ယေဇကျေလအနာဂတ္တိကျမ်း 19
19
အစ္စရေးခေါင်းဆောင်တို့နှင့်ပတ်သက်၍ ငိုချင်းဖွဲ့ဆိုခြင်း
1အစ္စရေးခေါင်းဆောင်တို့နှင့်ဆိုင်သော ငိုချင်းကို ဖွဲ့ဆိုလော့။ 2‘သင့်မိခင်ကား မည်သို့သောသူနည်း။ ခြင်္သေ့ပျိုတို့နှင့်အတူနေထိုင်၍ သားပေါက်တို့ကိုကျွေးမွေးသောခြင်္သေ့မ၊ ခြင်္သေ့များကြားမှ ခြင်္သေ့မဖြစ်သည်မဟုတ်လော။ 3သူကျွေးမွေးသောသားပေါက်တို့ထဲမှ တစ်ကောင်သည် သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာ၍ သားကောင်ကိုကိုက်ဖြတ်ရန် သင်ယူ၍ လူတို့ကိုပင် ကိုက်စားဝါးမျိုတတ်လာ၏။ 4သူ့အကြောင်းကိုကြားသော လူမျိုးခြားတို့သည် သူ့ကိုတွင်းနှင့်ထောင်ဖမ်းပြီး ကြိုးကွင်းစွပ်၍ အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။ 5မျှော်လင့်စောင့်စားခဲ့သောအရာ ပျက်စီးသွားကြောင်း ခြင်္သေ့မ သိမြင်သောအခါ သားပေါက်ထဲမှတစ်ကောင်ကို ရွေးယူ၍ သန်စွမ်းသောခြင်္သေ့ပျိုဖြစ်အောင် ကျွေးမွေးပြန်၏။ 6ထိုသားပေါက်သည် ခြင်္သေ့များကြားတွင် သွားလာနေထိုင်ရင်း သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာပြီး သားကောင်ကိုကိုက်ဖြတ်စားသောက်သောအတတ်ကို သင်ယူ၍ လူကိုပါ ကိုက်စားဝါးမျိုတတ်လာ၏။ 7လူတို့၏ခံတပ်တို့ကိုဖြိုဖျက်၍ မြို့တို့ကို တိတ်ဆိတ်ခြောက်ကပ်စေ၏။ သူ၏ဟိန်းဟောက်သံကြောင့် တစ်ပြည်လုံး တုန်လှုပ်ချောက်ချားကုန်၏။ 8ထိုအခါ ဝန်းကျင်ရှိတိုင်းနိုင်ငံများမှ လူမျိုးတို့သည် သူ့ကိုလာတိုက်ခိုက်ကြ၏။ သူ့ကိုပိုက်ကွန်နှင့်အုပ်၏။ သူသည် ထောင်ချောက်တွင်းထဲသို့ ကျလေပြီ။ 9သူ့ကိုကြိုးကွင်းစွပ်လျက် လှောင်အိမ်ထဲထည့်ကာ ဘေဘီလုံဘုရင်ထံသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထား၏။ ထို့ကြောင့် အစ္စရေးတောင်များပေါ်တွင် သူ၏ဟိန်းဟောက်သံကို မကြားရတော့ပေ။ 10သင့်မိခင်သည် သင်နှင့်သွေးသားတူ၍ စပျစ်ပင်ကဲ့သို့ဖြစ်၏။ ရေစပ်၌စိုက်ထားသည်ဖြစ်၍ ရေဝသောကြောင့် အသီးများ၊ အကိုင်းအခက်များဖြင့် ဝေဆာ၏။ 11အကိုင်းအခက်များ သန်မာသောကြောင့် ရာဇလှံတံအဖြစ်ပင် အသုံးပြုနိုင်၏။ ကြီးထွားမြင့်မားပြီး အကိုင်းအခက်များလည်း များစွာဖြာထွက်၏။ ပင်မြင့်ဖြစ်၍ အပင်တကာတို့ကြားတွင် ထီးထီးကြီးမြင်တွေ့နိုင်၏။ 12သို့သော် ထိုစပျစ်ပင်သည် ဒေါသတကြီး ဆွဲနုတ်ခံရ၏။ မြေပေါ်၌ ပစ်ထားခံရ၏။ အရှေ့လေတိုက်သောအခါ သူ၏အသီးတို့သည် ခြောက်သွေ့ကုန်၏။ သန်မာသောအကိုင်းအခက်တို့သည် ကျိုးပဲ့၍ခြောက်သွားပြီး မီးရှို့ခံရလေ၏။ 13ယခုမူကား ထိုစပျစ်ပင်ကို ရေမရှိ၊ ခြောက်သွေ့သောကန္တာရမြေ၌ စိုက်ပျိုးထား၏။ 14အကိုင်းတစ်ကိုင်းမှ မီးထွက်လာ၍ အသီးတို့ကို လောင်ကျွမ်းလေ၏။ ထို့ကြောင့် ရာဇလှံတံအဖြစ် အသုံးပြုနိုင်သည့် သန်မာသောအကိုင်းအခက်တစ်ခုမျှမရှိတော့ပေဟု သီဆိုလော့။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်းတစ်ပုဒ်ပေတည်း’ဟူ၍ မြွက်ဆိုလော့”ဟု မိန့်ဆို၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 19: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative