YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 9

9
1မည်သူ​သည် ငါ့​ခေါင်း​ကို ရေ​တွင်း​ဖြစ်စေ​မည်နည်း​။ မည်သူ​သည် ငါ့​မျက်စိ​ကို မျက်ရည်​ထွက်​သော​စမ်း​ဖြစ်​စေ​မည်နည်း​။ သို့ဖြစ်လျှင် အသတ်ခံရ​သော​ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​သည် နေ့​ည​မပြတ်​ငိုကြွေး​နိုင်​လိမ့်မည်​။ 2မည်သူ​သည် တောကန္တာရ​၌ ခရီးသွား​ဧည့်သည်​များ စခန်းချ​ရာ​နေရာ​လေး​တစ်နေရာ​ကို ငါ့​အား ပေး​မည်နည်း​။ သို့ပြုလျှင် ငါ​သည် ငါ​၏​လူမျိုး​တော်​ကို​စွန့်​၍ သူ​တို့​ထံမှ​ထွက်သွား​မည်​။ သူ​တို့​အားလုံး​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ သစ္စာမဲ့​သော​လူစု​ဖြစ်​၏​။ 3“သူ​တို့​သည် မုသား​လေး​ကို မိမိ​တို့​လျှာ​ပေါ် တင်​ကြ​၏​။ တိုင်းပြည်​တွင် သစ္စာတရား​မ​လွှမ်းမိုး​နိုင်​။ သူ​တို့​သည် မကောင်းမှု​ကို​တစ်​ခု​ပြီး​တစ်​ခု​ပြု​ကြ​၏​။ ငါ့​ကို​ကား အသိအမှတ်​မ​ပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
ပျက်စီးအံ့ဆဲဆဲ၊ သုံ့ပန်းဖြစ်အံ့ဆဲဆဲ
4“​လူ​တိုင်း မိမိ​၏​အိမ်နီးချင်း​ကို သတိပြု​ကြ​လော့​။ မည်သည့်​ညီအစ်ကို​ကို​မျှ မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား ညီအစ်ကို​အားလုံး လူလိမ်​သက်သက်​သာ​ဖြစ်​ကြ​၏​။ အိမ်နီးချင်း​အားလုံး​သည်​လည်း အတင်းအဖျင်း​လိုက်ပြော​သော​သူ​များ​သာ​ဖြစ်​ကြ​၏​။ 5လူတိုင်း မိမိ​အိမ်နီးချင်း​ကို​လှည့်စား​ကြ​၏​။ မှန်မှန်ကန်ကန်​မ​ပြောဆို​ကြ​။ သူ​တို့​၏​လျှာ​ကို မုသား​ပြောဆို​ရန် လေ့ကျင့်​ထား​ကြ​ပြီ​။ ဒုစရိုက်​ကို​ပြု​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​ပင်ပန်း​စေ​ကြ​၏​။ 6သင်​သည် လိမ်လည်လှည့်ဖြားမှု​အလယ်​၌ နေထိုင်​၏​။ သူ​တို့​သည် လိမ်လည်လှည့်ဖြား​ကြ​၏​။ ငါ့​ကို အသိအမှတ်​မပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
7ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို​သန့်အောင်​စစ်ထုတ်​မည်​၊ စစ်ဆေး​မည်​။ ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​မည်သို့​ပြု​နိုင်​ဦး​မည်နည်း​။ 8သူ​တို့​၏​လျှာ​သည် သေ​စေ​နိုင်​သော​မြား​ဖြစ်​၏​။ သူ​၏​နှုတ်​သည် လိမ်လည်လှည့်ဖြား​ပြောဆို​တတ်​၏​။ အိမ်နီးချင်း​ကို ချိုချိုသာသာ​ပြောဆို​သော်လည်း စိတ်​ထဲ၌ အလစ်ချောင်း​လျက်​နေ​၏”​ဟု မိန့်​တော်မူ​၏​။ 9“ထိုသို့သော​အမှုအရာ​များ​ကြောင့် ငါ​သည် သူ​တို့​ကို ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်လော​။ ထိုသို့​သော​လူမျိုး​ကို ငါ​ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ နေ​ရ​မည်လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 10ငါ​သည် တောင်​များ​အတွက် ငိုကြွေး​မြည်တမ်း​မည်​။ စားကျက်​တောကြီး​များ​အတွက် ကြေကွဲဝမ်းနည်း​မည်​။ အကြောင်းမူကား ထို​နေရာ​တို့​ကို မီးလောင်​သွား​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ သိုးနွား​တို့​၏​အသံ​ကို​မ​ကြား​ရ​။ ကောင်းကင်​ငှက်​များ​၊ တိရစ္ဆာန်​များ​သည်​လည်း အဝေး​သို့​ထွက်ပြေး​သွား​ကြ​ပြီ​။ 11“ငါ​သည် ဂျေရုဆလင်​မြို့​ကို ကျောက်ပုံ​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ ဖြစ်စေ​မည်​။ ယုဒ​မြို့​များ​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​စေ​မည်​။”
12ဤ​အမှုအရာ​ကို နားလည်​နိုင်​အောင် မည်သူ​ပညာရှိ​သနည်း​။ ဤ​အမှုအရာ​ကို ပြောကြား​နိုင်​အောင် ထာဝရဘုရား​သည် မည်သူ့​အား ဖော်ပြ​တော်မူ​သနည်း​။ ပြည်​သည် ဖြတ်သန်းသွားလာ​သူ​မ​ရှိ​သော​တောကန္တာရ​ကဲ့သို့ အဘယ်ကြောင့် ပျက်စီး​၍ ဆိတ်ညံ​ရ​သနည်း​။
13ထာဝရဘုရား​က “​သူ​တို့​သည် ငါ​ပေး​ထား​သော​ပညတ်တရား​ကို စွန့်ပယ်​ကြ​၏​။ ငါ့​စကား​ကို​နား​မ​ထောင်​၊ ငါ့​စကား​အတိုင်း မ​လိုက်လျှောက်​ဘဲ 14သူ​တို့​၏​စိတ်​တပ်မက်မှု​နောက်သို့​လိုက်​ကြ​၏​။ သူ​တို့​ဘိုးဘေး​များ သင်ကြား​ပေး​ခဲ့​သည့်​အတိုင်း ဗာလ​ဘုရား​နောက်သို့​လိုက်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။ 15ထို့ကြောင့် အစ္စရေး​၏​ဘုရားသခင်​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို​သောက်​စေ​မည်​။ 16သူ​တို့​နှင့်​သူ​တို့​၏​ဘိုးဘေး​များ​မ​သိ​ဖူး​သော လူမျိုးခြား​တို့​တွင် သူ​တို့​ကို ကွဲလွင့်​စေ​မည်​။ သူ​တို့​လုံးဝ​ပျက်စီး​သွား​သည့်​တိုင်အောင် ဓားဘေး​သင့်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
ဇိအုန်မြို့မှမြည်တမ်းသံ
17ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဆင်ခြင်​ကြ​လော့​။ အမျိုးသမီးငိုချင်းသည်​တို့​ကို​ခေါ်​လော့​။ သူ​တို့​လာ​ပါစေ​။ ကျွမ်းကျင်​သော​အမျိုးသမီးငိုချင်းသည်​တို့​ကို လွှတ်လိုက်​လော့​။ သူ​တို့​လာ​ပါစေ​။ 18အလျင်အမြန်​လာ​၍ ငါ​တို့​ကို မြည်တမ်း​ပြ​ကြ​ပါစေ​။ သို့မှ ငါ​တို့​ငိုကြွေး​၍ မျက်ရည်ဖြိုင်ဖြိုင်​ကျ​မည်​။ 19‘​ငါ​တို့ ဖျက်ဆီး​ခြင်း​ခံရ​ပြီ​တကား​။ ငါ​တို့ အရှက်တကွဲ​အကျိုးနည်း​ဖြစ်​ရ​ပြီ​တကား​။ သူ​တို့​သည် ငါ​တို့​နေထိုင်ရာအရပ်​ကို ဖြိုဖျက်​ပြီ​ဖြစ်၍ ငါ​တို့​သည် ပြည်​ကို​စွန့်ခွာ​ကြ​ရ​ပြီ​’​ဟူသော ဇိအုန်​မြို့​၌ မြည်တမ်း​သော​အသံ​ကို ကြား​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 20အို မိန်းမ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို နားစွင့်​ကြ​လော့​။ သင်​တို့​၏​သမီးပျို​တို့​အား မြည်တမ်း​ခြင်း​ကို သင်ကြား​ပေး​ကြ​လော့​။ မိန်းမ​အချင်းချင်း ငိုချင်း​ကို သင်ကြား​ပေး​ကြ​လော့​။ 21သေမင်း​သည် လမ်း​ပေါ်မှ​ကလေးသူငယ်​များ​၊ ကွင်းပြင်​မှ​လူပျို​များ​ကို ဖျက်ဆီး​ရန် ပြတင်းပေါက်​ကို ကျော်တက်​လာ​ပြီ​။ ခံတပ်​များ​ထဲသို့ ဝင်လာ​ပြီ​။ 22ထာဝရဘုရား​က “​လူသေကောင်​တို့​သည် လယ်ပြင်​ရှိ​နောက်ချေး​ကဲ့သို့​လည်းကောင်း​၊ စုသိမ်း​သူ​မ​ရှိ​၊ ရိတ်သိမ်း​သူ​နောက်​၌​ပုံထား​သော ကောက်လှိုင်း​ကဲ့သို့​လည်းကောင်း ပြန့်ကျဲ​နေ​လိမ့်မည်​”​ဟု မိန့်​တော်မူ​ကြောင်း ပြောကြား​လော့​။
ဘုရားသခင်၌ဝါကြွားကြ
23ထာဝရဘုရား​က “​ပညာရှိ​သော​သူ​သည် မိမိ​ဉာဏ်ပညာ​၌ မ​ဝါကြွား​စေ​နှင့်​။ ခွန်အားကြီး​သော​သူ​သည် မိမိ​ခွန်အား​၌ မ​ဝါကြွား​စေ​နှင့်​။ ချမ်းသာ​သော​သူ​သည် မိမိ​ဓနဥစ္စာ​၌ မ​ဝါကြွား​စေ​နှင့်”​ဟု မိန့်​တော်မူ​၏​။ 24ထာဝရဘုရား​က “ဝါကြွား​သော​သူ​မူကား ငါ​ထာဝရဘုရား​သည် ကမ္ဘာမြေ​ပေါ်တွင် မေတ္တာကရုဏာ​ပြ​သော​ဘုရား​၊ တရားမျှတ​သော​ဘုရား​၊ ဖြောင့်မတ်​သော​ဘုရား​ဖြစ်၍ ထိုသို့​ပြု​ခြင်း​ကို ငါ​နှစ်သက်​ကြောင်း သိ​နားလည်​ခြင်း​၌​သာ ဝါကြွား​စေ​”#၁ကော 1:31၊ ၂ကော 10:17။​ဟု မိန့်​တော်မူ​၏​။
25ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ကိုယ်ကာယ​အရေဖျားလှီး​ခြင်း​ကို​သာ​ခံ​သော​သူ​ရှိသမျှ​အား အပြစ်ဒဏ်​ပေး​မည့်​နေ့ရက် ရောက်လာ​မည်​။ 26ငါ​သည် အီဂျစ်​လူမျိုး​၊ ယုဒ​လူမျိုး​၊ ဧဒုံ​လူမျိုး​၊ အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​နှင့် တောကန္တာရ​၌​နေထိုင်​ကြ​သည့်​နားသယ်မွေး​ရိတ်​လေ့​ရှိ​သော​သူ​အားလုံး​တို့​ကို အပြစ်ဒဏ်​ပေး​မည်​။ အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် အရေဖျားမလှီး​သော​သူ​များ​ဖြစ်​ကြ​၏​။ အစ္စရေး​အမျိုးသား​ရှိသမျှ​တို့​သည်​လည်း စိတ်နှလုံး​အရေဖျားမလှီး​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ