YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 12

12
ယေရမိ စောဒကတက်ခြင်း
1အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အမှု​ကို ကိုယ်တော့်​ထံ ယူဆောင်​လာ​သောအခါ ကိုယ်တော်​သည် ဖြောင့်မတ်​စွာ​စီရင်​ပေး​ပါ​၏​။ ထို့ကြောင့် ကိုယ်တော်​အား တရားမျှတမှု​အကြောင်း​ကို မေးလျှောက်​လို​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​သည် အဘယ်ကြောင့် ကြီးပွား​ကြ​ပါ​သနည်း​။ သစ္စာမဲ့​သော​သူ​တို့​သည် အဘယ်ကြောင့် ကောင်းစား​ကြ​ပါ​သနည်း​။ 2ကိုယ်တော်​သည် သူ​တို့​ကို စိုက်ပျိုး​တော်မူ​သဖြင့် သူ​တို့​သည် အမြစ်စွဲ​၍​ကြီးထွား​လျက် အသီး​သီး​ကြ​ပါ​၏​။ သို့သော် သူ​တို့​သည် ကိုယ်တော့်​ကို နှုတ်​ဖြင့်​သာ ချဉ်းကပ်​၏​။ သူ​တို့​၏​အတွင်းသဘော​မူကား ကိုယ်တော်​နှင့် ဝေးကွာ​လျက်​နေ​၏​။ 3အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သိ​မြင်​တော်မူ​ပါ​၏​။ အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ရှိ​သည်​၊ မ​ရှိ​သည်​ကို စစ်ဆေး​တော်မူ​ပါ​၏​။ သူ​တို့​ကို​မူကား အသတ်​ခံရ​မည့်​သိုး​ကဲ့သို့ ဆွဲထုတ်​တော်မူ​ပါ​။ သတ်ရာ​နေ့​အဖို့ သီးခြား​ထား​တော်မူ​ပါ​။ 4တိုင်းပြည်​သည် မည်သည့်​အချိန်​ထိ ငိုကြွေးမြည်တမ်း​ရ​မည်နည်း​။ ကွင်းပြင်​ရှိ​မြက်​တို့​သည် မည်သည့်​အချိန်​ထိ ခြောက်သွေ့​ရ​မည်နည်း​။ “​ငါ​တို့​၏​အဆုံး​ကို ကိုယ်တော်​မ​မြင်​”​ဟု ပြောဆို​ကြ​သော ပြည်သား​တို့​၏​မကောင်းမှု​ကြောင့် တိရစ္ဆာန်​များ​၊ ငှက်​များ သေကျေပျက်စီး​ကုန်​ပါ​ပြီ​။
ဘုရားသခင်၏တုံ့ပြန်မှု
5သင်​သည် ခြေသည်သူရဲ​တို့​နှင့် အပြေးပြိုင်​၍​ပင်ပန်း​လျှင် မြင်း​တို့​နှင့် မည်သို့​ပြိုင်​နိုင်​မည်နည်း​။ သင်​သည် ငြိမ်းချမ်း​သော​ပြည်​၌ စိတ်မော​နေ​လျှင် ဂျော်ဒန်​တောအုပ်ကြီး​၌ သင်​မည်သို့​ပြု​မည်နည်း​။ 6သင့်​ညီအစ်ကို​၊ သင့်​ဖခင်​၏​အိမ်သူအိမ်သား​တို့​ပင်လျှင် သင့်​ကို သစ္စာဖောက်​လေ​ပြီ​။ သူ​တို့​သည် သင့်​နောက်သို့​လိုက်​၍ ကျယ်လောင်​စွာ​ဟစ်ခေါ်​လေ​ပြီ​။ သူ​တို့​သည် သင့်​အား ချိုသာ​စွာ​ပြော​လျှင်လည်း မ​ယုံ​နှင့်​။ 7ငါ့​အိမ်​ကို ငါ​စွန့်ပစ်​ပြီ​။ ငါ့​အမွေ​ကို​လည်း ငါ​ပစ်ထား​ပြီ​။ ငါ့​အသက်တမျှ​ချစ်​ရ​သော​သူ​ကို ရန်သူ​လက်​သို့ ငါ​အပ်​လိုက်​ပြီ​။ 8ငါ့​အမွေ​သည် တော​၌​ရှိ​သော​ခြင်္သေ့​ကဲ့သို့​ဖြစ်​၍ ငါ့​ကို ဟိန်းဟောက်​သောကြောင့် ငါ​မုန်း​၏​။ 9ငါ့​အမွေ​သည် အရောင်အသွေး​စုံ​သော​သိမ်းငှက်​နှင့်​တူ​၏​။ အခြား​သိမ်းငှက်​တို့​သည် ငါ့​အမွေ​ကို ဝိုင်းဝန်း​တိုက်ခိုက်​ကြ​၏​။ တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​၊ စုဝေး​၍​လာ​ကြ​။ ဝါးမျို​ရန်​လာ​ကြ​။ 10သိုးထိန်း​အမြောက်အမြား​တို့​သည် ငါ့​စပျစ်ခြံ​ကို ဖျက်ဆီး​ကြ​ပြီ​။ ငါ့​လယ်ကွင်း​ကို နင်းချေ​ကြ​ပြီ​။ ငါ​တန်ဖိုး​ထား​သော​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​တောကန္တာရ​ကဲ့သို့ ဖြစ်​စေ​ကြ​ပြီ​။ 11သူ​တို့​သည် ငါ့​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​ပြီ​။ လူသူကင်းမဲ့​သော​လယ်မြေ​သည် ငါ့​အား ငိုကြွေးမြည်တမ်း​ပြ​ပြီ​။ မည်သူ​မျှ​အလေး​မ​ထား​ကြ​သောကြောင့် ပြည်​တစ်ပြည်လုံး​ပျက်စီး​သွား​လေ​ပြီ​။ 12အဖျက်သမား​တို့​သည် တောကန္တာရ​ရှိ​တောင်ကတုံး​များ​ပေါ်သို့ တက်လာ​ကြ​ပြီ​။ ထာဝရဘုရား​၏​ဓား​တော်​သည် မြေကြီး​စွန်းတစ်ဘက်​မှ အခြား​မြေကြီး​စွန်းတစ်ဘက်​တိုင်အောင် ဝါးမျို​လိမ့်မည်​။ မည်သူမျှ ငြိမ်းချမ်း​စွာ​နေ​ရ​မည်​မ​ဟုတ်​။ 13သူ​တို့​သည် ဂျုံစေ့​ကို​ကြဲ​သော်လည်း ဆူးပင်​များ​ကို​သာ ရိတ်သိမ်း​ရ​၏​။ ပင်ပန်း​စွာ​ကြိုးစား​ကြ​သော်လည်း အကျိုး​မ​ခံစား​ရ​ကြ​။ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ကြောင့် သူ​တို့​သည် အရှက်ကွဲ​ခြင်း​သီးနှံ​ကို ရိတ်သိမ်း​ရ​လိမ့်မည်​။
14ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့ အမွေဆက်ခံ​ရန် ငါ​ပေး​ထား​သော​အမွေ​ပြည်​ကို​ထိပါး​လာ​သော အိမ်နီးချင်း​ဆိုး​အပေါင်း​တို့​ကို သူ​တို့​ပြည်​မှ ထုတ်ပစ်​မည်​။ ယုဒ​အမျိုးအနွယ်​တို့​ကို​လည်း သူ​တို့​ထဲ​မှ ထုတ်ပစ်​မည်​။ 15ငါ​သည် သူ​တို့​ကို ထုတ်ပစ်​ပြီးမှ ပြန်​၍​သနားစုံမက်​ဦး​မည်​။ သူ​တို့​ကို သူ​တို့​ပိုင်​သော​အမွေမြေ​အသီးသီး​၊ သူ​တို့​ပြည်​အသီးသီး​သို့ ပြန်ခေါ်လာ​မည်”​ဟု မိန့်​တော်မူ​၏​။ 16ထာဝရဘုရား​က “ဗာလ​ဘုရား​ကို တိုင်တည်ကျိန်ဆို​ရန် ငါ့​လူမျိုး​ကို သူ​တို့​သင်ကြား​ပေး​သကဲ့သို့ ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ငါ့​နာမ​ကို​တိုင်တည်ကျိန်ဆို​၍ ငါ့​လူမျိုး​၏​နည်းလမ်း​ကို သူ​တို့​ကြိုးစား​သင်ယူ​မည်​ဆို​လျှင် သူ​တို့​ကို ငါ့​လူမျိုး​ထဲ​တွင် တည်နေခွင့်ပြု​မည်​။ 17သူ​တို့​နား​မ​ထောင်​လျှင် ထို​လူမျိုး​ကို ငါ​ရှင်းရှင်း​ထုတ်ပစ်​ဖျက်ဆီး​လိုက်​မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ