YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 13

13
ချည်ချောခါးပတ်
1ထာဝရဘုရား​က “​ချည်ချော​ခါးပတ်​တစ်​ခု​ကို သွား​ဝယ်​ပြီးလျှင် သင့်​ခါး​၌​စည်း​လော့​။ ရေ​မ​စိမ်​နှင့်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။ 2ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ငါ​သည် ခါးပတ်​ကို​ဝယ်​၍ ခါး​၌​စည်း​လေ​၏​။
3ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ဒုတိယအကြိမ် ရောက်လာ​၍ 4“​သင်​ဝယ်​၍ ခါး​၌​စည်းထား​သော​ခါးပတ်​ကို​ယူ​ပြီး ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့ ထ​သွား​လော့​။ ထို​နေရာ​ရှိ ကျောက်တုံး​ကြား​တွင် ဝှက်​ထား​လော့​”​ဟု မိန့်​တော်မူ​၏​။ 5ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ငါ​သည် ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့​သွား​၍ ထို​ခါးပတ်​ကို ဝှက်​ထား​လေ​၏​။
6နေ့ရက်​များစွာ​လွန်​ပြီးမှ ထာဝရဘုရား​က “​ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့ သင်​ထ​သွား​လော့​။ ငါ​မိန့်မှာ​ထား​၍ ထို​နေရာ​တွင်​သင်​ဝှက်​ထား​သော ခါးပတ်​ကို ယူ​ခဲ့​လော့​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။ 7ငါ​သည်​လည်း ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့​သွား​၍ ခါးပတ်​ကို ဝှက်​ထား​ခဲ့​သော​နေရာ​မှ တူး​ယူ​လေ​၏​။ ထိုအခါ ခါးပတ်​သည် ဆွေး​၍​သုံး​မ​ရ​တော့​ချေ​။
8တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၏​။ 9ထာဝရဘုရား​က “ယုဒ​ပြည်​၏​မာန​၊ ဂျေရုဆလင်​မြို့​၏​မာန​ကြီး​ခြင်း​ကို ထို​ခါးပတ်​ကဲ့သို့ ငါ​ဖျက်ဆီး​မည်​။ 10ငါ့​စကား​ကို နားမထောင်​၊ ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့​လိုက်​၍ အခြား​သော​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​သော ဤ​လူမျိုး​တို့​သည် သုံး​မ​ရ​သော​ခါးပတ်​ကဲ့သို့ ဖြစ်​ကြ​မည်”​ဟု မိန့်​တော်မူ​၏​။ 11တစ်ဖန် ထာဝရဘုရား​က “လူ​သည် ခါး​၌​ခါးပတ်​ကို စည်းထား​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​အပေါင်း​တို့​ကို ငါ့​လူမျိုး​တော်​၊ ငါ့​နာမ​တော်​၊ ငါ့​ဘုန်း​တော်​၊ ငါ့​ဂုဏ်တော်​အဖြစ် ငါ့​ခါး​၌​စည်းထား​သော်လည်း သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ”​ဟု မိန့်​တော်မူ​၏​။
စပျစ်ဝိုင်အိုး
12သင်​သည်​လည်း သူ​တို့​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘အိုး​ရှိသမျှ​သည် စပျစ်ဝိုင်​နှင့်​ပြည့်​ရ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြော​လော့​။ ထိုအခါ သူ​တို့​က “အိုး​ရှိသမျှ​သည် စပျစ်ဝိုင်​နှင့်​ပြည့်​ရ​မည်​ကို ငါ​တို့​မ​သိ​သလော”​ဟု ပြန်ပြော​ကြ​လိမ့်မည်​။ 13ထိုအခါ သင်​က သူ​တို့​အား “​ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ငါ​သည် ဤ​ပြည်​၌​နေထိုင်​သော​သူ​အားလုံး​အပါအဝင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​စိုးစံ​သော​ရှင်ဘုရင်​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဂျေရုဆလင်​မြို့သား​အားလုံး​တို့​ကို ယစ်မူး​သော​သူ​ဖြစ်​စေ​မည်​။ 14သူ​တို့​အချင်းချင်း​ကို​သာမက သား​အဖ​ချင်း​ကို​ပင် ကွဲပြား​စေ​မည်​။ မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ သူ​တို့​ကို​ဖျက်ဆီး​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု ဆင့်ဆို​လော့​။
ဘုရားသခင်သတိပေးသံ
15ထာဝရဘုရား​အမိန့်​တော်​ရှိ​၏​။ နားထောင်​ကြ​။ အာရုံစိုက်​ကြ​လော့​။ မ​ထောင်လွှား​ကြ​နှင့်​။ 16ကိုယ်တော်​သည် မှောင်မိုက်​ကို​ဖြစ်စေ​သဖြင့် သင်​တို့​သည် မှောင်မည်း​သော​တောင်​ပေါ်တွင် ခလုတ်​မ​တိုက်မိ​မီ​၊ သင်​တို့​သည် အလင်း​ကို​စောင့်မျှော်​လျက်​နေ​စဉ် ကိုယ်တော်​သည် ထို​အလင်း​ကို မှုန်မှိုင်း​စေ​၍ အမှောင်ထု​မ​ဖြစ်စေ​မီ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​လော့​။ 17သင်​တို့​နား​မ​ထောင်​လျှင် သင်​တို့​၏​မာန်မာန​ကြောင့် ငါ့​စိတ်ဝိညာဉ်​သည် ကွယ်​ရာ​၌ ငိုကြွေး​မည်​။ ထာဝရဘုရား​၏​သိုးစု​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် ငါ​သည် ဝမ်းနည်းပက်လက်​ငိုကြွေး​မည်​၊ မျက်ရည်​ဖြိုင်ဖြိုင်စီးကျ​မည်​။ 18ရှင်ဘုရင်​နှင့်​မယ်တော်​အား “​သင်​တို့​၏​ဘုန်း​သရဖူ​သည် သင်​တို့​၏​ခေါင်း​မှ ပြုတ်ကျ​ပြီ​ဖြစ်၍ နိမ့်ကျ​သော​နေရာ​၌ ထိုင်​လော့​”​ဟု ပြော​လော့​။ 19တောင်ဘက်​အရပ်​ရှိ​မြို့​များ ပိတ်​ထား​ခြင်း​ခံရ​ပြီ​။ ဖွင့်​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ယုဒ​ပြည်သား​အပေါင်း​တို့​သည် တစ်ယောက်မကျန်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။ 20မြောက်ဘက်​အရပ်​မှ​လာ​သော​သူ​တို့​ကို မျှော်ကြည့်​လော့​။ သင့်​အား ပေးအပ်​ထား​သော​သိုးစု​၊ သင်​ဂုဏ်ယူရာ​သိုး​ကား အဘယ်မှာ​နည်း​။
ဂျေရုဆလင်မြို့ရသောဝေစု
21သင်ကိုယ်တိုင်​သင်ကြား​ပေး​သော​သူ​၊ သင်​၏​မိတ်ဆွေ​ဖြစ်​သော​သူ​ကို သင်​၏​ခေါင်းဆောင်​အဖြစ်​ခန့်ထား​တော်မူ​လျှင် သင်​မည်သို့​ဆို​မည်နည်း​။ သားဖွား​သော​မိန်းမ​ကဲ့သို့ သင်​နာကျင်​ခံစား​ရ​မည်​မ​ဟုတ်​လော​။ 22သင်​သည် မိမိ​စိတ်​ထဲ၌ “​အဘယ်ကြောင့် ဤသို့​ဖြစ်​ရ​သနည်း​”​ဟု တွေး​လျှင် သင်​၏​ဒုစရိုက်​များ​ကြောင့် သင်​အဝတ်​အချွတ်​ခံရ​၏​၊ သင်​အကြမ်းဖက်​ခံရ​၏​။ 23အီသီယိုးပီးယား​လူ​သည် မိမိ​အသားအရေ​ကို​လည်းကောင်း​၊ ကျားသစ်​သည် အကွက်အကျား​ဖြစ်​နေ​သည်​ကို​လည်းကောင်း ပြောင်းလဲ​ပစ်​နိုင်​သလော​။ ပြောင်းလဲ​နိုင်​မည်​ဆို​လျှင် ဆိုးညစ်​သော​အမှု​ကို​ပြုမြဲပြု​တတ်​သော​သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​လာ​နိုင်​လိမ့်မည်​။ 24သို့ဖြစ်၍ ကန္တာရ​လေ​တိုက်သွား​သော​ဖွဲ​ကဲ့သို့ သူ​တို့​ကို ငါ​ကွဲလွင့်​စေ​မည်​။ 25ထာဝရဘုရား​က “​သင်​သည် ငါ့​ကို​မေ့လျော့​၍ အချည်းနှီး​သော​အရာ​ကို ယုံကြည်ကိုးစား​သောကြောင့် ဤသည်ကား သင့်​ကို ငါ​ခွဲဝေ​ပေး​သော ဝေစု​ဖြစ်​၏​။ 26ငါ​ကိုယ်တော်တိုင် သင့်​အဝတ်​ကို မျက်နှာ​ဖုံး​သည်​အထိ​လှန်ပစ်​မည်​။ သင့်​အရှက် ထင်ရှား​လိမ့်မည်​။ 27သင်​ဖောက်ပြန်​ခြင်း​၊ ဟီသံပေး​ခြင်း​၊ ညစ်ညမ်း​သော​ပြည့်တန်ဆာအလုပ်လုပ်​ခြင်း စသည့် ရွံရှာဖွယ်​ရာ​တို့​ကို ကွင်းပြင်​၊ တောင်ကုန်း​ပေါ်၌​ပြု​နေ​သည်​ကို ငါ​မြင်​၏​။ အို ဂျေရုဆလင်​၊ သင်​၌​အမင်္ဂလာ​ရှိ​၏​။ မည်မျှ​ကြာ​အောင် ညစ်ညူး​နေ​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ