YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 8

8
အသက်ရှင်ခြင်းထက်သေခြင်း
1ထာဝရဘုရား​က “​ထို​ကာလ​၌ ယုဒ​ဘုရင်​တို့​၏​အရိုး​များ​၊ အကြီးအကဲ​တို့​၏​အရိုး​များ​၊ ယဇ်ပုရောဟိတ်​တို့​၏​အရိုး​များ​၊ ပရောဖက်​တို့​၏​အရိုး​များ​၊ ဂျေရုဆလင်​မြို့သား​တို့​၏​အရိုး​များ​ကို သူ​တို့​၏​သင်္ချိုင်းတွင်း​များ​ထဲမှ ထုတ်ပစ်​ကြ​လိမ့်မည်​။ 2ထို​အရိုး​တို့​သည် သူ​တို့​ချစ်​၍​အစေခံ​သော​၊ သူ​တို့​လိုက်စား​သော​၊ သူ​တို့​ဆည်းကပ်​ကိုးကွယ်​သော​အရာ​များ​ဖြစ်​သည့် နေ​၊ လ စသော ကောင်းကင်​တန်ဆာ​အားလုံး​တို့​အောက်​၌ ဖြန့်ထား​ခြင်း​ခံရ​လိမ့်မည်​။ စုသိမ်း​သင်္ဂြိုဟ်​ခြင်း ခံရ​မည်​မ​ဟုတ်​။ မြေပြင်​ပေါ်တွင် နောက်ချေး​ကဲ့သို့​ဖြစ်​သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 3ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ငါ​နှင်ထုတ်​၍ အရပ်ရပ်​သို့​ရောက်သွား​သော​သူ​တို့​ထဲမှ ကြွင်းကျန်​သော​သူ​တည်းဟူသော ဤ​မကောင်း​သော​မျိုးနွယ်စု​ထဲမှ အသက်ရှင်​ကျန်ရစ်​သူ​အားလုံး​တို့​သည် အသက်ရှင်​ခြင်း​ထက် သေ​ခြင်း​ကို​ရွေးချယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
4သင်​သည် သူ​တို့​အား “​ထာဝရဘုရား​က ‘လဲကျ​သော​သူ​သည် ပြန်​မ​ထ​ဘဲ​နေ​မည်လော​။ ထွက်သွား​သော​သူ​သည် ပြန်​မ​လာ​ဘဲ​နေ​မည်လော​။ 5ဤ​ဂျေရုဆလင်​မြို့သူမြို့သား​တို့​သည် အဘယ်ကြောင့် ထွက်သွား​၍ ဖောက်ပြန်​မြဲ​ဖောက်ပြန်​ကြ​သနည်း​။ သူ​တို့​သည် လှည့်စားမှု​ကို​ဆုပ်ကိုင်​ထား​ကြ​၏​။ ပြန်လှည့်​လာ​ရန် ငြင်းဆန်​ကြ​၏​။ 6ငါ​သည် အာရုံစိုက်​၍ နားထောင်​၏​။ မှန်မှန်ကန်ကန်​မ​ပြော​ကြ​။ “ငါ​အဘယ်​အမှု ပြု​ခဲ့​မိ​ပါ​သနည်း”​ဟု ဆို​လျက် မိမိ​ဆိုးညစ်မှု​အတွက် နောင်တရ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ တိုက်ပွဲ​ထဲသို့ ဒုန်းစိုင်းပြေးဝင်​သော​မြင်း​ကဲ့သို့ အသီးသီး မိမိ​တို့​၏​လမ်း​သို့​ပြေးလိုက်​သွား​ကြ​၏’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြောကြား​လော့​။ 7“မိုးကောင်းကင်​၌​ပျံဝဲ​သော​ငှက်ကျား​ပင်လျှင် ရာသီ​အချိန်​ကို​သိ​၏​။ ချိုးငှက်​၊ ကြိုးကြာ​၊ ပျံလွှား​တို့​သည်​လည်း သွားလာ​ရ​မည့်​အချိန်​ကို မှတ်​တတ်​ကြ​၏​။ ငါ့​လူမျိုး​တော်​မူကား ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​ကို မ​သိ​ကြ​။
ယုဒခေါင်းဆောင်တို့ကို ဒဏ်ခတ်ခြင်း
8‘​ငါ​တို့​သည် ပညာရှိ​ဖြစ်​၏​။ ထာဝရဘုရား​၏​ပညတ်တရား​သည် ငါ​တို့​နှင့်အတူ​ရှိ​၏​’​ဟု သင်​တို့ မည်သို့​ပြော​နိုင်​မည်နည်း​။ အကယ်စင်စစ် ကျမ်းတတ်ဆရာ​တို့​၏​မုသား​ကညစ်​မှ မုသားတရား​ထွက်​လေ​ပြီ​တကား​။ 9ပညာရှိ​တို့​သည် အရှက်ကွဲ​ကြ​လိမ့်မည်​၊ ကြောက်လန့်​ကြ​လိမ့်မည်​၊ ဖမ်းဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​။ သူ​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို​စွန့်ပယ်​ကြ​၏​။ သူ​တို့​၌ မည်သည့်​ဉာဏ်ပညာ​ရှိ​မည်နည်း​။ 10သို့ဖြစ်၍ သူ​တို့​၏​မယား​များ​ကို အခြား​သူ​တို့​အား ငါ​ပေး​မည်​။ သူ​တို့​၏​လယ်ယာ​များ​ကို​လည်း အခြားသူ​တို့​ပိုင်ဆိုင်​စေ​မည်​။ အကြောင်းမူကား လူကြီး​လူငယ်​အားလုံး မတရား​သော​အကျိုးစီးပွား​ကို တပ်မက်​ကြ​၏​။ ပရောဖက်​နှင့် ယဇ်ပုရောဟိတ်​အားလုံး​သည်​လည်း မဟုတ်မမှန်​ပြုမူ​တတ်​ကြ​၏​။ 11ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ‘​ငြိမ်းချမ်း​သည်​၊ ငြိမ်းချမ်း​သည်​’​ဟု ဆို​တတ်​ကြ​၏​။ ငါ့​လူမျိုး​တော်​၏​ဒဏ်ရာ​ကို ပေါ့ပေါ့တန်တန်​ကုသ​ပေး​ကြ​၏​။ 12သူ​တို့​သည် မိမိ​တို့​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​သော​အမှု​ကို​ပြု​သောအခါ ရှက်​ကြ​သလော​။ လုံးဝ​မ​ရှက်​ကြ​။ ရှက်ကြောက်​ရ​မည်​ကို မ​သိ​ကြ​။ ထို့ကြောင့် အခြား​သူ​တို့​လဲကျ​ရာ​သို့ သူ​တို့​လည်း လဲကျ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​သောအခါ ပြိုလဲ​သွား​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 13ထာဝရဘုရား​က “​ငါ​သည် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​မည်​။ စပျစ်ပင်​၌ စပျစ်သီး​မကျန်​။ သဖန်းပင်​၌ သဖန်းသီး​မကျန်​။ အရွက်​လည်း ညှိုးနွမ်း​သွား​လိမ့်မည်​။ သူ​တို့​အား ငါ​ပေး​သော​အရာ​များ​ကို သူ​တို့​လက်လွတ်ဆုံးရှုံး​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
နောင်တမရသောဘုရားသခင်၏လူမျိုးတော်
14ငါ​တို့ အဘယ်ကြောင့်​ထိုင်​နေ​ကြ​သနည်း​။ အတူတကွ​စုဝေး​လျက် ခံတပ်​မြို့​များ​ထဲသို့​ဝင်​၍ သေကျေပျက်စီး​ကြ​ကုန်​စို့​။ ထာဝရဘုရား​ကို ငါ​တို့​ပြစ်မှား​ကြ​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို သေကျေပျက်စီး​စေ​တော်မူ​ပြီ​။ အဆိပ်​ရေ​ကို​သောက်​စေ​တော်မူ​ပြီ​။ 15ငြိမ်းချမ်းမှု​ကို​စောင့်မျှော်​သော်လည်း အကျိုး​ကို​မ​ခံစား​ရ​ပါ​။ ကုသ​ရာ​ကာလ​ကို​စောင့်မျှော်​သော်လည်း ကြောက်လန့်စရာ​နှင့်​သာ​ကြုံ​ရ​ပါ​၏​။ 16ဒန်​ပြည်​မှ မြင်း​နှာမှုတ်သံ​ကို​ကြား​ရ​၏​။ စစ်မြင်း​တို့​၏​ဟီ​သံ​ကြောင့် တစ်ပြည်လုံး​တုန်ခါ​လေ​၏​။ ရန်သူ​တို့​သည် ရောက်လာ​၍ ပြည်​နှင့်​ပြည်​ထဲရှိ​အရာ​အားလုံး​တို့​ကို​လည်းကောင်း​၊ မြို့​နှင့်​မြို့သူမြို့သား​တို့​ကို​လည်းကောင်း ဝါးမျို​လေ​ပြီ​။ 17ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ရှိ​ရာ​သို့ မြွေ​များ​ကို​စေလွှတ်​မည်​။ အလမ္ပာယ်ဆရာ​မန်းမှုတ်​၍​မ​နိုင်​သည့်​မြွေပွေး​တို့​သည် သင်​တို့​ကို​ပေါက်သတ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
ယုဒအတွက် ဝမ်းနည်းပူဆွေးခြင်း
18ငါ​သည် ဖြေမဆည်​နိုင်​လောက်အောင် ဝမ်းနည်း​၏​။ ငါ့​စိတ်နှလုံး​သည် ညှိုးနွမ်း​လျက်​ရှိ​၏​။ 19“ဇိအုန်​မြို့​၌ ထာဝရဘုရား မ​ရှိ​သလော​။ ထို​မြို့​၌​ရှင်ဘုရင် မ​ရှိ​သလော ဟူ၍​ဝေးလံ​သော​ပြည်​မှ ငါ့​လူမျိုး​သမီးပျို​၏​အော်ဟစ်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တုဆင်းတု​များ​၊ တိုင်းတစ်ပါးသား​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့် သူ​တို့​သည် ငါ့​ကို အဘယ်ကြောင့် အမျက်ထွက်​စေ​ကြ​သနည်း​။” 20ရိတ်သိမ်း​ချိန်​ကျော်လွန်​ပြီ​။ နွေရာသီ​ကုန်ဆုံး​ပြီ​။ ငါ​တို့​မူကား ကယ်တင်​ခြင်း​မ​ခံရ​သေး​ပါတကား​။ 21ငါ့​လူမျိုး​သမီးပျို​ဒဏ်ရာ​ရ​သောကြောင့် ငါ​ကြေကွဲ​၏​၊ ငါ​ဝမ်းနည်းပူဆွေး​၏​၊ ထိတ်လန့်​ခြင်း​သည် ငါ့​ကို​ဖမ်းစား​လေ​ပြီ​။ 22ဂိလဒ်​ပြည်​၌ လိမ်းဆေး မ​ရှိ​သလော​၊ ဆေးဆရာ မ​ရှိ​သလော​။ ငါ့​လူမျိုး​၏​သမီးပျို​သည် အဘယ်ကြောင့် အနာ​မ​ပျောက်​ရ​သနည်း​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ