YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 14

14
မိုးခေါင်ခြင်း
1မိုးခေါင်​မည့်​အကြောင်း​နှင့်​ပတ်သက်၍ ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။ 2ယုဒ​ပြည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ မြို့​တံခါး​တို့​လည်း အားလျော့​ကြ​ပြီ​။ မြေကြီး​ပေါ်တွင် ဝမ်းနည်း​ပူဆွေး​ကြ​လေ​ပြီ​။ ဂျေရုဆလင်​မြို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထွက်ပေါ်​လာ​ပြီ​။ 3မှူးမတ်​တို့​က ငယ်သား​များ​အား ရေ​ခပ်​စေ​၍ သူ​တို့​သည် ရေတွင်း​သို့​ရောက်​သောအခါ ရေ​မ​တွေ့​ရ​လျှင် စိတ်ပျက်​လျက် ရှက်ရှက်​နှင့် မျက်နှာ​ဖုံး​လျက် အိုးချည်းသက်သက်​ဖြင့် ပြန်လာ​ကြ​ရ​၏​။ 4မြေကြီး​ပေါ်၌ မိုး​မ​ရွာ​ဘဲ မြေ​အက်ကွဲ​သောကြောင့် လယ်သမား​တို့​သည် ရှက်ရှက်​နှင့် ခေါင်းခြုံ​ထား​ကြ​၏​။ 5သမင်မ​ပင်လျှင် ကွင်းပြင်​၌ သားပေါက်​ပြီး မြက်ပင်​မ​ရှိ​သောကြောင့် သားငယ်​ကို​စွန့်ပစ်​ရ​၏​။ 6မြည်းရိုင်း​တို့​သည် တောင်ကတုံး​ပေါ်၌​ရပ်​၍ ခွေးအ​ကဲ့သို့ အသက်ရှူ​ကြ​၏​။ မြက်​မ​စား​ရ#14:6 တိုက်ရိုက်ပြန်ဆိုလျှင် “မြက်မရှိ”။​သောကြောင့် မျက်စိမှုန်ဝေ​ကြ​ကုန်​၏​။ 7အကျွန်ုပ်​တို့​၏​အပြစ်​များ​က အကျွန်ုပ်​တို့​ကို​သက်သေထူ​နေ​သော်လည်း အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်​၍ စီရင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကြိမ်ဖန်​များစွာ​လမ်းလွဲဖောက်ပြန်​၍ ကိုယ်တော်​ကို​ပြစ်မှား​ကြ​ပါ​ပြီ​။ 8အို အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ ကယ်တင်​ရာ​ဖြစ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အကျွန်ုပ်​တို့​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့​ဖြစ်​ရ​သနည်း​၊ အဘယ်ကြောင့် တစ်ညသာ​လာရောက်​တည်းခို​သွား​သော ခရီးသွား​ဧည့်သည်​ကဲ့သို့​ဖြစ်​ရ​သနည်း​။ 9အဘယ်ကြောင့် အံ့ဩမှင်တက်​မိ​သူ​ကဲ့သို့​ဖြစ်​ရ​သနည်း​။ အဘယ်ကြောင့် မ​ကယ်တင်​နိုင်​သော​စစ်သူရဲ​ကဲ့သို့​ဖြစ်​ရ​သနည်း​။ အို ထာဝရဘုရား​၊ စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​တို့​နှင့်အတူ​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​များ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​ကို စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။
10ထာဝရဘုရား​က ဤ​လူမျိုး​အား “​သူ​တို့​သည် ဟိုဟိုသည်သည်​သွားလာ​ရ​သည်​ကို နှစ်သက်အားရ​ကြ​၏​။ ကိုယ့်​ခြေ​ကိုယ်​မ​ထိန်းချုပ်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို နှစ်သက်​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်​တော်မူ​မည်​။ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။
ပရောဖက်အတုအယောင်တို့ အပြစ်ဒဏ်ခံရခြင်း
11ထာဝရဘုရား​က ငါ့​အား “​ဤ​လူမျိုး​ကောင်းစား​ဖို့ ဆု​မ​တောင်း​ပေး​နှင့်​။ 12သူ​တို့​အစာရှောင်​အော်ဟစ်​လျှင်လည်း ငါ​နားညောင်း​မည်​မ​ဟုတ်​။ မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လျှင်လည်း ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သူ​တို့​ကို ငါ​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။
13ငါ​က​လည်း “​အို ဘုရားရှင်​ထာဝရဘုရား​၊ ပရောဖက်​တို့​က ‘​သင်​တို့​သည် ဓားဘေး​နှင့်​ကြုံ​ရ​မည်​မ​ဟုတ်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် သင်​တို့​ထံ​ရောက်လာ​မည်​မ​ဟုတ်​။ ဤ​အရပ်​၌ သင်​တို့​အား စစ်မှန်​သော​ငြိမ်သက်​ခြင်း​ကို ငါ​ပေး​မည်​’​ဟူ၍ သူ​တို့​အား ဆင့်ဆို​ကြ​ပါ​သည်​”​ဟု လျှောက်ဆို​၏​။
14ထာဝရဘုရား​က​လည်း “​ထို​ပရောဖက်​တို့​သည် ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ငါ​သည် သူ​တို့​ကို​မ​စေလွှတ်​၊ မ​မိန့်မှာ​၊ မ​မြွက်ဆို​။ သူ​တို့​သည် သင်​တို့​အား မဟုတ်မမှန်​သော​ဗျာဒိတ်နိမိတ်​၊ ဂမ္ဘီရအတတ်​၊ အကျိုးမဲ့​သော​အရာ​၊ သူ​တို့​စိတ်​ထဲရှိ​လှည့်စားမှု​အတိုင်း ပရောဖက်ပြု​ကြ​၏​။
15ထို့ကြောင့် ထာဝရဘုရား​က ထို​ပရောဖက်​တို့​သည် ငါ​မ​စေလွှတ်​ဘဲ ငါ့​နာမ​ဖြင့် ‘​ဤ​ပြည်​၌ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​မ​ရှိ​’​ဟု ပရောဖက်ပြု​ဟောပြော​ကြ​သောကြောင့် သူ​တို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ဖြင့် ဆုံး​စေ​မည်​။ 16ပရောဖက်ပြု​ခံရ​သော​ပြည်သား​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ကြောင့် သေဆုံး​၍ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်၌ ပစ်ထား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​နှင့်တကွ သူ​တို့​၏​မယား​၊ သား​သမီး​တို့​ကို သင်္ဂြိုဟ်​မည့်​သူ​ရှိ​မည်​မ​ဟုတ်​။ သူ​တို့​ပြု​ခဲ့​သော​မကောင်းမှု​ကို သူ​တို့​အပေါ်​သို့ ငါ​သွန်ချ​မည်​။
ယေရမိတောင်းဆိုချက်
17ထို့ကြောင့် သင်​သည် သူ​တို့​အား ‘​ငါ့​လူမျိုး​သမီးပျို​သည် ကျိုးပဲ့ကြေမွ​သော​ဒဏ်ရာ​ရ​၍ ပြင်းထန်စွာ​ဝေဒနာ​ခံစား​ရ​သောကြောင့် ငါ​သည် အငို​မ​ရပ်​၊ နေ့နေ့​ညည​ငို​မည်​။ 18ကွင်းပြင်​သို့​ထွက်သွား​သော် ဓား​ဖြင့်​အသတ်​ခံရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ မြို့​ထဲသို့​ဝင်​သော် ငတ်မွတ်ခေါင်းပါး​ခြင်း​ဝေဒနာ​ခံစား​နေ​ရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ ပရောဖက်​နှင့် ယဇ်ပုရောဟိတ်​တို့​သည် သူ​တို့​မ​သိ​သော​ပြည်​သို့ သွား​ကြ​ပြီ​’​ဟူသော​စကား​ကို ပြောကြား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 19ကိုယ်တော်​သည် ယုဒ​ပြည်​ကို လုံးလုံး​စွန့်ပစ်​တော်မူ​ပြီ​လော​။ ကိုယ်တော်​၏​စိတ်ဝိညာဉ်​သည် ဇိအုန်​မြို့​ကို ရွံရှာ​တော်မူ​ပြီ​လော​။ အကျွန်ုပ်​တို့​ကို ကုသ​၍​မ​ရ​နိုင်​သည့်​တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်​တော်မူ​သနည်း​။ ငြိမ်းချမ်းမှု​ကို​စောင့်မျှော်​သော်လည်း အကျိုး​မ​ခံစား​ရ​ပါ​။ ကုသ​ရာ​ကာလ​ကို​စောင့်မျှော်​သော်လည်း ကြောက်လန့်စရာ​နှင့်​သာ​ကြုံ​ရ​ပါ​၏​။ 20အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၏​ဆိုးယုတ်မှု​၊ ဘိုးဘေး​တို့​၏​အပြစ်​တို့​ကို ဝန်ခံ​ပါ​၏​။ အကယ်စင်စစ် အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ပြစ်မှား​မိ​ကြ​ပါ​ပြီ​။ 21ကိုယ်တော်​၏​နာမ​ကို​ထောက်​၍ အကျွန်ုပ်​တို့​ကို ပစ်ပယ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​ဘုန်းအသရေ​ပလ္လင်​တော်​ကို အသရေဖျက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​တို့​နှင့်​ဖွဲ့​သော ကိုယ်တော်​၏​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ပါ​၊ ပယ်ဖျက်​တော်​မ​မူ​ပါ​နှင့်​။ 22လူမျိုးခြား​တို့​၏​ရုပ်တု​တို့​သည် မိုး​ကို​ရွာ​စေ​နိုင်​သလော​။ ကောင်းကင်​သည်​လည်း မိုး​ကို​ရွာ​စေ​နိုင်​သလော​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သာလျှင် တတ်နိုင်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် အလုံးစုံ​ကို တတ်နိုင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​ပါ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ