YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 15

15
ဘုရားသခင်၏တုံ့ပြန်မှု
1တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​မောရှေ​နှင့်​ရှမွေလ​သည် ငါ့​ရှေ့​၌​လာရပ်​လျှင်ပင် ဤ​လူမျိုး​ထံ ငါ့​စိတ်​ပြန်လည်​လာ​မည်​မ​ဟုတ်​။ သူ​တို့​ကို ငါ့​ရှေ့​မှ နှင်ထုတ်​လော့​။ ငါ့​ရှေ့​မှ ထွက်သွား​စေ​လော့​။ 2သူ​တို့​က ‘​အကျွန်ုပ်​တို့​သည် မည်သည့်​အရပ်​သို့ သွား​ရ​မည်နည်း​’​ဟု သင့်​အား​မေး​လျှင် သင်​က သူ​တို့​အား ထာဝရဘုရား​က ‘​သေ​သင့်​သော​သူ​တို့​သည် သေဘေး​ရှိ​ရာ​သို့​၊ ဓားဘေး​သင့်​မည့်​သူ​တို့​သည် ဓားဘေး​ရှိ​ရာ​သို့​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သင့်​မည့်​သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ရှိ​ရာ​သို့​၊ ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည့်​သူ​တို့​သည် ဖမ်းခေါ်​သွား​ရာ​သို့ သွား​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​ရ​မည်​”#ဗျာ 13:10။​ဟု မိန့်​တော်မူ​၏​။
3တစ်ဖန် ထာဝရဘုရား​က “​သတ်ဖြတ်​မည့်​ဓား​၊ ကိုက်ဆွဲ​သွား​မည့်​ခွေး​၊ ဝါးမျို​ဖျက်ဆီး​မည့် ကောင်းကင်​ငှက်​နှင့်​မြေ​တိရစ္ဆာန် စသည့်​ဘေး​လေး​မျိုး​ကို သူ​တို့​ထံ ငါ​စေလွှတ်​မည်​။ 4ဂျေရုဆလင်​မြို့​၌ ဟေဇကိ​၏​သား​၊ ယုဒ​ဘုရင်​မနာရှေ​ပြု​ခဲ့​သော​အမှု​ကြောင့် ငါ​သည် သူ​တို့​အား မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် ထိတ်လန့်စရာ​ဖြစ်​စေ​မည်​။ 5အို ဂျေရုဆလင်​မြို့​၊ သင့်​ကို​မည်သူ​သနား​မည်နည်း​။ မည်သူ​စာနာထောက်ထား​မည်နည်း​။ မည်သူ​သည် သင့်​အား သာကြောင်းမာကြောင်း လှည့်​၍​နှုတ်ခွန်းဆက်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။ 6တစ်ဖန် ထာဝရဘုရား​က “​သင်​သည် ငါ့​ကို ပစ်ပယ်​လေ​ပြီ​။ ငါ့​ကို ကျောခိုင်း​သွား​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် လက်​ကို​ဆန့်​၍ သင့်​ကို ဖျက်ဆီး​မည်​။ သင့်​ကို သက်ညှာ​ရ​သည်​မှာ ငါ​ပင်ပန်း​လှ​ပြီ​။ 7ငါ​သည် သူ​တို့​ကို ဤ​ပြည်​ရှိ​မြို့​တံခါး​များ​၌ ဆန်ကော​ဖြင့်​လှေ့​မည်​။ သူ​တို့​၏​သားသမီး​များ​ကို ဆုံးပါး​စေ​မည်​။ ငါ့​လူမျိုး​သည် လမ်းလွဲရာ​မှ ပြန်​မ​လာ​သောကြောင့် သူ​တို့​ကို ငါ​ဖျက်ဆီး​မည်​။ 8မုဆိုးမ​တို့​သည် သမုဒ္ဒရာ​သဲလုံး​ထက်မက များပြား​လိမ့်မည်​။ မွန်းတည့်ချိန်​၌ပင် သား​လူပျို​ရှိ​သော​အမိ​တို့​ထံ အဖျက်သမား​ကို ငါ​စေလွှတ်​မည်​။ သူ​တို့​အပေါ် ထိတ်လန့်​ခြင်း​၊ နာကျင်​ခြင်း​ကို ရုတ်တရက် ကျရောက်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 9“​သား​ခုနစ်​ယောက်​မိခင်​သည် အားလျော့​၍ အသက်ငင်​လေ​ပြီ​။ နေ့​အချိန်​၌ပင် သူ့​ဘဝ​နေဝင်ချိန်​ရောက်​လေ​ပြီ​။ သူ​သည် အရှက်ကွဲ​သော​သူ​၊ မျက်နှာပျက်​သော​သူ ဖြစ်​ရ​လေ​ပြီ​။ သူ​တို့​ထဲမှ​ကြွင်းကျန်​သော​သူ​တို့​ကို​လည်း သူ​တို့​ရန်သူ​တို့​၏​ဓား​ဖြင့် ဆုံး​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
ယေရမိ စောဒကတက်ခြင်း
10အို ငါ့​မွေးသမိခင်​၊ ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် မြေ​တစ်ပြင်လုံး​နှင့်​ခိုက်ရန်ဖြစ်ပွား​သော​သူ​၊ အငြင်းပွား​သော​သူ ဖြစ်​ရ​ပါ​ပြီ​တကား​။ ငါ​သည် သူ​တို့​ကို မ​ချေးငှား​ပေး​ဖူး​ပါ​။ သူ​တို့​ထံမှ မ​ချေးယူ​ဖူး​ပါ​။ သို့ရာတွင် သူ​တို့​အားလုံး​က ငါ့​ကို​ကျိန်ဆဲ​ကြ​ပါ​၏​။
ဘုရားသခင်၏တုံ့ပြန်မှု
11ထာဝရဘုရား​က “​အကယ်စင်စစ် သင်​၏​ကောင်းကျိုးချမ်းသာ​အတွက် သင့်​ကို ငါ​ကယ်တင်​မည်​။ ဘေး​ရောက်​ချိန်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ ရန်သူ​တို့​က သင့်​ကို တောင်းပန်​လာ​စေ​ရ​မည်​။ 12သံ​၊ အထူးသဖြင့် မြောက်အရပ်​မှ​သံ​၊ သို့မဟုတ် ကြေးနီ​ကို ချိုး​နိုင်​သော​သူ​ရှိ​သလော​။ 13သင့်​ပြည်​တစ်လျှောက်လုံး​တွင် သင်​ပြု​သော​အပြစ်​ကြောင့် သင်​၏​ဥစ္စာပစ္စည်း​၊ သင်​၏​ဘဏ္ဍာ​တို့​ကို လုယူဖျက်ဆီး​ရာ​အဖြစ် အဖိုးအခမဲ့ ငါ​ပေး​လိုက်​မည်​။ 14တောက်လောင်​သော​ငါ့​အမျက်​မီး​သည် သင်​တို့​ကို​လောင်ကျွမ်း​မည်​ဖြစ်၍ သင်​မ​သိ​သော​ပြည်​သို့ ရန်သူ​တို့​နှင့်အတူ သင်​လိုက်ပါ​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
လက်တုံ့ပြန်ပေးရန် ယေရမိဆုတောင်းခြင်း
15အို ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​ကို​အကြည့်အရှု​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သူ​တို့​အား လက်တုံ့ပြန်​ပေး​တော်မူ​ပါ​။ ကိုယ်တော်​သည် စိတ်ရှည်​သည်းခံ​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​ကို အဝေး​သို့​မ​နှင်​လိုက်​ပါ​နှင့်​။ ကိုယ်တော်​ကြောင့် အကျွန်ုပ်​ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​ကြောင်း​ကို သိမှတ်​တော်မူ​ပါ​။ 16ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို တွေ့ရှိ​ပါ​ပြီ​၊ မှီဝဲ​ပါ​ပြီ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​ပါ​၏​။ အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​ဖြစ်​ပါ​၏​။ 17အပျော်အပါး​လိုက်စား​သော​သူ​တို့​၏​အစည်းအဝေး​၌ အကျွန်ုပ်​မ​ထိုင်​ပါ​။ ပျော်ပါး​၍​လည်း မ​နေ​ပါ​။ အကျွန်ုပ်​အပေါ်​၌ ကိုယ်တော်​၏​လက်​တော်​သက်ရောက်​သောကြောင့် အကျွန်ုပ်​တစ်ယောက်တည်း​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အမျက်ဒေါသ​နှင့်​ပြည့်​စေ​တော်မူ​ပါ​၏​။ 18အကျွန်ုပ်​၏​ဝေဒနာ​သည် အဘယ်ကြောင့် အတောမသတ်​နိုင်​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒဏ်ရာ​သည် အဘယ်ကြောင့် ကုသ​၍ မပျောက်ကင်း​နိုင်​ပါ​သနည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​အားထား​၍​မ​ရ​သော​၊ အကျွန်ုပ်​ကို​လှည့်စား​သော​စမ်းရေ​ကဲ့သို့ ဖြစ်​တော်မူ​၍​လော​။
နောင်တရရန် ယေရမိဟောပြောခြင်း
19ထို့ကြောင့် ထာဝရဘုရား​က “​သင်​ပြန်လာ​လျှင် သင့်​ကို ငါ​လက်ခံ​မည်​။ ငါ့​ရှေ့​၌ သင်​ရပ်​ရ​လိမ့်မည်​။ အကျိုးမဲ့​သော​စကား​ထက် အကျိုးရှိ​သော​စကား​ကို​ပြော​လျှင် သင်​သည် ငါ​၏​နှုတ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ သင်​သည် သူ​တို့​ရှိ​ရာ​သို့ ပြန်​မ​သွား​ရ​။ သူ​တို့​သည် သင်​ရှိ​ရာ​သို့ ပြန်လာ​ကြ​လိမ့်မည်​။ 20ငါ​သည် ဤ​လူ​တို့​ရှေ့​၌ သင့်​ကို ခိုင်ခံ့​သော​ကြေးနီ​မြို့ရိုး​ဖြစ်​စေ​မည်​။ သူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သော်လည်း နိုင်​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သင်​နှင့်အတူ​ရှိ​၍ သင့်​ကို​ရွေးနုတ်​ကယ်တင်​မည်”​ဟု မိန့်​တော်မူ​၏​။ 21ထာဝရဘုရား​က “ဆိုးညစ်​သော​သူ​တို့​လက်​ထဲမှ သင့်​ကို​ကယ်နုတ်​မည်​။ ကြမ်းကြုတ်​သော​သူ​၏​လက်​ထဲမှ သင့်​ကို​ရွေးနုတ်​မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။