​တို့​၏​အဝတ်​များ​သည် မ​ဟောင်းနွမ်း​၊ သူ​တို့​၏​ခြေ​တို့​သည်​လည်း ရောင်ရမ်း​ခြင်း​မ​ရှိ​။
22ကိုယ်တော်​သည် တိုင်းနိုင်ငံ​များ​နှင့် လူမျိုး​တို့​ကို သူ​တို့​လက်​သို့ အပ်​တော်မူ​၏​။ နယ်မြေ​ကို​လည်း သူ​တို့​အား ပိုင်းခြား​ခွဲဝေ​ပေး​တော်မူ​၏​။ သူ​တို့​သည် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​ပြည်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​ပြည်​တို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ 23သူ​တို့​၏​သားမြေး​များ​ကို မိုးကောင်းကင်​ကြယ်​ကဲ့သို့ များပြား​စေ​တော်မူ​၏​။ ဘိုးဘေး​တို့​ဝင်ရောက်​ပိုင်ဆိုင်​ရန် ကိုယ်တော်​မိန့်မှာ​သည့်​ပြည်​သို့ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။ 24သူ​တို့​၏​သားမြေး​တို့​သည် ထို​ပြည်​ကို​ဝင်ရောက်​သိမ်းပိုက်​သောအခါ ကိုယ်တော်​သည် ထို​ပြည်သား​ခါနာန်​လူမျိုး​တို့​ကို သူ​တို့​ရှေ့​တွင်​နှိမ်နင်း​တော်မူ​၏​။ ရှင်ဘုရင်​နှင့်တကွ ပြည်သူပြည်သား​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၍ သူ​တို့​အလိုရှိ​သည့်​အတိုင်း​ပြု​ကြ​၏​။ 25သူ​တို့​သည် ခိုင်ခံ့​သော​မြို့​များ​နှင့် မြေဩဇာကောင်း​သော​ပြည်​ကို သိမ်းပိုက်​ကြ​၏​။ ဥစ္စာ​ရတနာ​နှင့်​ပြည့်​သော​အိမ်​များ​၊ တူး​ပြီး​သော​ရေတွင်း​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​၊ သီးစားပင်​များစွာ​ကို သိမ်းယူ​ကြ​၏​။ သူ​တို့​သည် ဝလင်​စွာ​စား​ကြ​ပြီး ဝဖြိုး​ကြ​၏​။ ကိုယ်တော်​၏​ကြီးမား​လှ​သော​ကောင်းမြတ်​ခြင်း​ကြောင့် သူ​တို့ ပျော်ရွှင်ကြည်နူး​ကြ​ရ​၏​။ 26သို့သော် သူ​တို့​သည် နာခံမှု​မ​ရှိ​။ ကိုယ်တော်​ကို​ပုန်ကန်​ကြ​၏​။ ပညတ်တရား​ကို ကျောခိုင်း​ကြ​၏​။ ကိုယ်တော့်​ထံသို့​ပြန်လာ​ရန် သူ​တို့​ကို​သတိပေး​သော ကိုယ်တော်​၏​ပရောဖက်​များ​ကို​သတ်ဖြတ်​ကြ​၏​။ လွန်စွာ​ပြစ်မှားစော်ကား​ကြ​၏​။ 27ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​အား ရန်သူ​တို့​လက်​သို့​အပ်​သဖြင့် ရန်သူ​တို့​သည် သူ​တို့​ကို​ညှဉ်းပန်းနှိပ်စက်​လေ​၏​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ကိုယ်တော့်​ထံ​အော်ဟစ်​သဖြင့် ကိုယ်တော်​သည် ကောင်းကင်​မှ​ကြား​တော်မူ​၏​။ ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် ကယ်တင်​မည့်​သူ​များ​ကို ပြင်ဆင်​ပေး​တော်မူ​၍ သူ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်တင်​စေ​ခဲ့​၏​။ 28သူ​တို့​သည် အေးအေးချမ်းချမ်း​နေ​ရ​သောအခါ ကိုယ်တော်​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​ကြ​ပြန်​သဖြင့် သူ​တို့​ကို အုပ်ချုပ်​မည့်​ရန်သူ​တို့​လက်​သို့ အပ်လိုက်​တော်မူ​၏​။ သူ​တို့​သည် ပြန်လာ​၍ ကိုယ်တော့်​ထံ အော်ဟစ်​သောအခါ ကိုယ်တော်​သည် ကောင်းကင်​မှ နားညောင်း​တော်မူ​၏​။ ကိုယ်တော်​၏ ကရုဏာ​တော်​နှင့်အညီ သူ​တို့​ကို​အကြိမ်ကြိမ်​ကယ်နုတ်​တော်မူ​ခဲ့​၏​။ 29ပညတ်တရားတော်​ကို လိုက်နာ​ရန် ကိုယ်တော်​သည် သူ​တို့​ကို သတိပေး​ခဲ့​၏​။ သို့သော် သူ​တို့​သည် မာနထောင်လွှား​လျက် ကိုယ်တော်​၏​ပညတ်ချက်​တို့​ကို မ​နာခံ​ကြ​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော စီရင်ထုံးဖွဲ့ချက်​များ​ကို ဆန့်ကျင်​၍ အပြစ်ပြု​ကြ​၏​။ သူ​တို့​သည် ကိုယ်တော့်​ကို ကျောခိုင်း​၍ ဆန့်ကျင်ပုန်ကန်​လျက်​၊ ခေါင်းမာ#9:29 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​လျက် မ​နာခံ​ဘဲ​နေ​ကြ​၏​။ 30ကိုယ်တော်​သည် သူ​တို့​အား​နှစ်​ပေါင်း​များစွာ​သည်းခံ​တော်မူ​၍ ကိုယ်တော်​၏​ဝိညာဉ်​တော်​ခံရ​သော ပရောဖက်​များ​အားဖြင့် သူ​တို့​ကို သတိပေး​သော်လည်း ဂရု​မ​စိုက်​ကြ​သောကြောင့် သူ​တို့​ကို ဤ​ပြည်​ရှိ လူမျိုးခြား​တို့​လက်​သို့ အပ်လိုက်​တော်မူ​၏​။ 31သို့သော် ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​ဘုရား​ဖြစ်​တော်မူ​၍ မေတ္တာကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို အဆုံးတိုင် မ​ဖျက်ဆီး​ခဲ့​။ သူ​တို့​ကို စွန့်ပစ်​တော်​မ​မူ​ခဲ့​။
32အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် ကြီးမြတ်​သော​၊ တန်ခိုး​နှင့်​ပြည့်စုံ​သော​၊ ကြောက်ရွံ့ရိုသေ​ဖွယ်​သော​၊ ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​တော်​ကို​စောင့်ထိန်း​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​ပါ​၏​။ အဆီးရီးယား​ဘုရင်​တို့​လက်ထက်​မှစ၍ ယနေ့​ထိ​တိုင် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဘိုးဘေး​များ​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အပေါင်း​တို့​ကြုံတွေ့​ခဲ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို ဘာမျှ​မ​ဟုတ်​ဟု မှတ်​တော်​မ​မူ​ပါ​နှင့်​။ 33အကျွန်ုပ်​တို့​အား ကြုံတွေ့​စေ​သော​အဖြစ်အပျက်​အလုံးစုံ​တို့​၌ ကိုယ်တော်​သည် တရား​ပါ​၏​။ ကိုယ်တော်​သည် သစ္စာရှိ​စွာ​ပြု​သော်လည်း အကျွန်ုပ်​တို့​ကား ဆိုးယုတ်​စွာ​ပြု​တတ်​ကြ​ပါ​၏​။ 34အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ဘိုးဘေး​များ​သည် ကိုယ်တော်​၏​ပညတ်တရား​ကို​မ​လိုက်နာ​ကြ​။ သူ​တို့​သည် ကိုယ်တော်​၏​ပညတ်တော်​များ​၊ သူ​တို့​အား​ကိုယ်တော်​ပေး​တော်မူ​သော​သက်သေ​များ​ကို​လည်း အလေး​မ​ထား​ကြ​။ 35သူ​တို့​သည် ကိုယ့်​နိုင်ငံ​နှင့်​ကိုယ်​နေ​ရ​ပြီး ကိုယ်တော်​ပေးသနား​တော်မူ​သော ကောင်းမြတ်​ခြင်း​အလုံးစုံ​ခံစား​ရ​လျက်​၊ ကျယ်ဝန်း​၍​မြေဩဇာ​ကောင်း​သော​ပြည်​ကို သူ​တို့​အား ပေးသနား​တော်မူ​လျက်​နှင့်​ပင် ကိုယ်တော်​ကို​ဝတ်​မ​ပြု​ကြ​၊ သူ​တို့​ပြု​သော​မကောင်းမှု​ကို​မ​စွန့်​ကြ​။
36ယခု အကျွန်ုပ်​တို့​သည် ကျွန်​ဖြစ်​ရ​ကြ​ပြီ​။ ပြည်​ထွက်​သီးနှံ​များ​၊ ကောင်း​သော​အစားအစာ​များ စားသုံး​ရ​စေရန် အကျွန်ုပ်​တို့​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေး​သော​ပြည်​၌ အကျွန်ုပ်​တို့​သည် ကျွန်​ဖြစ်​ရ​ကြ​ပါ​ပြီ​။ 37အကျွန်ုပ်​တို့​၏​အပြစ်​များ​ကြောင့် အကျွန်ုပ်​တို့​ကို​အုပ်ချုပ်​ရန် ကိုယ်တော်​ခန့်ထား​တော်မူ​သော​ရှင်ဘုရင်​တို့​သည် ဤ​ပြည်​ထွက်​သီးနှံ​များ​ကို အလျှံအပယ်​စားသုံး​နေ​ကြ​ရ​ပါ​၏​။ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​တို့​ကို အလိုရှိ​သည့်​အတိုင်း ခိုင်းစေ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​အကြီးအကျယ်​ခံရ​ပါ​၏”​ဟု ဆို​ကြ​၏​။
အစ္စရေးအမျိုးသားတို့ ဝန်ခံကတိပြုခြင်း
38ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကြောင့် ငါ​တို့​သည် ပဋိညာဉ်​ကို​ရေးဆွဲ​၍ ဝန်ခံ​ကတိပြု​ကြ​၏​။ ငါ​တို့​၏​အကြီးအကဲ​များ​၊ လေဝိ​သား​များ​၊ ယဇ်ပုရောဟိတ်​များ​သည်​လည်း တံဆိပ်ခတ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

နေဟမိမှတ်စာ 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ