YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 20

20
အစ္စရေးလူမျိုးတို့၏ပုန်ကန်မှု
1သတ္တမ​နှစ်​၊ ပဉ္စမ​လ​၊ ဆယ်​ရက်​နေ့​၌ အစ္စရေး​တို့​၏​သက်ကြီးဝါကြီး​အချို့​တို့​သည် ထာဝရဘုရား​ထံ မေးလျှောက်​ရန် ရောက်လာ​ပြီး ငါ​ရှေ့​၌​ထိုင်​နေ​ကြ​စဉ် 2ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 3“​အချင်း​လူသား​၊ အစ္စရေး​သက်ကြီးဝါကြီး​တို့​အား ‘​ဘုရားရှင်​ထာဝရဘုရား​က ငါ့​ထံ​မေးလျှောက်​ရန် သင်​တို့​လာ​ကြ​သလော​။ စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​တို့​ကို မေးလျှောက်​ခွင့်​မ​ပြု​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။
4အချင်း​လူသား​၊ သင်​စီရင်​လော့​။ သူ​တို့​ကို သင်​စီရင်​လော့​။ သူ​တို့​ဘိုးဘေး​တို့​ပြု​ခဲ့​သည့် စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို သူ​တို့​အား ပြောပြ​လော့​။ 5ဘုရားရှင်​ထာဝရဘုရား​က ဤသို့​မိန့်​တော်မူ​ကြောင်း သူ​တို့​အား ဆင့်ဆို​လော့​။ အစ္စရေး​လူမျိုး​ကို ငါ​ရွေးချယ်​သော​နေ့​တွင် ငါ​သည် ယာကုပ်​အမျိုး​၏​သားစဉ်မြေးဆက်​အား ကတိသစ္စာ​ပြု#20:5 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့လက်ကိုမြှောက်”။​ခဲ့​၏​။ အီဂျစ်​ပြည်​၌ ငါ​မည်သူ​ဖြစ်ကြောင်း သူ​တို့​ကို သိ​စေ​ခဲ့​၏​။ ‘ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု သူ​တို့​အား ကတိသစ္စာ​ပြု​ခဲ့​၏​။ 6ထို​နေ့​တွင်ပင် သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ပြည်​တကာ​တို့​ထက် သာယာဝပြော​သော​ပြည်​၊ သူ​တို့​အဖို့ ရွေးချယ်​ထား​သော ‘နို့​နှင့်​ပျားရည်​စီး​သော​ပြည်’​သို့ ပို့ဆောင်​ပေး​မည်​ဟု ကတိသစ္စာ​ပြု​ခဲ့​၏​။ 7ငါ​သည် သူ​တို့​အား ‘သင်​တို့​ကိုးစား​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ကို စွန့်ပစ်​လော့​။ အီဂျစ်​ရုပ်တု​များ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု မိန့်ဆို​ခဲ့​၏​။
8သို့သော် သူ​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​၊ ငါ့​ကို​ပုန်ကန်​ကြ​၏​။ သူ​တို့​ကိုးစား​သော​ရွံရှာဖွယ်​ရာ​များ​ကို သူ​တို့​မ​ဖယ်ရှား​၊ အီဂျစ်​ရုပ်တု​တို့​ကို​လည်း မ​စွန့်ပစ်​ကြ​။ ထို့ကြောင့် ‘ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​မည်​။ အီဂျစ်​ပြည်​တွင် သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​’​ဟု ငါ​မိန့်ဆို​ခဲ့​၏​။ 9သို့သော် သူ​တို့​နေထိုင်​ရာ​လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို လူမျိုးခြား​တို့​အား သိ​စေ​ခဲ့​၏​။
10သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​ခဲ့​၏​။ 11‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို သူ​တို့​အား ချမှတ်​ပေး​၍ စီရင်ထုံးဖွဲ့ချက်​တို့​ကို သိ​စေ​ခဲ့​၏​။ 12ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​သန့်ရှင်း​စေ​သော​ဘုရား​ဖြစ်ကြောင်း သူ​တို့​သိရှိ​ရန် အမှတ်လက္ခဏာ​အဖြစ် ဥပုသ်နေ့​ကို သတ်မှတ်​ပေး​ခဲ့​၏​။
13သို့သော် အစ္စရေး​အမျိုး​သည် တောကန္တာရ​တွင် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​ကြ​၏​။ ဥပုသ်နေ့​ကို​လည်း အလွန်​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​၍ သူ​တို့​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။ 14သို့သော် သူ​တို့​အား ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မြင်တွေ့​သော​လူမျိုးခြား​တို့​ရှေ့​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ 15ပြည်​တကာ​တို့​ထက် သာယာဝပြော​သော​ပြည်​ဖြစ်၍ ‘နို့​နှင့်​ပျားရည်​စီး​သော​ပြည်’ ဖြစ်​သည့် သူ​တို့​အား​ငါ​ပေး​သော​ပြည်​သို့ သူ​တို့​ကို မ​ပို့ဆောင်​တော့​ဟု တောကန္တာရ​တွင် ငါ​ကျိန်ဆို​ခဲ့​၏​။ 16သူ​တို့​သည် ရုပ်တု​များ​နောက်သို့ စိတ်ပါ​သွား​ကြ​သောကြောင့် ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​၍ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။ 17သို့သော် သူ​တို့​ကို ငါ​သနား​၏​။ တောကန္တာရ​တွင် မ​ဖျက်ဆီး​ခဲ့​။ အဆုံး​မ​စီရင်​ခဲ့​။
18တောကန္တာရ​၌ သူ​တို့​၏​သားသမီး​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ကျင့်ထုံး​တို့​ကို မ​လိုက်နာ​ကြ​နှင့်​။ သူ​တို့​၏​ဓလေ့ထုံးတမ်း​တို့​ကို မ​စောင့်ထိန်း​ကြ​နှင့်​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့်​လည်း ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ကြ​နှင့်​။ 19ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်လျှောက်​ကြ​လော့​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ကြ​လော့​။ 20ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​လော့​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​စေ​ဖို့ ဥပုသ်နေ့​သည် ငါ​နှင့်​သင်​တို့​ကြား​တွင် အမှတ်လက္ခဏာ​ဖြစ်​၏’​ဟု ငါ​ဆို​ခဲ့​၏​။
21သို့သော် သူ​တို့​၏​သားသမီး​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​ကြ​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​။ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ​၏​ဒေါသ​ကို သူ​တို့​အပေါ်​သို့​သွန်ချ​၍ သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။ 22သို့သော် သူ​တို့​အား ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မြင်တွေ့​သော လူမျိုးခြား​တို့​ရှေ့​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ သူ​တို့​ကို ငါ​မ​ဆုံးမ​ခဲ့​။ 23ထို့ပြင် ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​အလယ်​၊ အရပ်ရပ်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​မည်​ဟု တောကန္တာရ​၌ သူ​တို့​အား ကျိန်ဆို​ခဲ့​၏​။ 24အကြောင်းမူကား သူ​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​မ​လိုက်လျှောက်​၊ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​ငြင်းပယ်​၍ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​သည့်​အပြင် ဘိုးဘေး​တို့​၏​ရုပ်တု​များ​နောက်သို့ လိုက်ပါ​သွား​ကြ​၏​။ 25ထို့ကြောင့် ငါ​သည်​လည်း သူ​တို့​အား မဟုတ်မမှန်​သော​ကျင့်ထုံး​များ​၊ အသက်​တည်​ရာ​မ​ဟုတ်​သော ဓလေ့ထုံးတမ်း​များ​နောက်​သို့ လိုက်​ခွင့်​ပေး​လိုက်​၏​။ 26သူ​တို့​၏​ပူဇော်သက္ကာ​ဖြစ်​သည့် သားဦး​တိုင်း​ကို မီးရှို့​ပူဇော်​ခြင်း​ဖြင့် ငါ​သည် သူ​တို့​ကို ညစ်ညူး​စေ​၍ သူ​တို့​ကို ငါ​ဖျက်ဆီး​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​မည်​။
27ထို့ကြောင့် အချင်း​လူသား​၊ သင်​သည် အစ္စရေး​အမျိုးအနွယ်​အား ‘​ဘုရားရှင်​ထာဝရဘုရား​က သင်​တို့​၏​ဘိုးဘေး​တို့​သည် ဤနည်းဖြင့် ဖောက်ပြန်မှားယွင်း​၍ ငါ့​အား​စော်ကားပြောဆို​ကြ​ပြီ​။ 28သူ​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ထို​ပြည်​သို့ ငါ​ခေါ်ဆောင်​လာ​သောအခါ သူ​တို့​သည် ကုန်းမြင့်​များ​၊ စိမ်းလန်း​သော​သစ်ပင်​များ​ကို မြင်​လျှင် ထို​နေရာ​တို့​၌ ယဇ်ပူဇော်​၍ ငါ့​အမျက်​ကို​နှိုးဆော်​သော ပူဇော်သက္ကာ​ကို ပူဇော်​ကြ​၏​။ မွှေးကြိုင်​သော​နံ့သာပေါင်း​ကို​လည်း တင်လှူ​၍ သွန်းလောင်းရာပူဇော်သက္ကာ​ကို​လည်း သွန်းလောင်း​ပူဇော်​ကြ​၏​။ 29ထို့ကြောင့် သင်​တို့​သွား​လေ့​ရှိ​သော​ကုန်းမြင့်​အရပ်​ကား မည်သို့နည်း​ဟူ၍​ပင် သူ​တို့​ကို ငါ​မေးယူ​ရ​၏​။ ယနေ့​တိုင်အောင် ထို​အရပ်​ကို ဗာမာ#20:29 “မြင့်ရာအရပ်”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု အမည်​ခေါ်တွင်​လျက်​ရှိ​၏​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။
30ထို့ကြောင့် အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် ဘိုးဘေး​တို့​၏​အပြုအမူ​အကျင့်အကြံ​အတိုင်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူး​စေ​ကြ​သလော​။ သူ​တို့​ပြု​သော ရွံရှာဖွယ်​ရာ​နောက်သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​ကြ​သလော’​ဟု မိန့်​တော်မူ​၏​။ 31ဘုရားရှင်​ထာဝရဘုရား​က ‘အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​သည် ယနေ့​တိုင်အောင် ပူဇော်သက္ကာ​များ​အဖြစ် ကိုယ့်​သား​တို့​ကို မီးရှို့​ပူဇော်​လျက်​၊ ရုပ်တု​ရှိသမျှ​တို့​နောက်​သို့​လိုက်​၍ ကိုယ်ကို​ညစ်ညူး​စေ​လျက်​နှင့်​ပင် သင်​တို့​မေးလျှောက်​သည်​ကို ငါ​ခွင့်ပြု​ရ​မည်လော​။ စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​တို့​ကို ငါ့​ထံ​မေးလျှောက်​ခွင့်​မ​ပေး​။
အစ္စရေးအမျိုးအနွယ်တို့ကို ပြန်လည်စုစည်းခြင်း
32လူမျိုးခြား​တို့​ကဲ့သို့​၊ တိုင်းတစ်ပါးသား​တို့​ကဲ့သို့ သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို ကိုးကွယ်​မည်​ဟု ကြံစည်​သော​သင်​တို့​အကြံ​သည် မည်သည့်​အခါ​မျှ ဖြစ်လာ​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။ 33ဘုရားရှင်​ထာဝရဘုရား​က ‘စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ လက်ရုံး​တော်​ကို​ဆန့်​လျက် တန်ခိုးကြီး​သော​လက်​တော်​၊ ပြင်းထန်​သော​အမျက်​တော်​ဖြင့် သင်​တို့​ကို အုပ်စိုး​မည်​။ 34ငါ​သည် အမျက်​တော်​ကို​သွန်ချ​၍ လက်ရုံး​တော်​ကို​ဆန့်​လျက် တန်ခိုးကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို လူမျိုး​တကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​၊ သင်​တို့​ကွဲလွင့်​ရာ​အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​မည်​။ 35သင်​တို့​ကို လူမျိုးတကာ​တို့​နေရာ တောကန္တာရ​သို့ ခေါ်ဆောင်​သွား​ပြီး ထို​နေရာ​တွင် သင်​တို့​ကို မျက်နှာချင်းဆိုင် စီရင်​မည်​။ 36ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​တောကန္တာရ​တွင် စီရင်​ခဲ့​သကဲ့သို့ သင်​တို့​ကို စီရင်​မည်’​ဟု မိန့်​တော်မူ​၏​။ 37ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​ကို ကြိမ်လုံး​အောက်​မှ ဖြတ်သွား​စေ​မည်​၊ ပဋိညာဉ်​ကြိုး​ဖြင့် ချည်နှောင်​မည်​။ 38ငါ့​ကို ပုန်ကန်​သော​သူ​၊ ပြစ်မှား​သော​သူ​တို့​ကို ငါ​သုတ်သင်​ပစ်​မည်​။ သူ​တို့​ကို တည်းခိုနေထိုင်​ရ​သော​ပြည်​မှ​ထုတ်ဆောင်​လာ​မည်​ဖြစ်​သော်လည်း အစ္စရေး​ပြည်​ထဲသို့ သူ​တို့​ဝင်​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​မည်’​ဟု မိန့်​တော်မူ​၏​။
39အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ဘုရားရှင်​ထာဝရဘုရား​က ‘သွား​ကြ​၊ ကိုယ့်​ရုပ်တု​ကို ကိုယ်​ကိုးကွယ်​ကြ​လော့​။ နောက်​မှ ရုပ်တု​များ​ကို ပူဇော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို မ​ရှုတ်ချ​တော့​ဘဲ ငါ့​စကား​ကို နားထောင်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 40ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​၏​သန့်ရှင်း​သော​တောင်​၊ မြင့်မား​သော​အစ္စရေး​တောင်​ပေါ်တွင် တစ်ပြည်လုံး​ရှိ​အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ငါ့​ကို ဝတ်ပြု​ကြ​လိမ့်မည်​။ ထို​အရပ်​၌ သူ​တို့​ကို ငါ​လက်ခံ​မည်​။ လှူဖွယ်ဝတ္ထု​များ​၊ အသီးဦး​ပူဇော်သက္ကာ​များ​နှင့်တကွ သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ကို ငါ​တောင်းဆို​မည်​။ 41သင်​တို့​ကို လူမျိုး​တကာ​တို့​ထံမှ ထုတ်ဆောင်​လာ​၍ ကွဲလွင့်​ရာ​အရပ်ရပ်​မှ ပြန်လည်​စုစည်း​သောအခါ ငါ​သည် သင်​တို့​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် လက်ခံ​မည်​။ ငါ​သည် သန့်ရှင်း​သော​ဘုရား​ဖြစ်ကြောင်း​ကို လူမျိုးခြား​တို့​ရှေ့​တွင် ငါ​ထင်ရှား​ပြ​မည်​။ 42သင်​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း အစ္စရေး​ပြည်​သို့ သင်​တို့​ကို ခေါ်ဆောင်​လာ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ 43ကိုယ့်ကိုယ်ကိုယ် ညစ်ညူး​စေ​ခဲ့​သော သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ထို​ပြည်​တွင် ပြန်လည်​သတိရ​၍ သင်​တို့​ပြု​ခဲ့​သော​မကောင်းမှု​များ​ကြောင့် သင်​တို့​ကိုယ်​သင်​တို့ စက်ဆုပ်​ကြ​လိမ့်မည်​။ 44အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​၏​မကောင်း​သော​အပြုအမူ​၊ ဖောက်ပြန်​သော​အကျင့်အကြံ​များ​ကြောင့်​မ​ဟုတ်​ဘဲ ငါ့​နာမ​ကို​ထောက်​၍ သင်​တို့​ကို ငါ​စီရင်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
တောင်အရပ်မှမီး
45တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 46“​အချင်း​လူသား​၊ တောင်ဘက်​သို့ မျက်နှာမူ​ပြီး တောင်ဘက်​အရပ်​ကို ဆန့်ကျင်​ဟောပြော​လော့​။ တောင်ဘက်​ရှိ​တောအုပ်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။ 47တောင်ဘက်​ရှိ​တောအုပ်​အား ‘ထာဝရဘုရား​၏​စကား​ကို နားထောင်​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင့်​ကို မီးရှို့​သဖြင့် သင်​၌​ရှိ​သော​စိမ်းလန်း​သော​အပင်​၊ ခြောက်သွေ့​သော​အပင် ရှိသမျှ​တို့​ကို မီးလောင်ကျွမ်း​လိမ့်မည်​။ တောက်လောင်​သော​မီး​သည် မ​ငြိမ်း​ဘဲ တောင်ဘက်​မှ မြောက်ဘက်​တိုင်အောင် မြေ​တစ်ပြင်လုံး​ကို လောင်​လိမ့်မည်​။ 48ထို​မီး​ကို ငါ​ထာဝရဘုရား​ရှို့​ကြောင်း လူ​အပေါင်း​တို့ သိ​ရ​ကြ​လိမ့်မည်​။ ထို​မီး​သည် ငြိမ်း​လိမ့်မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။ 49ထိုအခါ ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ သူ​တို့​က အကျွန်ုပ်​အား ‘​ဤ​သူ​သည် ပုံဥပမာ ပြော​နေ​ပါ​သည်​’​ဟူ၍ ဆို​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ