YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 18

18
ကိုယ်ပြုသည့်အပြစ်အတွက် ကိုယ်သာခံရမည်
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အစ္စရေး​ပြည်​နှင့်​ပတ်သက်ပြီး ‘​ဖခင်​တို့​က ချဉ်​သော​စပျစ်သီး​ကို​စား​၍ သား​တို့​က သွား​ကျိန်း​၏​’​ဟု သင်​တို့​ပြောဆို​သော ဤ​စကားပုံ​ကား မည်သို့​နည်း​။ 3ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ ဤ​စကားပုံ​ကို အစ္စရေး​ပြည်​၌ နောက်တစ်ဖန် ပြောဆို​ရ​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။ 4‘ကြည့်ရှု​လော့​။ ဝိညာဉ်​မှန်သမျှ​ကို ငါ​ပိုင်​၏​။ ဖခင်​၏​ဝိညာဉ်​ကို​ငါ​ပိုင်​သကဲ့သို့ သား​၏​ဝိညာဉ်​ကို​လည်း ငါ​ပိုင်​၏​။ အပြစ်ပြု​သော​ဝိညာဉ်​သည် သေ​ရ​မည်​။
5ဖခင်​သည် ဖြောင့်မတ်​၍ မျှတ​မှန်ကန်​သော​အမှု​ကို​ပြု​လျှင်​၊ 6တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊ ဓမ္မတာလာ​သော​မိန်းမ​ထံ မ​ချဉ်းကပ်​၊ 7မည်သူ့​ကို​မျှ​နိုင်ထက်စီးနင်း​မ​ပြု​၊ ကြွေးယူ​သူ​ပေါင်​ထား​သော​ပစ္စည်း​ကို ပြန်ပေး​၍ သူတစ်ပါး​ဥစ္စာ​ကို မတရား​မ​ယူ​၊ ဆာလောင်မွတ်သိပ်​သော​သူ​အား စားစရာ​ကို​ပေး​၍ အဝတ်အချည်းစည်း​ဖြစ်​သော​သူ​အား ဝတ်စရာ​ကို​ပေး​လျှင်​၊ 8အတိုး​ဖြင့်​မ​ချေးငှား​၊ အမြတ်​မ​ယူ​၊ မတရားမှု​ကို​ရှောင်ကြဉ်​လျက် အမှု​ဖြစ်ပွား​သော​လူ​နှစ်​ဦး​ကြားတွင် မျှတစွာ​စီရင်​လျှင်​၊ 9ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​လိုက်လျှောက်​ပြီး စီရင်ထုံးဖွဲ့ချက်​တို့​ကို သစ္စာရှိ​စွာ​စောင့်ထိန်း​လျက် ဖြောင့်မတ်​သော​သူ​ဖြစ်လျှင် သူ​သည် အမှန်ပင်​အသက်ချမ်းသာ​ရာ​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
10‘သို့သော် ထို​ဖခင်​၏​သား​သည် မိမိ​ညီအစ်ကို​အပေါ် ကြမ်းကြုတ်​သော​အမှု​၊ လူသတ်​သော​အမှု စသည့်​အမှု​တို့​ကို ပြု​သည်​သာမက 11ဖခင်​မ​ပြု​ခဲ့​သော​အမှု​များ​ဖြစ်​သည့် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို​စား​ခြင်း​၊ အိမ်နီးချင်း​၏​မယား​ကို​ပြစ်မှား​ခြင်း​၊ 12ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ခြင်း​၊ သူတစ်ပါး​ဥစ္စာ​ကို မတရားယူ​၍ အပေါင်ပစ္စည်း​ကို​ပြန်​မ​ပေး​ခြင်း​၊ ရုပ်တု​တို့​ကို​ကိုးကွယ်​ခြင်း​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို​ပြု​ခြင်း​၊ 13အတိုး​ဖြင့်​ချေးငှား​၍​အမြတ်​ယူ​ခြင်း စသည့် အမှု​တစ်စုံတစ်ခု​ကို​ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်​။ ထိုသို့သော​စက်ဆုပ်ရွံရှာဖွယ်​ဟူသမျှ​တို့​ကို​ပြု​သောကြောင့် သူ​သည် မုချ​သေ​ရ​မည်​။ သူ​၏​သွေး​သည် သူ့​အပေါ်​ကျရောက်​မည်​။
14သို့သော် ထို​ဖခင်​၏​သား​သည် မိမိ​ဖခင်​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကို​မြင်​၏​။ သူ​သည် ဆင်ခြင်​၍ ထိုသို့သော​အမှု​တို့​ကို​မ​ပြု​။ 15သူ​သည် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊ 16မည်သူ့​ကို​မျှ​နိုင်ထက်စီးနင်း​မ​ပြု​၊ အပေါင်ပစ္စည်း​ကို လက်​မ​ခံ​၊ သူတစ်ပါး​ဥစ္စာ​ကို မတရား​မ​ယူ​၊ ဆာလောင်မွတ်သိပ်​သော​သူ​အား စားစရာ​ကို​ပေး​၍ အဝတ်အချည်းစည်း​ဖြစ်​သော​သူ​အား ဝတ်စရာ​ကို​ပေး​လျှင်​၊ 17ဆင်းရဲသား​ကို​မဖိနှိပ်​၊ သူ​တို့​ထံမှ အတိုး​အမြတ်​မ​ယူ​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​၍ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​လိုက်လျှောက်​လျှင် သူ​သည် မိမိ​ဖခင်​၏​အပြစ်​ကြောင့် သေ​ရ​မည်​မ​ဟုတ်​။ အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။
18သူ​၏​ဖခင်​သည် ညီအစ်ကို​တို့​ကို ရက်ရက်စက်စက်​နှိပ်စက်​၍ သူ​တို့​၏​ဥစ္စာ​ကို မတရား​လုယူ​ပြီး မိမိ​လူမျိုး​တို့​တွင် မ​ကောင်း​သော​အမှု​ကို​ပြုကျင့်​သောကြောင့် ကြည့်ရှု​လော့​။ သူ​သည် မိမိ​အပြစ်​အတွက်​သေ​ရ​လိမ့်မည်​။ 19သို့သော် သင်​တို့​က ဖခင်​၏​အပြစ်​အတွက် သား​သည် အဘယ်ကြောင့်​မ​ခံရ​သနည်း​ဟူ၍ မေး​ကြ​၏​။ သား​သည် တရားမျှတ​၍​ဖြောင့်မတ်​သော​အမှု​ကို​ပြု​လျက် ငါ​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် သူ​သည် အမှန်ပင်​အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။ 20အပြစ်ပြု​သော​ဝိညာဉ်​သည် သေ​ရ​မည်​။ သား​သည် ဖခင်​၏​အပြစ်​အတွက် ခံရ​မည်​မ​ဟုတ်​။ ဖခင်​သည်​လည်း သား​၏​အပြစ်​အတွက် ခံရ​မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​သည် သူ​၏​ဖြောင့်မတ်​ခြင်း​အကျိုး​ကို ခံစား​ရ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​သည် သူ​၏​ဆိုးယုတ်​ခြင်း​အကျိုး​ကို ခံရ​လိမ့်မည်​။
21သို့သော် ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​ခဲ့​သော​အပြစ်​ရှိသမျှ​တို့​ကို စွန့်လွှတ်​လျှင်​၊ ငါ​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​လျှင်​၊ တရားမျှတ​၍ ဖြောင့်မတ်​သော​အမှု​တို့​ကို​ပြု​လျှင် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။ 22သူ​ကျူးလွန်​ခဲ့​သော​အပြစ်​များ​ကို မှတ်ထား​မည်​မ​ဟုတ်​။ ဖြောင့်မတ်​စွာ​ပြုကျင့်​သောကြောင့် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်​။ 23ဆိုးယုတ်​သော​သူ​သေ​သွား​သည်​ကို ငါ​ဝမ်းသာအားရ​မည်​ဟု သင်​တို့​ထင်​သလော​။ သူ​တို့​လျှောက်​သော​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရာ​ရ​သည်​ကို ငါ​အလိုရှိ​သည်​မ​ဟုတ်​လော’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 24‘ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ရာ​လမ်း​မှ​လွဲ​၍ ဆိုးယုတ်​သော​သူ​တို့​ကဲ့သို့ မတရားမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်လော​။ သူ​ပြု​ခဲ့​သော​ဖြောင့်မတ်​ခြင်း​အမှု​တို့​ကို အမှတ်ရ​မည်​မ​ဟုတ်​။ သူ​သည် ဖောက်ပြန်​၍ အပြစ်ပြု​သောကြောင့် သေ​ရ​မည်​။
25သင်​တို့​က ဘုရားရှင်​၏​နည်းလမ်း​တော်​သည် မတရား​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုး​၊ နားထောင်​လော့​။ ငါ့​နည်းလမ်း​က မတရား​သလော​။ သင်​တို့​နည်းလမ်း​ကသာ မတရား​ဖြစ်​သည်​မ​ဟုတ်​လော​။ 26ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ခြင်း​လမ်း​မှ​လွဲ​၍ မကောင်းမှု​ကို​ပြု​လျှင် ထိုသို့​ပြု​သောကြောင့် သေ​ရ​မည်​။ စင်စစ် သူ​ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် သူ​သေ​ရ​မည်​။ 27ဆိုးယုတ်​သော​သူ​သည် ဆိုးယုတ်မှု​ကို​ပြု​ရာ​မှ ပြန်လှည့်​၍ ဖြောင့်မတ်​မှန်ကန်​သော​အမှု​ကို​ပြု​လျှင် သူ​သည် မိမိ​အသက်ဝိညာဉ်​ကို ကယ်တင်​ရာ​ရောက်​မည်​။ 28သူ​ကျူးလွန်​မိ​သော​အပြစ်​များ​ကို​သိမြင်​လာ​ပြီး နောင်တရ​သောကြောင့် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။ 29အစ္စရေး​အမျိုးအနွယ်​က ဘုရားရှင်​၏​နည်းလမ်း​တော်​သည် မတရား​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုး​၊ ငါ့​နည်းလမ်း​က မတရား​သလော​။ သင်​တို့​နည်းလမ်း​ကသာ မတရား​ဖြစ်​သည်​မ​ဟုတ်​လော​။
30သို့ဖြစ်၍ အို အစ္စရေး​အမျိုး​၊ သင်​တို့​နည်းလမ်း​အတိုင်း သင်​တို့​တစ်ဦးစီ​ကို ငါ​စီရင်​မည်​။ သင်​တို့ အပြစ်​ကျူးလွန်​ရာ​မှ နောင်တရ​၍ ပြန်လာ​လော့​။ သို့ပြုလျှင် သင်​တို့​ပြု​သော​အပြစ်​သည် သင်​တို့​အဖို့ ခလုတ်တံသင်း ဖြစ်​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 31‘သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို စွန့်​၍ စိတ်နှလုံး​အသစ်​၊ စိတ်သဘော​အသစ် ရှိ​ကြ​လော့​။ အို အစ္စရေး​အမျိုး​၊ အဘယ်ကြောင့် သင်​တို့​သေ​ရ​မည်နည်း​။ 32ငါ​သည် မည်သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​သေ​စေ​လို​။ ထို့ကြောင့် နောင်တရ​၍ အသက်ရှင်​သော​လမ်း​ကို ရွေး​လော့’#ယေဇ 33:11၊ ၂ပေ 3:9။​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။