YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 10

10
ဖန်ဆင်းရှင်နှင့်ဆန့်ကျင်ဘက် ဘုရားအတုအယောင်များ
1အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​ကြ​လော့​။ 2ထာဝရဘုရား​က “​လူမျိုးခြား​တို့​၏​နည်းလမ်း​ကို မ​သင်ယူ​ကြ​နှင့်​။ လူမျိုးခြား​တို့​သည် မိုးကောင်းကင်​မှ​နိမိတ်လက္ခဏာ​တို့​ကို ကြောက်လန့်​တတ်​ကြ​သကဲ့သို့ သင်​တို့ မ​ကြောက်လန့်​ကြ​နှင့်​။ 3အကြောင်းမူကား လူမျိုး​တို့​၏​ဓလေ့စရိုက်​တို့​သည် အချည်းနှီး#10:3 သို့မဟုတ် “အခိုးအငွေ့”။​ဖြစ်​၏​။ သူ​တို့​သည် တော​ထဲမှ​သစ်ပင်​ကို​ခုတ်​၍ လက်မှုပညာသည်​တို့​သည် ပုဆိန်​ဖြင့်​ထွင်းထု​၏​။ 4ရွှေ​ငွေ​တို့​နှင့် တန်ဆာဆင်​၍ မ​ယိမ်း​မ​ယိုင်​အောင် သံ​နှင့်​တူ​ဖြင့် ရိုက်​ထား​၏​။ 5ထို​အရာ​သည် သခွားခင်း​ရှိ စာခြောက်ရုပ်​နှင့်​တူ​၏​။ စကား​လည်း​မ​ပြော​နိုင်​။ လမ်း​လည်း​မ​လျှောက်​နိုင်​သဖြင့် ထမ်းသွား​ရ​၏​။ အန္တရာယ်​မ​ပေး​နိုင်​သလို ကောင်းကျိုး​လည်း မ​ပေး​နိုင်​သောကြောင့် ထို​အရာ​တို့​ကို မ​ကြောက်​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။ 6အို ထာဝရဘုရား​၊ ကိုယ်တော်​နှင့်​တူ​သော​သူ​မ​ရှိ​ပါ​။ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​၏​။ နာမ​တော်​သည် တန်ခိုး​တော်​ကြောင့် ကြီးမြတ်​ပါ​၏​။ 7အို လူမျိုးတကာ​တို့​၏​ဘုရင်​၊ ကိုယ်တော်​သည် ကြောက်ရွံ့ရိုသေ​ခြင်း​ကို ခံထိုက်​တော်မူ​ပါ​၏​။ မည်သူ​သည် ကိုယ်တော့်​ကို မ​ကြောက်ရွံ့​ဘဲ​နေ​ပါ​သနည်း​။ လူမျိုးတကာ​တို့​၏​ပညာရှိ​အပေါင်း​တို့​တွင်​လည်းကောင်း​၊ တိုင်းနိုင်ငံ​ရှိသမျှ​တို့​တွင်​လည်းကောင်း ကိုယ်တော်​နှင့်​တူ​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ပါ​။ 8ထို​သူ​အပေါင်း​တို့​သည် အသိတရား​မ​ရှိ​၊ မိုက်မဲ​ကြ​၏​။ အချည်းနှီး​သော​အရာ​ကို​သွန်သင်​ပေး​သူ​မှာ သစ်သား​ဖြစ်​၏​။ 9ကျွမ်းကျင်​သော​လက်မှုပညာသည်​နှင့် ပန်းထိမ်သမား​တို့​က တာရှု​မြို့​မှ​လာ​သည့်​ငွေပြား​၊ ဥဖတ်​မြို့​မှ​လာ​သော​ရွှေ​တို့​ဖြင့် တန်ဆာဆင်​ပေး​ကြ​၏​။ ကျွမ်းကျင်သူ​တို့​က အပြာရောင်​အထည်​၊ ခရမ်းရောင်​အထည်​တို့​ဖြင့်​လည်း တန်ဆာဆင်​ပေး​ကြ​၏​။ 10ထာဝရဘုရား​မူကား စစ်မှန်​သော​ဘုရား​ဖြစ်​၏​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရား​၊ ထာဝရ​ဘုရင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​အမျက်ထွက်​တော်မူ​လျှင် မြေကြီး​တုန်ခါ​ပါ​၏​။ လူမျိုး​အပေါင်း​တို့​သည် အမျက်​တော်​ကို မ​ခံနိုင်​ကြ​ပါ​။
11သင်​တို့​က “​ကောင်းကင်​နှင့်​မြေကြီး​ကို မ​ဖန်ဆင်း​သော​ဘုရား​တို့​သည် ဤ​ကောင်းကင်​အောက်​နှင့် ဤ​မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​ရ​လိမ့်မည်​”​ဟု သူ​တို့​အား ပြော​ရ​မည်​။ 12ကိုယ်တော်​သည် တန်ခိုး​တော်​အားဖြင့် မြေကြီး​ကို​ဖန်ဆင်း​တော်မူ​၏​။ ဉာဏ်ပညာ​အားဖြင့် ကမ္ဘာကြီး​ကို တည်​တော်မူ​၏​။ ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို ဖြန့်ကြက်​တော်မူ​၏​။ 13ကိုယ်တော်​အသံ​ပေး​တော်မူ​သောအခါ ကောင်းကင်​ရှိ​ရေ​တို့​သည် ဟုန်းဟုန်းမြည်​ကြ​ပါ​၏​။ မိုးတိမ်​ကို မြေကြီး​စွန်း​မှ တက်လာ​စေ​၏​။ မိုး​ကို​ရွာ​စေ​တော်မူ​၏​။ လျှပ်စီး​ကို​လက်​စေ​တော်မူ​၏​။ ဘဏ္ဍာတိုက်​ထဲမှ လေ​ကို​ထုတ်​တော်မူ​၏​။ 14လူ​အပေါင်း​တို့​သည် အသိတရား​ကင်းမဲ့​၏​။ ပညာ​လည်း​မ​ရှိ​။ ပန်းထိမ်သမား​အပေါင်း​တို့​သည်​လည်း ရုပ်တုဆင်းတု​အားဖြင့် အရှက်ကွဲ​ကြ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​သွန်းလုပ်သောရုပ်တု​တို့​သည် လှည့်စား​ခြင်း​သာ​ဖြစ်​၏​။ အသက်​မ​ရှိ​။ 15ထို​အရာ​တို့​သည် အချည်းနှီး​သော​အရာ​ဖြစ်​၏​။ လှည့်စား​တတ်​သော​အရာ​ဖြစ်​၏​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် ပျက်စီး​သွား​ရ​လိမ့်မည်​။ 16ယာကုပ်​အမျိုး​၏​ဝေစု​ဖြစ်​သော​ဘုရားသခင်​သည် ထိုကဲ့သို့​မ​ဟုတ်​။ အကြောင်းမူကား ကိုယ်တော်​သည် အရာခပ်သိမ်း​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​သည် ကိုယ်တော်​၏​အမွေ​တော်​အမျိုးအနွယ်​ဖြစ်​၏​။ ကိုယ်တော်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။
ဝိုင်းထားခံရပြီးနောက် ဖမ်းဆီးခံရခြင်း
17အို ဝိုင်းထား​ခံရ​သော​သူ​၊ မြေကြီး​ပေါ်မှ သင့်​ပစ္စည်း​ကို​စုသိမ်း​လော့​။ 18ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ထို​ကာလ​တွင် ငါ​သည် ပြည်သား​တို့​ကို လွှင့်ပစ်​မည်​။ သူ​တို့​ကို ငါ​ဒုက္ခရောက်​စေ​မည်​။ သူ​တို့​အဖမ်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။
ယေရမိ သောကရောက်လေပြီ
19ငါ​၏​ဒဏ်ရာ​ကြောင့် ငါ​၌ အမင်္ဂလာ​ရှိ​၏​။ ငါ့​အနာ ပြင်းထန်​လှ​၏​။ သို့သော်လည်း ငါ​က “​ဤသည်ကား ဆိုးဝါး​သော​ဝေဒနာ​ဖြစ်​၏​။ ဤ​ဝေဒနာ​ကို ငါ​တင်းခံ​ရ​မည်​”​ဟု ဆို​၏​။ 20ငါ့​တဲ​သည် ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။ ကြိုး​ရှိသမျှ​တို့​သည် ပြတ်​လေ​ပြီ​။ ငါ့​သား​တို့​သည်​လည်း ငါ့​ထံမှ​ထွက်သွား​ကြ​ပြီ​။ တစ်ယောက်မျှ​မ​ရှိ​တော့​ပေ​။ ငါ့​တဲ​ကို ပြန်ဆောက်​မည့်​သူ​၊ ရွက်ထည်​များ​ကို​ကာ​မည့်​သူ တစ်ယောက်မျှ​မ​ရှိ​တော့​ပေ​။ 21အကြောင်းမူကား သိုးထိန်း​တို့​သည် အသိတရား​ကင်းမဲ့​ကြ​၏​။ ထာဝရဘုရား​ကို​မ​ရှာ​ကြ​။ ထို့ကြောင့် အောင်မြင်မှု​မ​ရရှိ​ကြ​။ သူ​တို့​၏​သိုးစု​အားလုံး​တို့​သည်​လည်း ကွဲလွင့်​ကြ​လေ​ပြီ​။ 22သတင်း​တစ်​ခု​ရောက်လာ​၏​။ ကြည့်ရှု​လော့​။ တုန်ဟည်းသံ​ကြီး​သည် မြောက်​အရပ်​မှ​လာ​၍ ယုဒ​မြို့ရွာ​များ​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​မည်​။ 23အို ထာဝရဘုရား​၊ လူ​သည် မိမိ​သွား​ရာ​လမ်း​ကို မိမိ​မ​ပိုင်​၊ လမ်းလျှောက်​နေ​သော​သူ​သည် ကိုယ့်​ခြေလှမ်း​ကို ကိုယ်​မ​တည့်မတ်​စေ​နိုင်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏​။ 24အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ပဲ့ပြင်​တော်မူ​သောအခါ အမျက်​တော်​ဖြင့်​မ​ဟုတ်​ဘဲ တရားမျှတမှု​ဖြင့် ပဲ့ပြင်​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​အကျိုးနည်း​ရ​ပါ​လိမ့်မည်​။ 25ကိုယ်တော်​ကို​မ​သိ​သော လူမျိုးခြား​တို့​အပေါ်​သို့​လည်းကောင်း​၊ ကိုယ်တော်​၏​နာမ​တော်​ကို​မ​ခေါ်​သော မျိုးနွယ်စု​တို့​အပေါ်​သို့​လည်းကောင်း အမျက်​တော်​ကို သွန်ချ​တော်မူ​ပါ​။ အကြောင်းမူကား သူ​တို့​သည် ယာကုပ်​အမျိုး​ကို​ဝါးမျို​၍ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။ သူ​နေထိုင်​ရာ​အရပ်​ကို​လည်း ဖျက်ဆီး​လေ​ပြီ​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ