ယေရမိအနာဂတ္တိကျမ်း 9
9
1မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။ 2မည်သူသည် တောကန္တာရ၌ ခရီးသွားဧည့်သည်များ စခန်းချရာနေရာလေးတစ်နေရာကို ငါ့အား ပေးမည်နည်း။ သို့ပြုလျှင် ငါသည် ငါ၏လူမျိုးတော်ကိုစွန့်၍ သူတို့ထံမှထွက်သွားမည်။ သူတို့အားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်၍ သစ္စာမဲ့သောလူစုဖြစ်၏။ 3“သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ပျက်စီးအံ့ဆဲဆဲ၊ သုံ့ပန်းဖြစ်အံ့ဆဲဆဲ
4“လူတိုင်း မိမိ၏အိမ်နီးချင်းကို သတိပြုကြလော့။ မည်သည့်ညီအစ်ကိုကိုမျှ မယုံကြနှင့်။ အကြောင်းမူကား ညီအစ်ကိုအားလုံး လူလိမ်သက်သက်သာဖြစ်ကြ၏။ အိမ်နီးချင်းအားလုံးသည်လည်း အတင်းအဖျင်းလိုက်ပြောသောသူများသာဖြစ်ကြ၏။ 5လူတိုင်း မိမိအိမ်နီးချင်းကိုလှည့်စားကြ၏။ မှန်မှန်ကန်ကန်မပြောဆိုကြ။ သူတို့၏လျှာကို မုသားပြောဆိုရန် လေ့ကျင့်ထားကြပြီ။ ဒုစရိုက်ကိုပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ပင်ပန်းစေကြ၏။ 6သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
7ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကိုသန့်အောင်စစ်ထုတ်မည်၊ စစ်ဆေးမည်။ ငါ့လူမျိုးသမီးပျိုအတွက် ငါမည်သို့ပြုနိုင်ဦးမည်နည်း။ 8သူတို့၏လျှာသည် သေစေနိုင်သောမြားဖြစ်၏။ သူ၏နှုတ်သည် လိမ်လည်လှည့်ဖြားပြောဆိုတတ်၏။ အိမ်နီးချင်းကို ချိုချိုသာသာပြောဆိုသော်လည်း စိတ်ထဲ၌ အလစ်ချောင်းလျက်နေ၏”ဟု မိန့်တော်မူ၏။ 9“ထိုသို့သောအမှုအရာများကြောင့် ငါသည် သူတို့ကို ဒဏ်မခတ်ဘဲနေရမည်လော။ ထိုသို့သောလူမျိုးကို ငါကိုယ်တိုင်လက်တုံ့မပြန်ဘဲ နေရမည်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 10ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။ 11“ငါသည် ဂျေရုဆလင်မြို့ကို ကျောက်ပုံဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာ ဖြစ်စေမည်။ ယုဒမြို့များကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်။”
12ဤအမှုအရာကို နားလည်နိုင်အောင် မည်သူပညာရှိသနည်း။ ဤအမှုအရာကို ပြောကြားနိုင်အောင် ထာဝရဘုရားသည် မည်သူ့အား ဖော်ပြတော်မူသနည်း။ ပြည်သည် ဖြတ်သန်းသွားလာသူမရှိသောတောကန္တာရကဲ့သို့ အဘယ်ကြောင့် ပျက်စီး၍ ဆိတ်ညံရသနည်း။
13ထာဝရဘုရားက “သူတို့သည် ငါပေးထားသောပညတ်တရားကို စွန့်ပယ်ကြ၏။ ငါ့စကားကိုနားမထောင်၊ ငါ့စကားအတိုင်း မလိုက်လျှောက်ဘဲ 14သူတို့၏စိတ်တပ်မက်မှုနောက်သို့လိုက်ကြ၏။ သူတို့ဘိုးဘေးများ သင်ကြားပေးခဲ့သည့်အတိုင်း ဗာလဘုရားနောက်သို့လိုက်ကြ၏”ဟု မိန့်တော်မူ၏။ 15ထို့ကြောင့် အစ္စရေး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဤလူမျိုးအား ဒေါနကိုစားစေမည်။ အဆိပ်ရေကိုသောက်စေမည်။ 16သူတို့နှင့်သူတို့၏ဘိုးဘေးများမသိဖူးသော လူမျိုးခြားတို့တွင် သူတို့ကို ကွဲလွင့်စေမည်။ သူတို့လုံးဝပျက်စီးသွားသည့်တိုင်အောင် ဓားဘေးသင့်စေမည်”ဟု မိန့်တော်မူ၏။
ဇိအုန်မြို့မှမြည်တမ်းသံ
17ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဆင်ခြင်ကြလော့။ အမျိုးသမီးငိုချင်းသည်တို့ကိုခေါ်လော့။ သူတို့လာပါစေ။ ကျွမ်းကျင်သောအမျိုးသမီးငိုချင်းသည်တို့ကို လွှတ်လိုက်လော့။ သူတို့လာပါစေ။ 18အလျင်အမြန်လာ၍ ငါတို့ကို မြည်တမ်းပြကြပါစေ။ သို့မှ ငါတို့ငိုကြွေး၍ မျက်ရည်ဖြိုင်ဖြိုင်ကျမည်။ 19‘ငါတို့ ဖျက်ဆီးခြင်းခံရပြီတကား။ ငါတို့ အရှက်တကွဲအကျိုးနည်းဖြစ်ရပြီတကား။ သူတို့သည် ငါတို့နေထိုင်ရာအရပ်ကို ဖြိုဖျက်ပြီဖြစ်၍ ငါတို့သည် ပြည်ကိုစွန့်ခွာကြရပြီ’ဟူသော ဇိအုန်မြို့၌ မြည်တမ်းသောအသံကို ကြားရပြီ”ဟု မိန့်တော်မူ၏။ 20အို မိန်းမတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို နားစွင့်ကြလော့။ သင်တို့၏သမီးပျိုတို့အား မြည်တမ်းခြင်းကို သင်ကြားပေးကြလော့။ မိန်းမအချင်းချင်း ငိုချင်းကို သင်ကြားပေးကြလော့။ 21သေမင်းသည် လမ်းပေါ်မှကလေးသူငယ်များ၊ ကွင်းပြင်မှလူပျိုများကို ဖျက်ဆီးရန် ပြတင်းပေါက်ကို ကျော်တက်လာပြီ။ ခံတပ်များထဲသို့ ဝင်လာပြီ။ 22ထာဝရဘုရားက “လူသေကောင်တို့သည် လယ်ပြင်ရှိနောက်ချေးကဲ့သို့လည်းကောင်း၊ စုသိမ်းသူမရှိ၊ ရိတ်သိမ်းသူနောက်၌ပုံထားသော ကောက်လှိုင်းကဲ့သို့လည်းကောင်း ပြန့်ကျဲနေလိမ့်မည်”ဟု မိန့်တော်မူကြောင်း ပြောကြားလော့။
ဘုရားသခင်၌ဝါကြွားကြ
23ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။ 24ထာဝရဘုရားက “ဝါကြွားသောသူမူကား ငါထာဝရဘုရားသည် ကမ္ဘာမြေပေါ်တွင် မေတ္တာကရုဏာပြသောဘုရား၊ တရားမျှတသောဘုရား၊ ဖြောင့်မတ်သောဘုရားဖြစ်၍ ထိုသို့ပြုခြင်းကို ငါနှစ်သက်ကြောင်း သိနားလည်ခြင်း၌သာ ဝါကြွားစေ”#၁ကော 1:31၊ ၂ကော 10:17။ဟု မိန့်တော်မူ၏။
25ထာဝရဘုရားက “ကြည့်ရှုလော့။ ကိုယ်ကာယအရေဖျားလှီးခြင်းကိုသာခံသောသူရှိသမျှအား အပြစ်ဒဏ်ပေးမည့်နေ့ရက် ရောက်လာမည်။ 26ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative