YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 11

11
ပဋိညာဉ်မှ သတိပေးချက်
1ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။ 2ဤ​ပဋိညာဉ်​၌​ပါရှိ​သော​အချက်​တို့​ကို နားထောင်​၍ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​အား ဆင့်ဆို​လော့​။ 3အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က “ဤ​ပဋိညာဉ်​၌​ပါရှိ​သော​အချက်​တို့​ကို နား​မ​ထောင်​သော​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်​။ 4သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​သံ​မီးပြင်းဖို​မှ ငါ​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ငါ့​စကား​ကို​နားထောင်​၍ ငါ​ဆင့်ဆို​သမျှ​တို့​ကို​ပြု​ကြ​လော့​။ သို့ပြုလျှင် သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၍ ငါ​သည်​လည်း သင်​တို့​၏​ဘုရား​ဖြစ်​မည်​ဟု ငါ​ပဋိညာဉ်​ပြု​ထား​ခဲ့​၏​။ 5ဤသို့ဖြင့် သင်​တို့​၏​ဘိုးဘေး​တို့​အား နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော​ကတိ​ကို​တည်​စေ​နိုင်​ခဲ့​ပြီး ယနေ့ ထိုကဲ့သို့​ဖြစ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ငါ​က “​အို ထာဝရဘုရား​၊ အာမင်​”​ဟု လျှောက်​လေ​၏​။
6ထာဝရဘုရား​က ငါ့​အား “​ဤ​စကား​အလုံးစုံ​တို့​ကို ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်၌ ကြွေးကြော်​လော့​။ ‘​သင်​တို့​သည် ဤ​ပဋိညာဉ်​ပါ​စကား​တို့​ကို နားထောင်​ရ​မည်​၊ လိုက်လျှောက်​ရ​မည်​။ 7အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ့​စကား​ကို​နားထောင်​ကြ​လော့​ဟု သူ​တို့​အား အကြိမ်ကြိမ်​သတိပေး​ခဲ့​သော်လည်း 8သူ​တို့ နား​မ​ထောင်​ကြ​၊ အလေး​မ​ထား​ကြ​။ သူ​တို့​သည် ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်​သို့ အသီးသီး​လိုက်သွား​ကြ​၏​။ ငါ​မိန့်မှာ​ခဲ့​သော​ပဋိညာဉ်​ကို မ​လိုက်နာ​၊ မ​ပြုကျင့်​ကြ​သောကြောင့် ဤ​ပဋိညာဉ်​ပါ​ကျိန်​ခြင်း​ရှိသမျှ​တို့​ကို သူ​တို့​အပေါ်​ကျရောက်​စေ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
9ထာဝရဘုရား​က “​ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​၌ လျှို့ဝှက်ကြံစည်မှု​ရှိ​၏​။ 10သူ​တို့​သည် ငါ့​စကား​ကို နားမထောင်​သော ရှေး​ဘိုးဘေး​တို့​၏​ဒုစရိုက်​ကို ပြန်ပြု​ကြ​ပြီ​။ အခြား​ဘုရား​များ​နောက်သို့​လိုက်​၍ ထို​ဘုရား​တို့​ကို ဝတ်ပြု​ကြ​ပြီ​။ အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​သည် သူ​တို့​၏​ဘိုးဘေး​များ​နှင့် ငါ​ပြု​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီ​”​ဟု မိန့်​တော်မူ​၏​။
11ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သူ​တို့​ပြေး​၍​မ​လွတ်​နိုင်​သော​ဘေးအန္တရာယ်​ကို သူ​တို့​အပေါ် ငါ​ကျရောက်​စေ​မည်​။ ငါ့​ကို​ဟစ်အော်​သော်လည်း ငါ​နားထောင်​မည်​မ​ဟုတ်​။ 12ထိုအခါ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​သည် နံ့သာပေါင်း​ဖြင့်​မီးရှို့ပူဇော်​ရ​သော အခြား​ဘုရား​များ​ထံသို့​သွား​၍ အော်ဟစ်​ကြ​လိမ့်မည်​။ သို့သော် ဘေးအန္တရာယ်​ရောက်​ချိန်​၌ ထို​ဘုရား​တို့​သည် သူ​တို့​ကို​ကယ်တင်​လိမ့်မည်​မ​ဟုတ်​။ 13အို ယုဒ​ပြည်​၊ သင်​၏​မြို့​အရေအတွက်​များပြား​သည်​နှင့်အမျှ သင်​၏​ဘုရား​တို့​သည်​လည်း​များပြား​၏​။ ဂျေရုဆလင်​မြို့​ရှိ​လမ်း​အရေအတွက်​နှင့်အမျှ ရှက်ဖွယ်​သော​ဘုရား​အတွက် သင်​တို့​တည်​သော​ယဇ်ပလ္လင်​များ​၊ ဗာလ​ဘုရား​အတွက် နံ့သာပေါင်း​မီးရှို့ပူဇော်​ရန် သင်​တို့​တည်​သော​ယဇ်ပလ္လင်​များ​သည်​လည်း များပြား​၏​။
14သင်​သည်​လည်း ဤ​လူမျိုး​အတွက် အသနား​မ​ခံ​နှင့်​။ သူ​တို့​အတွက် ဟစ်ကြော်​ခြင်း​၊ ဆုတောင်း​ခြင်း​ကို​မ​ပြု​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ဘေးအန္တရာယ်​ရောက်​ချိန်​၌ ငါ့​ကို​ခေါ်​သောအခါ ငါ​နားထောင်​မည်​မ​ဟုတ်​။ 15ဆိုးယုတ်မှု​များစွာ​ပြုကျင့်​သော ငါ့​ချစ်သူ​သည် ငါ့​အိမ်​တော်​နှင့် မည်သို့​ဆိုင်​သနည်း​။ သန့်ရှင်း​သော​အသား​သည် သင့်​ကို ကျော်လွန်​သွား​ပြီ​။ မကောင်းမှု​ကို​ပြု​စဉ်ပင် သင်​ဝမ်းမြောက်​နေ​ပါ​သည်​တကား​။ 16ထာဝရဘုရား​က သင့်​အား စိမ်းလန်း​လှပ​၍ အသီး​ကောင်း​သော​သံလွင်ပင်​ဟု နာမည်​မှည့်ခေါ်​ခဲ့​၏​။ သို့သော် ကြီးမား​သော​မြည်ဟိန်းသံ​ဖြင့် မီး​ရှို့​ပစ်​၍ အကိုင်းအခက်​တို့​သည်​လည်း လောင်ကျွမ်း​သွား​လိမ့်မည်​။ 17အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​သည် ငါ့​အမျက်​ကို​နှိုးဆော်​၍ ဗာလ​ရှေ့​၌ နံ့သာပေါင်း​ကို​မီးရှို့​ခြင်း​ဖြင့် မကောင်းမှု​ကို​ပြု​သောကြောင့် သင့်​ကို​စိုက်ပျိုး​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သင့်​အပေါ် ဘေးအန္တရာယ်​ကျရောက်​မည့်​အကြောင်း မိန့်ဆို​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 18ထာဝရဘုရား​သည် ငါ့​အား ဖော်ပြ​တော်မူ​သောကြောင့် ငါ​သိ​ရ​၏​။ သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ့​အား ပြ​တော်မူ​ပြီ​။ 19ငါ​သည် သတ်​ရန်​ခေါ်ဆောင်​သွား​သည့် နူးညံ့​သော​သိုးသငယ်​ကဲ့သို့​ဖြစ်​၏​။ “​သူ​၏​အပင်​ကို အသီး​နှင့်တကွ ဖျက်ဆီး​ကြ​ကုန်​စို့​။ သူ​၏​အမည်​ကို နောက်ထပ်​အမှတ်​မ​ရ​စေရန် လူ့လောက​မှ သူ့​ကို​ဖယ်ရှား​ကြ​ကုန်​စို့​”​ဟု ဆို​လျက် ငါ့​ကို လျှို့ဝှက်ကြံစည်​နေ​ကြ​သည်​ကို ငါ​မ​သိ​ခဲ့​ပေ​။ 20စိတ်နှလုံး​အတွင်းသဘော​ကို စစ်ဆေး​၍ ဖြောင့်မတ်​စွာ​တရားစီရင်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ သူ​တို့​အား လက်တုံ့ပြန်​တော်မူ​သည်​ကို အကျွန်ုပ်​မြင်တွေ့​ပါရစေ​။ အကျွန်ုပ်​၏​အမှု​ကို ကိုယ်တော်​ထံ လျှောက်ထား​ပါ​ပြီ​။
21ထို့ကြောင့် “​ငါ​တို့​လက်​ဖြင့် သင်​မ​သေ​ရ​မည့်​အကြောင်း ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ပရောဖက်​မ​ပြု​နှင့်”​ဟု ဆို​လျက် သင့်​အသက်​ကို​ရန်ရှာ​သော အာနသုတ်​မြို့သား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ 22ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​မည်​။ လူပျို​တို့​သည် ဓား​ဖြင့်​သေ​ကြ​လိမ့်မည်​။ သူ​တို့​၏​သား​သမီး​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ကြ​လိမ့်မည်​။ 23ကြွင်းကျန်​သော​သူ မ​ရှိ​ရ​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် အာနသုတ်​မြို့သား​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ