YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 8

8
ပညတ်တရားကျမ်းကို လူတို့ရှေ့၌ဖတ်ပြခြင်း
1လူ​အပေါင်း​တို့​သည် ရေ​တံခါး​ရှေ့​ရှိ​ကွင်းပြင်​တွင် တစ်စိတ်တစ်သဘောတည်း​စုရုံး​လာ​ကြ​ပြီး မောရှေ​အားဖြင့် အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား မိန့်မှာ​တော်မူ​သော ပညတ်တရား​ကျမ်း​ကို ယူဆောင်​ခဲ့​ရန် ကျမ်းပြုဆရာ​ဧဇရ​အား တောင်းဆို​ကြ​၏​။ 2ခုနစ်​လ​ပိုင်း ပထမ​နေ့​တွင် ယဇ်ပုရောဟိတ်​ဧဇရ​သည် နားထောင်​၍​နားလည်​သဘောပေါက်​နိုင်​သော ယောက်ျား​မိန်းမ​အပါအဝင် လူ​အပေါင်း​တို့​ရှိ​ရာ​သို့ ပညတ်တရားကျမ်း​ကို​ယူလာ​၍ 3ရေ​တံခါး​ရှေ့​ရှိ​ကွင်းပြင်​တွင် မိုးလင်းချိန်​မှစ၍ မွန်းတည့်ချိန်​တိုင်အောင် နားလည်​သဘောပေါက်​နိုင်​သော ယောက်ျား​မိန်းမ​တို့​ရှေ့​၌ ဖတ်ပြ​၏​။ လူ​အပေါင်း​တို့​က​လည်း ထို​ပညတ်တရား​ကျမ်း​ကို စိတ်ဝင်တစား​နားထောင်​ကြ​၏​။ 4ကျမ်းဖတ်​ရန်​အတွက် သူ​တို့​ပြုလုပ်​ထား​သော သစ်သား​စင်မြင့်​ပေါ်တွင် ကျမ်းပြုဆရာ​ဧဇရ ရပ်​၏​။ သူ​၏​လက်ယာ​ဘက်​ဘေး​တွင် မတ္တိသိ​၊ ရှေမာ​၊ အနာယ​၊ ဥရိယ​၊ ဟိလခိ​၊ မာသေယ​တို့ ရပ်​နေ​၍ သူ​၏​လက်ဝဲ​ဘက်​ဘေး​တွင် ပေဒါယ​၊ မိရှေလ​၊ မာလခိယ​၊ ဟာရှုံ​၊ ဟာရှဗဒါန​၊ ဇာခရိ​၊ မေရှုလံ​တို့ ရပ်​နေ​၏​။ 5ဧဇရ​သည် လူ​အပေါင်း​တို့​ထက်​မြင့်​သော​နေရာ​တွင်​ရပ်​၍ လူ​အပေါင်း​တို့​ရှေ့​တွင် ကျမ်းစာအုပ်​ကို​ဖွင့်​လိုက်​၏​။ ထိုသို့ ကျမ်းစာအုပ်​ကို​ဖွင့်လိုက်​သောအခါ လူ​အပေါင်း​တို့​သည် မတ်တတ်ရပ်​ကြ​၏​။ 6ဧဇရ​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​သောအခါ လူ​အပေါင်း​တို့​သည် လက်​ကို​မြှောက်​လျက် “​အာမင် အာမင်​”​ဟု ဝန်ခံ​ကြ​၏​။ ထို့နောက် မြေ​ပေါ်တွင်​ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​၏​။
7လူ​အပေါင်း​တို့ ရပ်​နေ​ကြ​စဉ် ယေရွှာ​၊ ဗာနိ​၊ ရှေရဘိ​၊ ယာမိန်​၊ အက္ကုပ်​၊ ရှဗ္ဗေသဲ​၊ ဟောဒိယ​၊ မာသေယ​၊ ကေလိတ​၊ အာဇရိ​၊ ယောဇဗဒ်​၊ ဟာနန်​၊ ပေလာယ​နှင့်​လေဝိ​သား​တို့​သည် လူ​တို့​အား ပညတ်တရား​ကို​နားလည်​အောင်​ရှင်းပြ​ကြ​၏​။ 8ထိုသို့ ဘုရားသခင်​၏​ပညတ်တရား​ကျမ်း​ကို သေသေချာချာ​ဖတ်ပြ​၍ အဓိပ္ပာယ်​ကို​ရှင်းပြ​သဖြင့် သူ​တို့​ဖတ်ပြ​သည်​ကို လူ​အပေါင်း​တို့ နားလည်​ကြ​၏​။ 9လူ​အပေါင်း​တို့​သည် ပညတ်တရား​စကား​များ​ကို ကြား​ရ​သောအခါ ငိုကြွေး​ကြ​၏​။ ထို့ကြောင့် ဘုရင်ခံ​နေဟမိ​၊ ကျမ်းပြုဆရာ​ယဇ်ပုရောဟိတ်​ဧဇရ​နှင့် လူ​တို့​အား အဓိပ္ပာယ်​ကို​ရှင်းပြ​သော​လေဝိ​သား​တို့​က “​ယနေ့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​နေ့ ဖြစ်​၏​။ ထို့ကြောင့် မ​ညည်းတွား​ကြ​နှင့်​၊ မ​ငိုကြွေး​ကြ​နှင့်​”​ဟု လူ​အပေါင်း​တို့​အား ဆို​၏​။ 10ထို့နောက် နေဟမိ​က လူ​တို့​အား “​ချိုမြိန်​သော​စားကောင်းသောက်ဖွယ်​တို့​ကို သွား​၍ စား​သောက်​ကြ​လော့​။ စားသောက်စရာ​မ​ရှိ​သူ​တို့​အား ဝေငှ​ပေး​လော့​။ ယနေ့​သည် ငါ​တို့​အရှင်သခင်​အဖို့ သန့်ရှင်း​သော​နေ့​ဖြစ်​၍ ဝမ်း​မ​နည်း​ကြ​နှင့်​။ ထာဝရဘုရား​ထံ​တော်​မှ ဝမ်းမြောက်​ခြင်း​သည် သင်​တို့​အဖို့ ခွန်အား​ဖြစ်​၏​”​ဟု ဆို​၏​။ 11လေဝိ​သား​တို့​က​လည်း လူ​အပေါင်း​တို့​အား “​ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ဝမ်း​မ​နည်း​ကြ​နှင့်​။ ယနေ့​သည် သန့်ရှင်း​သော​နေ့​ဖြစ်​၏​”​ဟု နှစ်သိမ့်​ပေး​၏​။ 12လူ​အပေါင်း​တို့​သည်​လည်း သူ​တို့​အား ရှင်းပြ​သော​စကား​များ​ကို ကောင်း​စွာ​နားလည်​သဖြင့် စား​သောက်​ရန်​၊ အစားအစာ​ဝေငှ​ရန်​နှင့် ပျော်ပွဲရွှင်ပွဲ​ကြီး​ကျင်းပ​ရန် ထွက်သွား​ကြ​၏​။
ယာယီတဲစုပွဲတော်ကျင်းပခြင်း
13ဒုတိယ​နေ့​တွင် လူ​အပေါင်း​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​သား​များ​သည် ပညတ်တရား​စကား​များ​ကို လေ့လာသင်ယူ​ရန် ကျမ်းပြုဆရာ​ဧဇရ​ထံ စုဝေး​လာ​ကြ​၏​။ 14မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ပညတ်တရားကျမ်း​၌ သတ္တမ​လ​ပွဲခံ​ချိန်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ယာယီတဲ​၌​နေ​ရ​ကြ​မည်​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။ 15ထို့ကြောင့် သူ​တို့​က “​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း ယာယီတဲ​ကို ဆောက်​ဖို့​ရန် တောင်​ပေါ်သို့​သွား​၍ သံလွင်ခက်​၊ ထင်းရှူးခက်​၊ မုရတု​ခက်​၊ စွန်ပလွံခက်​မှစ၍ အရွက်ဝေဆာ​သော​သစ်ခက်​တို့​ကို ယူလာ​ကြ​လော့​”​ဟူသော​သတင်း​ကို ဂျေရုဆလင်​မြို့​မှစ၍ မြို့ရွာ​ရှိသမျှ​အနှံ့ ကြေညာ​လေ​၏​။ 16ထို့ကြောင့် လူ​တို့​သည် ထွက်သွား​၍ သစ်ခက်​များ​ကို​ယူဆောင်​လာ​ကြ​ပြီး မိမိ​တို့​အိမ်ခေါင်မိုးပြင်​၊ အိမ်ဝင်း​အတွင်း​၊ ဘုရားသခင်​၏​အိမ်​တော်​ဝင်း​အတွင်း​၊ ရေ​တံခါး​ရှေ့​ကွင်းပြင်​၊ ဧဖရိမ်​တံခါး​ရှေ့​ကွင်းပြင် စသည်​တို့​၌ ယာယီတဲ​ကို ဆောက်လုပ်​ကြ​၏​။ 17သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍​ပြန်လာ​သော​လူအုပ်ကြီး​က​လည်း ယာယီတဲ​များ​ကို​ဆောက်လုပ်​၍ ထို​တဲ​များ​တွင် နေထိုင်​ကြ​၏​။ နုန်​၏​သား​ယောရှု​လက်ထက်​မှစ၍ ဤ​နေ့ရက်​အထိ အစ္စရေး​အမျိုးသား​တို့​သည် ထိုသို့ မ​ကျင်းပ​ဖူး​သောကြောင့် လွန်စွာ​အားရဝမ်းမြောက်​ကြ​၏​။ 18ပွဲတော်​ပထမ​ရက်​မှစ၍ နောက်ဆုံး​ရက်​အထိ ဧဇရ​သည် ဘုရားသခင်​၏​ပညတ်တရား​ကျမ်း​ကို နေ့စဉ်​ဖတ်ပြ​၏​။ ပွဲတော်​ကို ခုနစ်​ရက်​ပတ်လုံး​ကျင်းပ​ပြီး ရှစ်​ရက်​မြောက်​သော​နေ့​တွင် စီရင်ထုံးဖွဲ့ချက်​အတိုင်း ဓမ္မစည်းဝေးပွဲ​ကြီး​ကို ကျင်းပ​၏​။

လက်ရှိရွေးချယ်ထားမှု

နေဟမိမှတ်စာ 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ