ယေရမိအနာဂတ္တိကျမ်း 16
16
ယေရမိ အိမ်ထောင်မပြုရ
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာ၍ 2“သင်သည် ဤအရပ်၌ အိမ်ထောင်မပြုရ။ သားသမီး မမွေးဖွားရ”ဟု မိန့်တော်မူ၏။ 3အကြောင်းမူကား ဤအရပ်၌မွေးဖွားသော သားသမီးများ၊ ဤပြည်၌ သူတို့ကိုမွေးဖွားသောသူတို့၏မွေးမိခင်၊ သူတို့၏မွေးဖခင်များနှင့်ပတ်သက်၍ ထာဝရဘုရားက 4“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
5ထာဝရဘုရားက “ငါသည် ဤလူမျိုးတို့ထံမှ ငါ၏ငြိမ်သက်ခြင်း၊ မေတ္တာကရုဏာ၊ သနားစုံမက်ခြင်းတို့ကို ရုပ်သိမ်းပြီ။ သို့ဖြစ်၍ အသုဘအိမ်ကို မဝင်နှင့်။ သွား၍ငိုကြွေးမြည်တမ်းခြင်း၊ နှစ်သိမ့်ခြင်း မပြုနှင့်”ဟု မိန့်တော်မူ၏။ 6ထာဝရဘုရားက “ဤပြည်ရှိ လူအယုတ်အမြတ်၊ အကြီးအငယ်မရွေး သေကြရမည်။ သို့သော် သင်္ဂြိုဟ်ခံရမည်မဟုတ်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူ၊ ကိုယ့်အသားကို ကိုယ်မွှမ်းမည့်သူ၊ ခေါင်းတုံးတုံးမည့်သူ ရှိမည်မဟုတ်။ 7အသုဘရှင်ကို နှစ်သိမ့်ဖို့ ငိုကြွေးမြည်တမ်းမည့်သူ၊ အစားအစာပေးမည့်သူ ရှိမည်မဟုတ်။ မိဘဆုံးသွားလျှင်ပင် နှစ်သိမ့်ခြင်းခွက်ကို ကမ်းပေးမည့်သူ ရှိမည်မဟုတ်။ 8ထို့အတူ စားသောက်ပွဲခံရာအိမ်သို့ မဝင်နှင့်။ သူတို့နှင့်အတူ ထိုင်၍မစားမသောက်နှင့်”ဟု မိန့်တော်မူ၏။ 9အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဤအရပ်၌ ရွှင်မြူးသောအသံ၊ ဝမ်းမြောက်သောအသံ၊ သတို့သား၊ သတို့သမီးအသံတို့ကို သင်တို့ရှေ့မှောက်၊ သင်တို့လက်ထက်၌ပင် ငါရပ်စဲစေမည်။
ဘုရားသခင်နှင့်ပညတ်တရားတော်ကိုစွန့်ပယ်ခြင်း
10ဤစကားအလုံးစုံကို ဤလူမျိုးအား သင်ပြောပြသောအခါ သူတို့က ‘ထာဝရဘုရားသည် ဤမျှလောက်ကြီးမားသောဘေးအန္တရာယ်ကို ငါတို့အား အဘယ်ကြောင့် ပေးတော်မူသနည်း။ ငါတို့၏အပြစ်ကား အဘယ်နည်း။ ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားသောအပြစ်ကား အဘယ်နည်း’ဟု မေးကြလိမ့်မည်။ 11ထိုအခါ သင်က သူတို့အား ‘ထာဝရဘုရားက သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများနောက်သို့ လိုက်ကြပြီ။ ထိုဘုရားတို့ကို အစေခံကြပြီ။ ပျပ်ဝပ်ကြပြီ။ ငါပညတ်ထားသောတရားကို မစောင့်ထိန်းကြ။ 12သင်တို့သည် သင်တို့၏ဘိုးဘေးတို့ထက် ဆိုးညစ်သောအမှုကို သာ၍ပြုကြ၏။ ကြည့်ရှုလော့။ သင်တို့သည် ငါ့စကားကို နားမထောင်၊ ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ အသီးသီးလိုက်သွားကြ၏။ 13ထို့ကြောင့် ဤပြည်မှ သင်တို့နှင့်သင်တို့ဘိုးဘေးတို့မသိသောပြည်သို့ သင်တို့ကို ငါနှင်ထုတ်မည်။ ထိုပြည်၌ အခြားဘုရားများကို နေ့နေ့ညညအစေခံရမည်။ ငါသည် သင်တို့ကို မျက်နှာသာပေးမည်မဟုတ်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုရမည်။
14ထာဝရဘုရားက ‘ကြည့်ရှုလော့။ အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဟု နောက်တစ်ဖန် မပြောဆိုကြတော့ဘဲ 15မြောက်ဘက်အရပ်သို့လည်းကောင်း၊ အပြည်ပြည်သို့လည်းကောင်း နှင်ထုတ်ခံရသော အစ္စရေးအမျိုးသားတို့ကို ပြန်လည်ခေါ်ဆောင်လာသောထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဟု ပြောဆိုရမည့်အချိန် ရောက်လာမည်။ ငါသည် သူတို့၏ဘိုးဘေးတို့အား ပေးခဲ့သောပြည်သို့ သူတို့ကိုပြန်လည်ခေါ်ဆောင်လာမည်’ဟု မိန့်တော်မူ၏။
သုံ့ပန်းအဖြစ် ဒဏ်ခတ်ခံရခြင်း
16ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် တံငါသည်အမြောက်အမြားစေလွှတ်၍ သူတို့ကိုမျှားစေမည်။ မုဆိုးအမြောက်အမြားတို့ကိုလည်း စေလွှတ်၍ တောင်ကြီးတောင်ငယ်၊ ကျောက်ကြိုကျောက်ကြားမှ သူတို့ကို လိုက်လံဖမ်းဆီးစေမည်။ 17ငါ့မျက်စိသည် သူတို့သွားသောလမ်းရှိသမျှတို့ကို မြင်၏။ သူတို့သည် ငါ့ရှေ့မှ မပုန်းရှောင်နိုင်။ သူတို့၏ဒုစရိုက်များကို ငါ့မျက်မှောက်မှ မဝှက်ထားနိုင်။ 18ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ 19အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။ 20လူသည် ကိုယ့်အဖို့ ဘုရားကို ပြုလုပ်နိုင်သလော။ ပြုလုပ်နိုင်လျှင်လည်း ဘုရားစစ်မဟုတ်။ 21ကြည့်ရှုလော့။ ယခု သူတို့ကို ငါသိစေမည်။ ငါ့လက်ရုံးရည်၊ ငါ့အစွမ်းတန်ခိုးကို သူတို့အား သိမြင်စေမည်။ “ထာဝရဘုရား”ဟူသည်မှာ ငါ၏နာမဖြစ်ကြောင်း သူတို့သိကြရလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 16: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative